YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 11:17-37

ရှင်ယောဟန်ခရစ်ဝင် 11:17-37 MSBU

ယေရှု​ရောက်​တော်မူ​သောအခါ လာဇရု​ကို ဂူသွင်း​သင်္ဂြိုဟ်​ပြီး လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်​ကြောင်း​ကို တွေ့ရှိ​တော်မူ​၏။ ဗေသနိ​ရွာ​သည် ဂျေရုဆလင်​မြို့​အနီး နှစ်​မိုင်​ခန့်​အကွာ​၌​ရှိ​သည်​ဖြစ်၍ များစွာ​သော​ဂျူး​လူမျိုး​တို့​သည် မာသ​နှင့်​မာရိ​တို့​ကို သူ​တို့​၏​မောင်​အတွက်​နှစ်သိမ့်​ရန် သူ​တို့​ထံသို့​ရောက်​နေ​ကြ​၏။ မာသ​သည် ယေရှု​ကြွလာ​တော်မူ​ကြောင်း​ကို​ကြား​သောအခါ ကိုယ်တော်​ကို​ဆီးကြို​လေ​၏။ မာရိ​မူကား အိမ်​၌ ထိုင်​လျက်​နေ​၏။ မာသ​က ယေရှု​အား “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ။ သို့သော် ဘုရားသခင်​ထံ ကိုယ်တော်​တောင်းလျှောက်​သမျှ​သော​အရာ​တို့​ကို ကိုယ်တော်​အား ဘုရားသခင်​ပေး​တော်မူ​မည်​ဖြစ်​ကြောင်း ယခု​လည်း ကျွန်မ​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သင်​၏​မောင်​သည် ထမြောက်​မည်”​ဟု မိန့်​တော်မူ​လျှင် မာသ​က “နောက်ဆုံး​သော​နေ့​တည်းဟူသော ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ သူ​ထမြောက်​မည်​ကို ကျွန်မ​သိ​ပါ​သည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ငါ​သည် ရှင်ပြန်​ထမြောက်​ခြင်း​ဖြစ်​၏။ အသက်​လည်း​ဖြစ်​၏။ ငါ့​ကို​ယုံကြည်​သော​သူ​သည် သေ​ခဲ့​လျှင်​ပင် အသက်ရှင်​လိမ့်မည်။ အသက်ရှင်​နေ​လျက် ငါ့​ကို​ယုံကြည်​သော​သူ​တိုင်း ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ​မ​သေ​ရ။ ဤ​အရာ​ကို သင်​ယုံကြည်​သလော”​ဟု မိန့်​တော်မူ​၏။ မာသ​က “ယုံကြည်​ပါ​၏ သခင်​ဘုရား။ ကိုယ်တော်​သည် ဤ​လောက​သို့​ကြွလာ​ရ​မည့် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဖြစ်​ကြောင်း​ကို ကျွန်မ​ယုံကြည်​ပါ​၏”​ဟု လျှောက်​ထား​လေ​၏။ ထိုသို့​လျှောက်ထား​ပြီးနောက် မာသ​သည် ပြန်​သွား​၍ မိမိ​၏​ညီမ မာရိ​ကို​ခေါ်​လျက် “ဆရာ​ရောက်လာ​ပြီး သင့်​ကို​ခေါ်​နေ​သည်”​ဟု တိတ်တဆိတ်​ပြော​လေ​၏။ မာရိ​သည် ထို​စကား​ကို​ကြား​သောအခါ အလျင်အမြန်​ထ​၍ ကိုယ်တော်​ထံသို့​သွား​လေ​၏။ ယေရှု​မူကား ရွာ​ထဲသို့​မ​ဝင်​သေး​ဘဲ သူ့​အား မာသ​ဆီးကြို​ခဲ့​သော​အရပ်​၌​ပင် ရှိ​တော်မူ​၏။ အိမ်​၌ မာရိ​နှင့်အတူ​ရှိ​၍ သူ့​ကို​နှစ်သိမ့်​နေ​သော​ဂျူး​လူမျိုး​တို့​သည် မာရိ​အလျင်အမြန်​ထ​၍ ထွက်သွား​သည်​ကို​မြင်​ကြ​လျှင် ငိုကြွေး​ရန် သင်္ချိုင်း​ဂူ​သို့​သွား​သည်​ဟု ထင်မှတ်​လျက် သူ့​နောက်​သို့​လိုက်​သွား​ကြ​၏။ မာရိ​သည် ယေရှု​ရှိ​တော်မူ​ရာ​အရပ်​သို့​ရောက်​၍ ကိုယ်တော်​ကို​မြင်​သောအခါ ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​လျက် “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​သည် မာရိ​ငိုကြွေး​နေ​သည်​ကို​လည်းကောင်း၊ လိုက်​လာ​သော​ဂျူး​လူမျိုး​တို့​သည်​လည်း ငိုကြွေး​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​တော်မူ​လျှင် စိတ်​တော်​ထဲတွင်​ညည်းတွား​လျက် ရင်​တွင်း​၌​မငြိမ်မသက်​ဖြစ်​ကာ “သူ့​ကို​အဘယ်မှာ​သင်္ဂြိုဟ်​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ သူ​တို့​က​လည်း “သခင်​ဘုရား၊ ကြွ​၍​ကြည့်ရှု​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ယေရှု​သည် မျက်ရည်​ကျ​တော်မူ​၏။ ထိုအခါ ဂျူး​လူမျိုး​တို့​က “ကြည့်​ပါ။ လာဇရု​ကို အလွန်​ချစ်ခင်​ပါ​သည်​တကား”​ဟု ဆို​ကြ​၏။ သို့သော် သူ​တို့​ထဲမှ​အချို့​တို့​က “မျက်မမြင်​ကို​မျက်စိ​မြင်​စေ​ခဲ့​သော ဤ​သူ​သည် လာဇရု​ကို​လည်း​မ​သေ​စေရန် မ​တတ်နိုင်​သလော”​ဟု ဆို​ကြ​၏။

​ရှင်ယောဟန်ခရစ်ဝင် 11:17-37 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။