YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 11:7-54

ရှင်ယောဟန်ခရစ်ဝင် 11:7-54 MSBU

ထို့နောက် တပည့်​တော်​တို့​အား“ယုဒ​နယ်​သို့ နောက်တစ်ဖန်​သွား​ကြ​စို့”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က “ရဗ္ဗိ၊ ဂျူး​လူမျိုး​တို့​သည် မကြာသေးမီ​က​ပင် ကိုယ်တော်​ကို​ခဲ​နှင့်​ပေါက်​သတ်​ရန် ရှာကြံ​နေ​ကြ​ပါလျက်နှင့် ထို​အရပ်​သို့ နောက်တစ်ဖန်​ကြွ​တော်မူ​မည်​လော”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“နေ့​အချိန်​သည် တစ်ဆယ့်နှစ်​နာရီ​ရှိ​သည်​မ​ဟုတ်​လော။ မည်သူမဆို နေ့​အချိန်​၌​သွားလာ​လျှင် ဤ​လောက​၏​အလင်း​ကို​မြင်​ရ​သောကြောင့် ခလုတ်​မ​တိုက်​မိ​တတ်။ သို့သော် ည​အချိန်​၌​သွားလာ​လျှင် သူ​၌​အလင်း​မ​ရှိ​သောကြောင့် ခလုတ်တိုက်​မိ​တတ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ပြီးနောက်“ငါ​တို့​၏​မိတ်ဆွေ​လာဇရု​သည် အိပ်ပျော်​လေ​ပြီ။ သို့ရာတွင် သူ့​ကို​နှိုး​ရန် ငါ​သွား​မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​က “သခင်​ဘုရား၊ သူ​အိပ်ပျော်​ပြီ​ဆိုလျှင် သက်သာ​ပါ​လိမ့်မည်”​ဟု လျှောက်​ကြ​၏။ ယေရှု​သည် လာဇရု​၏​သေဆုံး​ခြင်း​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သော်လည်း အနားယူ​အိပ်စက်​ခြင်း​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သည်​ဟု တပည့်​တော်​တို့​ထင်မှတ်​ကြ​၏။ ထို့ကြောင့် ယေရှု​သည် သူ​တို့​အား အတိအလင်း​ပြောဆို​၍“လာဇရု​သေ​ပြီ။ သို့သော် သင်​တို့​ယုံကြည်​ကြ​ရန် ထို​အရပ်​၌ ငါ​မ​ရှိ​ခဲ့​သည်​ကို သင်​တို့​အတွက် ငါ​ဝမ်းမြောက်​၏။ မည်သို့ပင်ဖြစ်စေ သူ့​ထံသို့​သွား​ကြ​စို့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ဒိဒုမု​ဟု​ခေါ်​သည့်​သောမ​က “ကိုယ်တော်​နှင့်အတူ​အသေခံ​ရန် ငါ​တို့​လည်း လိုက်သွား​ကြ​စို့”​ဟု အခြား​တပည့်​တော်​တို့​အား​ပြောဆို​၏။ ယေရှု​ရောက်​တော်မူ​သောအခါ လာဇရု​ကို ဂူသွင်း​သင်္ဂြိုဟ်​ပြီး လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်​ကြောင်း​ကို တွေ့ရှိ​တော်မူ​၏။ ဗေသနိ​ရွာ​သည် ဂျေရုဆလင်​မြို့​အနီး နှစ်​မိုင်​ခန့်​အကွာ​၌​ရှိ​သည်​ဖြစ်၍ များစွာ​သော​ဂျူး​လူမျိုး​တို့​သည် မာသ​နှင့်​မာရိ​တို့​ကို သူ​တို့​၏​မောင်​အတွက်​နှစ်သိမ့်​ရန် သူ​တို့​ထံသို့​ရောက်​နေ​ကြ​၏။ မာသ​သည် ယေရှု​ကြွလာ​တော်မူ​ကြောင်း​ကို​ကြား​သောအခါ ကိုယ်တော်​ကို​ဆီးကြို​လေ​၏။ မာရိ​မူကား အိမ်​၌ ထိုင်​လျက်​နေ​၏။ မာသ​က ယေရှု​အား “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ။ သို့သော် ဘုရားသခင်​ထံ ကိုယ်တော်​တောင်းလျှောက်​သမျှ​သော​အရာ​တို့​ကို ကိုယ်တော်​အား ဘုရားသခင်​ပေး​တော်မူ​မည်​ဖြစ်​ကြောင်း ယခု​လည်း ကျွန်မ​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သင်​၏​မောင်​သည် ထမြောက်​မည်”​ဟု မိန့်​တော်မူ​လျှင် မာသ​က “နောက်ဆုံး​သော​နေ့​တည်းဟူသော ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ သူ​ထမြောက်​မည်​ကို ကျွန်မ​သိ​ပါ​သည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ငါ​သည် ရှင်ပြန်​ထမြောက်​ခြင်း​ဖြစ်​၏။ အသက်​လည်း​ဖြစ်​၏။ ငါ့​ကို​ယုံကြည်​သော​သူ​သည် သေ​ခဲ့​လျှင်​ပင် အသက်ရှင်​လိမ့်မည်။ အသက်ရှင်​နေ​လျက် ငါ့​ကို​ယုံကြည်​သော​သူ​တိုင်း ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ​မ​သေ​ရ။ ဤ​အရာ​ကို သင်​ယုံကြည်​သလော”​ဟု မိန့်​တော်မူ​၏။ မာသ​က “ယုံကြည်​ပါ​၏ သခင်​ဘုရား။ ကိုယ်တော်​သည် ဤ​လောက​သို့​ကြွလာ​ရ​မည့် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဖြစ်​ကြောင်း​ကို ကျွန်မ​ယုံကြည်​ပါ​၏”​ဟု လျှောက်​ထား​လေ​၏။ ထိုသို့​လျှောက်ထား​ပြီးနောက် မာသ​သည် ပြန်​သွား​၍ မိမိ​၏​ညီမ မာရိ​ကို​ခေါ်​လျက် “ဆရာ​ရောက်လာ​ပြီး သင့်​ကို​ခေါ်​နေ​သည်”​ဟု တိတ်တဆိတ်​ပြော​လေ​၏။ မာရိ​သည် ထို​စကား​ကို​ကြား​သောအခါ အလျင်အမြန်​ထ​၍ ကိုယ်တော်​ထံသို့​သွား​လေ​၏။ ယေရှု​မူကား ရွာ​ထဲသို့​မ​ဝင်​သေး​ဘဲ သူ့​အား မာသ​ဆီးကြို​ခဲ့​သော​အရပ်​၌​ပင် ရှိ​တော်မူ​၏။ အိမ်​၌ မာရိ​နှင့်အတူ​ရှိ​၍ သူ့​ကို​နှစ်သိမ့်​နေ​သော​ဂျူး​လူမျိုး​တို့​သည် မာရိ​အလျင်အမြန်​ထ​၍ ထွက်သွား​သည်​ကို​မြင်​ကြ​လျှင် ငိုကြွေး​ရန် သင်္ချိုင်း​ဂူ​သို့​သွား​သည်​ဟု ထင်မှတ်​လျက် သူ့​နောက်​သို့​လိုက်​သွား​ကြ​၏။ မာရိ​သည် ယေရှု​ရှိ​တော်မူ​ရာ​အရပ်​သို့​ရောက်​၍ ကိုယ်တော်​ကို​မြင်​သောအခါ ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​လျက် “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​သည် မာရိ​ငိုကြွေး​နေ​သည်​ကို​လည်းကောင်း၊ လိုက်​လာ​သော​ဂျူး​လူမျိုး​တို့​သည်​လည်း ငိုကြွေး​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​တော်မူ​လျှင် စိတ်​တော်​ထဲတွင်​ညည်းတွား​လျက် ရင်​တွင်း​၌​မငြိမ်မသက်​ဖြစ်​ကာ “သူ့​ကို​အဘယ်မှာ​သင်္ဂြိုဟ်​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ သူ​တို့​က​လည်း “သခင်​ဘုရား၊ ကြွ​၍​ကြည့်ရှု​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ယေရှု​သည် မျက်ရည်​ကျ​တော်မူ​၏။ ထိုအခါ ဂျူး​လူမျိုး​တို့​က “ကြည့်​ပါ။ လာဇရု​ကို အလွန်​ချစ်ခင်​ပါ​သည်​တကား”​ဟု ဆို​ကြ​၏။ သို့သော် သူ​တို့​ထဲမှ​အချို့​တို့​က “မျက်မမြင်​ကို​မျက်စိ​မြင်​စေ​ခဲ့​သော ဤ​သူ​သည် လာဇရု​ကို​လည်း​မ​သေ​စေရန် မ​တတ်နိုင်​သလော”​ဟု ဆို​ကြ​၏။ ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ရင်​တွင်း​၌ ညည်းတွား​လျက် သင်္ချိုင်း​ဂူ​သို့​ကြွ​တော်မူ​၏။ ထို​သင်္ချိုင်းဂူ​သည် ကျောက်​လိုဏ်ဂူ​ဖြစ်​ပြီး အဝင်​ဝ​ကို ကျောက်တုံး​ဖြင့်​ပိတ်​ထား​၏။ ယေရှု​က“ကျောက်တုံး​ကို​ဖယ်ရှား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သေဆုံး​သော​သူ​၏​အစ်မ မာသ​က “သခင်​ဘုရား၊ လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်၍ ယခု​ဆို​လျှင် အနံ့​ထွက်​နေ​ပါ​လိမ့်မည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သင်​ယုံကြည်​လျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​မြင်​ရ​လိမ့်မည်​ဟူ၍ သင့်​အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် လူ​တို့​သည် ကျောက်တုံး​ကို​ဖယ်ရှား​ကြ​၏။ ထိုအခါ ယေရှု​သည် အထက်​သို့​မော်ကြည့်​လျက်“အို အဖ၊ အကျွန်ုပ်​တောင်းလျှောက်​သည်​ကို နားညောင်း​တော်မူ​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​ကို​ကျေးဇူးတင်​ပါ​၏။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဆုတောင်း​သံ​ကို အစဉ်​နားညောင်း​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​၏။ သို့ရာတွင် ဤသို့​တောင်းလျှောက်​ခြင်း​မှာ ဝိုင်းရံ​လျက်​ရှိ​သော​လူထု​ပရိသတ်​အတွက်​ဖြစ်​ပြီး အကျွန်ုပ်​ကို​ကိုယ်တော်​စေလွှတ်​တော်မူ​ကြောင်း သူ​တို့​ယုံကြည်​ကြ​စေရန်​အတွက်​ဖြစ်​ပါ​၏”​ဟု မြွက်ဆို​တော်မူ​၏။ ထိုသို့​မြွက်ဆို​တော်မူ​ပြီးနောက် ကျယ်လောင်​သော​အသံ​ဖြင့်“လာဇရု၊ ထွက်လာ​လော့”​ဟု ဟစ်ခေါ်​တော်မူ​၏။ ထိုအခါ သေလွန်​သော​သူ​သည် ခြေ​နှင့်​လက်​တို့​၌ ပိတ်စ​ဖြင့်​ပတ်စည်း​လျက် မျက်နှာ​ကို​လည်း ပဝါ​ဖြင့်​စည်း​ထား​သည့်​အတိုင်း ထွက်လာ​၏။ ယေရှု​က“သူ့​ကို ဖြေ​ပေး​၍ သွား​ခွင့်ပေး​ကြ​လော့”​ဟု လူ​တို့​အား မိန့်​တော်မူ​၏။ ထို့ကြောင့် မာရိ​ထံသို့​လာ​၍ ယေရှု​ပြု​တော်မူ​သော​အရာ​တို့​ကို​မြင်​ရ​သည့် များစွာ​သော​ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။ သို့သော် အချို့​တို့​သည် ဖာရိရှဲ​တို့​ထံသို့​သွား​၍ ယေရှု​ပြု​တော်မူ​သော​အရာ​တို့​ကို ပြောကြား​ကြ​၏။ ထိုအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​သည် တရားလွှတ်တော်​အဖွဲ့​ကို​စုဝေး​စေ​၍ “ထို​သူ​သည် များစွာ​သော​နိမိတ်​လက္ခဏာ​တို့​ကို ပြု​နေ​သည်​ဖြစ်၍ ငါ​တို့​မည်သို့​ပြု​ကြ​မည်နည်း။ ထို​သူ​ကို ဤအတိုင်း​လွှတ်​ထား​လျှင် လူ​အားလုံး​တို့​သည် သူ့​ကို​ယုံကြည်​ကြ​လိမ့်မည်။ ထိုအခါ ရောမ​လူမျိုး​တို့​သည်​လာ​၍ ငါ​တို့​၏​အရပ်​ဌာန​နှင့်တကွ ငါ​တို့​၏​လူမျိုး​ကို​ပါ သိမ်းယူ​ကြ​လိမ့်မည်”​ဟု ပြောဆို​ကြ​၏။ သို့ရာတွင် သူ​တို့​ထဲမှ​တစ်​ဦး​ဖြစ်ပြီး ထို​နှစ်​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သော ကယာဖ​က “သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​သိ​ကြ။ တစ်မျိုးသားလုံး​ပျက်စီး​သည်​ထက် လူ​တစ်​ဦး​က လူထု​ကိုယ်စား အသေခံ​ခြင်း​သည် သင်​တို့​အတွက် ပို၍​ကောင်း​သည်​ကို​လည်း သင်​တို့​မ​ဆင်ခြင်​ကြ​ပါ​တကား”​ဟု ဆို​၏။ သို့သော် ဤ​စကား​ကို မိမိ​ဆန္ဒ​အလျောက် သူ​ပြောဆို​သည်​မ​ဟုတ်။ သူ​သည် ထို​နှစ်​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သည်​နှင့်အညီ ယေရှု​သည် ထို​လူမျိုး​အတွက် အသေခံ​တော်မူ​မည်​ဖြစ်​ကြောင်း​နှင့် ထို​လူမျိုး​အတွက်​သာမက ကွဲလွင့်​နေ​သော ဘုရားသခင်​၏​သားသမီး​များ​ကို တစ်စုတစ်ဝေးတည်း​ဖြစ်​စေရန်​အတွက်​ပါ အသေခံ​တော်မူ​မည်​ဖြစ်​ကြောင်း ပရောဖက်ပြု​ဟောပြော​ခြင်း​ဖြစ်​၏။ ထို့ကြောင့် သူ​တို့​သည် ထို​နေ့​မှစ၍ ကိုယ်တော်​ကို​သတ်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။ သို့ဖြစ်၍ ယေရှု​သည် ဂျူး​လူမျိုး​တို့​ထဲတွင် ထင်ရှား​စွာ​မ​သွားလာ​တော့​ဘဲ ထို​အရပ်​မှ​ထွက်ခွာ​၍ တော​ကန္တာရ​နှင့်​နီး​သော​အရပ်​ဒေသ​၌​ရှိ​သည့် ဧဖရိမ်​ဟု​ခေါ်​သော​မြို့​သို့​ကြွ​ပြီးလျှင် တပည့်​တော်​တို့​နှင့်အတူ ထို​မြို့​၌​နေ​တော်မူ​၏။

ရှင်ယောဟန်ခရစ်ဝင် 11:7-54 အကြောင်း ဗီဒီယိုများ

​ရှင်ယောဟန်ခရစ်ဝင် 11:7-54 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။