ယေရမိအနာဂတ္တိကျမ်း 51
51
ဘေဘီလုံပြည်ကို ဘုရားသခင်တရားစီရင်ခြင်း
1ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ဘေဘီလုံမြို့၊ လက်ကမိုင်ပြည်သားတို့အပေါ်သို့ ဖျက်ဆီးခြင်းလေကို သင့်ရောက်စေမည်။ 2ဘေဘီလုံမြို့သို့ ခြွေလှေ့သူတို့ကို စေလွှတ်မည်။ သူတို့သည် ထိုမြို့ကို လှေ့၍ သုတ်သင်ရှင်းလင်းလိမ့်မည်။ ဘေးအန္တရာယ်ကျရောက်မည့်နေ့၌ အဘက်ဘက်မှတိုက်ခိုက်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ 3လေးသမားတို့ကို လေးတင်ရသောအခွင့်၊ သံချပ်အင်္ကျီ ဝတ်ဆင်ရသောအခွင့် မပေးကြနှင့်။ လူပျိုတို့ကို မနှမြောနှင့်။ စစ်သည်ဗိုလ်ပါအပေါင်းတို့ကို အကုန်အစင်ဖျက်ဆီးကြလော့။ 4သူတို့သည် အသတ်ခံရ၍ ခါလဒဲပြည်တွင် လဲကျကြလိမ့်မည်။ ထိုးသတ်ခံရ၍ လမ်းမများပေါ်တွင် လဲကျကြလိမ့်မည်။ 5အကြောင်းမူကား အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကို သူတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စွန့်ပစ်တော်မမူ။ ခါလဒဲပြည်ကား သန့်ရှင်းသောအရှင်ကို ပြစ်မှားသောအပြစ်နှင့်ပြည့်နှက်၏။ 6ဘေဘီလုံမြို့မှ ထွက်ပြေးကြ။ အသက်ဘေးလွတ်အောင် ပြေးကြ။ ထိုမြို့၏အပြစ်ကြောင့် အဖျက်ဆီးမခံကြနှင့်။ အကြောင်းမူကား ထာဝရဘုရားလက်တုံ့ပြန်ရာအချိန်ကျရောက်ပြီ။ ထိုမြို့ခံထိုက်သောအပြစ်ကို ပြန်ပေးဆပ်စေတော်မူမည်။ 7ဘေဘီလုံမြို့သည် ထာဝရဘုရား၏လက်တော်၌ကိုင်ထားသော ရွှေဖလားဖြစ်၏။ မြေတစ်ပြင်လုံးကို ယစ်မူးစေ၏။ လူမျိုးတကာတို့သည် ထိုဖလားမှစပျစ်ဝိုင်ကိုသောက်ကြသဖြင့် မူးရူးသောလူမျိုးများ ဖြစ်ကြလေပြီ။#ဗျာ 17:2။ 8ဘေဘီလုံမြို့ကြီး ရုတ်ခြည်းပြိုလဲပျက်စီးသွားပြီ။#ဗျာ 14:8၊ 18:2။ သူ့အတွက် ညည်းတွားငိုကြွေးကြလော့။ ဝေဒနာပျောက်ကောင်းပျောက်နိုင်မည်ဖြစ်၍ လိမ်းဆေးယူလာပေးကြလော့။ 9ငါတို့သည် ဘေဘီလုံမြို့ကို ကုသပေးသော်လည်း ကုသ၍မရ။ သူ့ကိုထားခဲ့ပြီး ကိုယ့်ပြည်ကိုယ်ပြန်ကြစို့။ အကြောင်းမူကား သူခံရသောစီရင်ခြင်းသည် မိုးထိတိုင် ရောက်လေပြီ။ မိုးတိမ်ထိတိုင် မြင့်လေပြီ။#ဗျာ 18:5။ 10ငါတို့ဖြောင့်မတ်ကြောင်း ထာဝရဘုရားပြသတော်မူပြီ။ လာကြ။ ငါတို့၏ဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုကို ဇိအုန်မြို့တွင် ပြောကြားကြစို့။ 11မြားတို့ကို ချွန်ထက်စေကြ။ ဒိုင်းလွှားတို့ကို ကိုင်စွဲကြ။ ထာဝရဘုရားသည် ဘေဘီလုံမြို့ကို ဖျက်ဆီးပစ်ရန် အကြံရှိတော်မူသည်ဖြစ်၍ မေဒိဘုရင်တို့၏စိတ်ကို နှိုးဆော်တော်မူပြီ။ ထာဝရဘုရား လက်တုံ့ပြန်တော်မူပြီ။ ဗိမာန်တော်အဖို့ လက်တုံ့ပြန်တော်မူပြီ။ 12ဘေဘီလုံမြို့ရိုးကိုဖြိုဖျက်ရန် အချက်ပြအလံကို လွှင့်ထူကြ။ အစောင့်များကို ကြပ်ကြပ်ချထားကြ။ ကင်းစောင့်တို့ကိုနေရာချထားကြ။ ကင်းပုန်းများကို ပြင်ဆင်ကြ။ အကြောင်းမူကား ထာဝရဘုရားသည် ဘေဘီလုံမြို့သားများနှင့်ပတ်သက်၍ မိန့်ဆိုထားခဲ့သည့်အတိုင်း ကြံစည်တော်မူမည်၊ ပြုတော်မူမည်။ 13မြစ်နား#51:13 တိုက်ရိုက်ပြန်ဆိုလျှင် “ရေများအနီး”။၌နေ၍ ဥစ္စာကြွယ်ဝသောမြို့၊ သင်၏မတရားအကျိုးစီးပွားရှာခြင်းများ အဆုံးသတ်မည့်အချိန်ရောက်လာပြီ။ 14ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အကယ်စင်စစ် သင့်နေရာသို့ ကျိုင်းကောင်ကဲ့သို့ လူအုပ်ကြီးကို ရောက်လာစေမည်။ သူတို့သည် စစ်အောင်သံကို ကြွေးကြော်ကြလိမ့်မည်”ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်၍ကျိန်ဆိုတော်မူပြီ။ 15ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူ၏။ ဉာဏ်ပညာအားဖြင့် ကမ္ဘာကြီးကို တည်တော်မူ၏။ ထိုးထွင်းဉာဏ်အားဖြင့် ကောင်းကင်ကို ဖြန့်ကြက်တော်မူ၏။ 16ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေတော်မူ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။ 17လူအပေါင်းတို့သည် အသိတရားကင်းမဲ့၏။ ပညာလည်းမရှိ။ ပန်းထိမ်သမားတို့သည်လည်း ရုပ်တုဆင်းတုအားဖြင့် အရှက်ကွဲကြလိမ့်မည်။ အကြောင်းမူကား သူတို့သွန်းလုပ်သောရုပ်တုသည် လှည့်စားခြင်းသာဖြစ်၏။ အသက်မရှိ။ 18ထိုအရာတို့သည် အချည်းနှီးသောအရာဖြစ်၏။ လှည့်စားတတ်သောအရာဖြစ်၏။ စစ်ကြောစီရင်ချိန်ရောက်လျှင် ပျက်စီးသွားရလိမ့်မည်။ 19ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ ယာကုပ်အမျိုးအနွယ်သည် ကိုယ်တော်၏အမွေတော်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ 20ထာဝရဘုရားက “သင်သည် ငါ့အဖို့ စစ်တင်းပုတ်၊ စစ်လက်နက်ဖြစ်၏။ ငါသည် သင့်အားဖြင့် လူမျိုးတကာတို့ကို တကွဲတပြားဖြစ်စေမည်။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးပစ်မည်။ 21သင့်အားဖြင့် မြင်းနှင့်မြင်းစီးသူရဲ၊ စစ်ရထားနှင့်စစ်ရထားစီးသူတို့ကို တကွဲတပြားဖြစ်စေမည်။ 22သင့်အားဖြင့် ယောက်ျားနှင့်မိန်းမ၊ လူကြီးနှင့်လူငယ်၊ လူပျိုနှင့်အပျိုတို့ကို တကွဲတပြားဖြစ်စေမည်။ 23သင့်အားဖြင့် သိုးထိန်းနှင့်သိုးစု၊ လယ်သမားနှင့်လယ်ထွန်နွား၊ ဘုရင်ခံနှင့်အုပ်ချုပ်သူတို့ကို တကွဲတပြားဖြစ်စေမည်။
24ဇိအုန်မြို့သူမြို့သားအပေါ် ဘေဘီလုံမြို့သူ ခါလဒဲပြည်သားတို့ကျူးလွန်ခဲ့သည့် လုပ်ရပ်အတိုင်း သူတို့ကို သင်တို့မျက်စိရှေ့တွင် ပြန်ပေးဆပ်စေမည်”ဟု မိန့်တော်မူ၏။ 25ထာဝရဘုရားက “အို ဖျက်ဆီးတတ်သောတောင်၊ မြေကြီးတစ်ပြင်လုံးကို ဖျက်ဆီးသောတောင်၊ ကြည့်ရှုလော့။ သင့်ကို ငါစီရင်မည်။ ငါသည် လက်ကိုဆန့်၍ သင့်ကို ချောက်ကမ်းပါးပေါ်မှ လှိမ့်ချပစ်မည်။ သင့်အား မီးကျွမ်းတောင်ဖြစ်စေမည်”ဟု မိန့်တော်မူ၏။ 26ထာဝရဘုရားက “ထောင့်ချုပ်ကျောက်၊ အုတ်မြစ်ကျောက်တစ်လုံးမျှ သင့်ထံမှ ရနိုင်တော့မည်မဟုတ်။ သင်သည် လူသူကင်းမဲ့ရာ အစဉ်ဖြစ်မည်”ဟု မိန့်တော်မူ၏။ 27ထိုပြည်၌ အချက်ပြအလံကိုလွှင့်ထူကြ။ လူမျိုးတကာတို့ကို တံပိုးမှုတ်သံပေးကြ။ ထိုပြည်ကိုတိုက်ခိုက်ရန် လူမျိုးတကာတို့ကို အသင့်ပြင်ဆင်စေကြ။ အာရရတ်၊ မိန္နိနှင့် အာရှကေနတ် စသော တိုင်းနိုင်ငံတို့ကို ဆင့်ခေါ်ကြ။ စစ်ဦးစီးကိုခန့်ထားကြ။ မြင်းတို့ကို ကျိုင်းကောင်အုပ်ကဲ့သို့ ချီတက်စေကြ။ 28ထိုပြည်ကိုတိုက်ခိုက်ရန် လူမျိုးတကာတို့ကို အသင့်ပြင်ဆင်စေကြ။ မေဒိဘုရင်များ၊ ဘုရင်ခံများအပါအဝင် မင်းအရာရှိအားလုံးနှင့် လက်အောက်ခံနိုင်ငံအားလုံးကို အသင့်ပြင်ဆင်စေကြ။ 29ကမ္ဘာမြေကြီး တုန်ခါလေပြီ၊ တုန်လှုပ်လေပြီ။ အကြောင်းမူကား ဘေဘီလုံမြို့ကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်ဟူသော ထာဝရဘုရား၏အကြံအစည်တော်အတိုင်း ထိုမြို့၌ ဖြစ်လာလေပြီ။ 30ဘေဘီလုံစစ်သူရဲတို့သည် စစ်မတိုက်ဝံ့တော့ဘဲ ရဲတိုက်များ၌သာ နေကြလေပြီ။ သူတို့သည် ရဲစွမ်းသတ္တိကုန်ခန်း၍ မိန်းမကဲ့သို့ဖြစ်လေပြီ။ သူတို့နေရာကို မီးရှို့ပစ်ကြပြီ။ ကန့်လန့်ကျင်တို့ကိုလည်း ချိုးပစ်ကြပြီ။ 31ဘေဘီလုံမြို့တစ်မြို့လုံးသိမ်းပိုက်ခံရကြောင်းကို ခြေမြန်တော်တစ်ယောက်မှ တစ်ယောက်၊ စေတမန်တစ်ယောက်မှ တစ်ယောက် တစ်ဆင့်ပြီးတစ်ဆင့် ဘေဘီလုံဘုရင်ထံ သတင်းပို့ကြ၏။ 32ဆိပ်ကမ်းတို့ကို သိမ်းပိုက်ကြပြီ။ ခံတပ်#51:32 သို့မဟုတ် “ကျူတောစိမ့်တော”။များကို မီးရှို့ပစ်ကြပြီ။ စစ်သူရဲတို့လည်း ဆောက်တည်ရာမရကြောက်လန့်ကြလေပြီ။ 33အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဘေဘီလုံသမီးပျိုသည် တလင်းနယ်ချိန်၌ နင်းနယ်ခံရသောကောက်နယ်တလင်းနှင့်တူ၏။ တစ်ခဏချင်းတွင် ရိတ်သိမ်းချိန်ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။ 34“ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ငါ့ကို ကိုက်စားလေပြီ။ နင်းချေလေပြီ။ ငါ့ကို အိုးလွတ်ဖြစ်စေပြီ။ မြွေနဂါးကဲ့သို့ ငါ့ကို ဝါးမျိုလေပြီ။ ငါ၏စားကောင်းသောက်ဖွယ်တို့နှင့် သူ့ဝမ်းကိုပြည့်စေပြီ။ ပြီးမှ ငါ့ကို အန်ထုတ်#51:34 သို့မဟုတ် “နှင်ထုတ်”။လေပြီ။ 35ငါ့ကိုယ်၊ ငါ့အသား ခံရသောရက်စက်ကြမ်းကြုတ်မှုသည် ဘေဘီလုံပြည်အပေါ် ကျရောက်ပါစေ”ဟု ဇိအုန်မြို့သားတို့ ဆိုလိမ့်မည်။ “ငါတို့သွန်းခဲ့ရသောသွေးသည် ခါလဒဲပြည်သားတို့အပေါ် ကျရောက်ပါစေ”ဟု ဂျေရုဆလင်မြို့သားတို့ ဆိုလိမ့်မည်။ 36ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ သင့်အမှုကိစ္စကို ငါရင်ဆိုင်ဖြေရှင်းပေးမည်။ သင့်အစား ငါအမှန် လက်တုံ့ပြန်မည်။ သူ၏ပင်လယ်ရေကို ခန်းစေမည်၊ စမ်းရေတွင်းကို ခြောက်သွေ့စေမည်။ 37ဘေဘီလုံပြည်သည် နေထိုင်သူမရှိဘဲ အပျက်အစီးပုံကြီး၊ ခွေးအတို့ခိုအောင်းရာ၊ ထိတ်လန့်စရာ၊ ကဲ့ရဲ့စရာ ဖြစ်မည်။ 38သူတို့အားလုံး ခြင်္သေ့ပျိုကဲ့သို့ ဟိန်းဟောက်ကြလိမ့်မည်၊ ခြင်္သေ့ငယ်ကဲ့သို့ မာန်ဖီကြလိမ့်မည်”ဟု မိန့်တော်မူ၏။ 39ထာဝရဘုရားက “သူတို့ အာသာငမ်းငမ်းဖြစ်နေချိန်တွင် ငါသည် စားသောက်ပွဲ ခင်းကျွေးမည်။ သူတို့ကို မူးအောင်တိုက်မည်။ သူတို့သည်လည်း အပျော်ကြူး၍ မနိုးသောအိပ်ခြင်းဖြင့် ထာဝရအိပ်ပျော်မည်”ဟု မိန့်တော်မူ၏။ 40ထာဝရဘုရားက “သူတို့ကို သိုးသငယ်ကဲ့သို့၊ သိုးထီးဆိတ်ထီးကဲ့သို့ ဆွဲထုတ်၍ သတ်မည်။ 41ရှေရှက်မြို့ကြီး အသိမ်းခံရလေပြီတကား။ မြေတစ်ပြင်လုံးချီးမွမ်းရာမြို့ကြီး အသိမ်းခံရလေပြီတကား။ ဘေဘီလုံမြို့သည် လူမျိုးတကာတို့တွင် ထိတ်လန့်စရာဖြစ်လေပြီတကား။ 42ဘေဘီလုံမြို့ကို ပင်လယ်ရေ လွှမ်းမိုးလေပြီ။ လှိုင်းလုံးကြီးများ ဖုံးအုပ်လေပြီ။ 43မြို့ရွာတို့သည် လူသူကင်းမဲ့၍ ခြောက်သွေ့သောကန္တာရမြေ ဖြစ်လိမ့်မည်။ နေထိုင်သူမရှိ၊ ဖြတ်သန်းသွားလာသူမရှိသောမြေ ဖြစ်လိမ့်မည်။ 44ဘေဘီလုံမြို့ရှိ ဗေလဘုရားကို ငါဒဏ်ခတ်မည်။ သူဝါးမျိုခဲ့သမျှကို သူ့ပါးစပ်မှ ပြန်အန်ထုတ်စေမည်။ လူမျိုးတကာတို့သည် သူ့ကို ဆည်းကပ်ကြတော့မည်မဟုတ်။ ဘေဘီလုံမြို့ရိုးကြီး ပြိုလဲသွားလေပြီ။ 45ငါ့လူမျိုးတော်တို့၊ ဘေဘီလုံမြို့ထဲမှ ထွက်ခဲ့ကြ။ ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်မှ အသက်ဘေးလွတ်အောင်ပြေးကြ။ 46ထိုပြည်၌ကြားရသောသတင်းများကြောင့် သင်တို့မကြောက်နှင့်၊ စိတ်မပျက်နှင့်။ အခြေအမြစ်မရှိသောသတင်းစကားများကို တစ်နှစ်ပြီးတစ်နှစ် ကြားရလိမ့်မည်။ ပြည်ထဲ၌ အကြမ်းဖက်မှုဖြစ်နေပြီ။ အုပ်စိုးသူအချင်းချင်း တိုက်ခိုက်ကြပြီ။ 47ထို့ကြောင့် ကြည့်ရှုလော့။ ဘေဘီလုံမြို့ရှိ ရုပ်တုဆင်းတုများကို ငါဒဏ်ခတ်သောနေ့ ရောက်လာတော့မည်။ ထိုမြို့တစ်မြို့လုံး အရှက်ကွဲလိမ့်မည်။ အသတ်ခံရသောသူအပေါင်းတို့သည် မြို့ထဲတွင် လဲကျသေဆုံးကြလိမ့်မည်။ 48မိုးကောင်းကင်အောက်၊ မြေကြီးပေါ်ရှိရှိသမျှတို့သည် ဘေဘီလုံမြို့ကြောင့် အားရဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။#ဗျာ 18:20။ အဖျက်သမားသည် မြောက်အရပ်မှလာ၍ ထိုမြို့ကို တိုက်ခိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။ 49ဘေဘီလုံမြို့သည် အစ္စရေးလူမျိုးတို့ကို သတ်ခဲ့သောကြောင့် ကျရှုံးရမည်။ မြေကြီးသားအပေါင်းတို့သည် ဘေဘီလုံမြို့ကြောင့် လဲကျသေဆုံးရပြီ။ 50ဓားဘေးမှ လွတ်မြောက်သောသူတို့၊ ထွက်သွားကြ။ ရပ်မနေကြနှင့်။ ထာဝရဘုရားကို အဝေးမှအောက်မေ့ကြ။ ဂျေရုဆလင်မြို့ကို သတိရကြ။ 51ကဲ့ရဲ့ပြစ်တင်သံကို ကြားရသည်ဖြစ်၍ ငါတို့အရှက်ကွဲရပြီ။ ထာဝရဘုရား၏အိမ်တော်၊ သန့်ရှင်းရာဌာနတော်ထဲသို့ တစ်ပါးအမျိုးသားများ ဝင်ရောက်ကြပြီဖြစ်၍ ငါတို့အသရေပျက်ရပြီ။ 52ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ဘေဘီလုံပြည်ရှိ ရုပ်တုဆင်းတုများကို ငါဒဏ်ခတ်သောနေ့ရက်ရောက်လာသောအခါ ထိုပြည်တစ်ပြည်လုံးတွင် ဒဏ်ရာရသောသူများ ညည်းတွားလျက်ရှိကြလိမ့်မည်”ဟု မိန့်တော်မူ၏။ 53ထာဝရဘုရားက “ဘေဘီလုံမြို့သည် မိုးကောင်းကင်သို့တက်၍ မြင့်မားသောရဲတိုက်ကို အခိုင်အမာတည်လျှင်ပင် ငါသည် အဖျက်သမားကိုစေလွှတ်၍ သူတို့ကို တိုက်စေမည်”ဟု မိန့်တော်မူ၏။ 54ဘေဘီလုံမြို့မှ အော်ဟစ်သံပါတကား။ ခါလဒဲပြည်မှ ကြီးမားသောပျက်စီးခြင်းပါတကား။ 55ထာဝရဘုရားသည် ဘေဘီလုံမြို့ကိုဖျက်ဆီး၍ ထိုမြို့မှ ဆူညံပွက်လောရိုက်နေသောအသံကို ဆိတ်သုဉ်းစေတော်မူ၏။ ရန်သူလှိုင်းလုံးကြီးသည် အဟုန်ပြင်းသောရေနှင့်တူ၏။ သူတို့မြည်ဟည်းသောအသံသည် ပဲ့တင်ထပ်လေပြီ။ 56အကြောင်းမူကား ဘေဘီလုံမြို့ကို တိုက်ခိုက်ဖျက်ဆီးမည့်သူ ရောက်လာပြီ။ ဘေဘီလုံစစ်သူရဲတို့ အဖမ်းခံရပြီ။ သူတို့၏လေးတို့သည်လည်း ကျိုးလေပြီ။ ထာဝရဘုရားသည် အကျိုးအပြစ်အလျောက် ပြန်ပေးဆပ်သောဘုရားသခင် ဖြစ်တော်မူသောကြောင့် အမှန်ပင် ပြန်ပေးဆပ်တော်မူမည်။ 57ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “ငါသည် ဘေဘီလုံမြို့၏မှူးမတ်များ၊ ပညာရှိများ၊ ဘုရင်ခံများ၊ အုပ်ချုပ်သူများ၊ စစ်သူရဲများကို ယစ်မူးစေ၍ မနိုးသောအိပ်ခြင်းဖြင့် ထာဝရအိပ်ပျော်စေမည်”ဟု မိန့်တော်မူ၏။ 58ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထုထည်ကြီးမားသော ဘေဘီလုံမြို့ရိုးသည် လုံးလုံးဖြိုဖျက်ခြင်းခံရလိမ့်မည်။ မြင့်မားသောမြို့တံခါးတို့သည်လည်း မီးရှို့ခံရလိမ့်မည်။ လူတို့သည် အချည်းနှီးကြိုးစားအားထုတ်ခဲ့ကြပြီ။ လူမျိုးတကာတို့ ပင်ပန်းခဲ့သမျှ မီးစာဖြစ်သွားပြီ”ဟု မိန့်တော်မူ၏။
59ပရောဖက်ယေရမိသည် ယုဒဘုရင်ဇေဒကိမင်းကြီး နန်းစံလေးနှစ်တွင် ဇေဒကိမင်းကြီးနှင့်အတူ ဘေဘီလုံမြို့သို့လိုက်ပါသွားသော မာသေယ၏မြေး၊ နေရိ၏သား အတွင်းဝန်စရာယအား စာပေးလိုက်၏။ 60ထိုစာကား ဘေဘီလုံမြို့အပေါ်ကျရောက်မည့် ဘေးအန္တရာယ်အလုံးစုံကို စာလိပ်တစ်ခုတွင် ယေရမိ ရေးသားထားသောစာဖြစ်၏။ ထိုရေးထားသောစာအားလုံးသည် ဘေဘီလုံမြို့ကိုရည်ညွှန်း၏။ 61ယေရမိက စရာယအား “ဘေဘီလုံမြို့သို့ ရောက်သောအခါ သင်သည် ဤစာကို အကုန်အစင်သေသေချာချာဖတ်ပြပြီးလျှင် 62‘အို ထာဝရဘုရား၊ ကိုယ်တော်က ဤအရပ်ကို ငါဖျက်ဆီးပစ်မည်။ နေထိုင်သူမရှိ။ လူမှစ၍ တိရစ္ဆာန်လည်းမရှိ။ လူသူကင်းမဲ့ရာအရပ် အစဉ်ဖြစ်စေမည်ဟု ဤအရပ်နှင့်ပတ်သက်၍ မိန့်တော်မူခဲ့ပြီ’ဟူ၍ လျှောက်ဆိုရမည်။ 63ဤစာကို သင်ဖတ်ပြပြီးသောအခါ စာလိပ်ကိုကျောက်ခဲနှင့်အတူချည်၍ ယူဖရေးတီးမြစ်ထဲသို့ ပစ်ချပြီးလျှင် 64‘ငါသည် ထိုမြို့ပေါ်သို့ ဘေးအန္တရာယ်ကျရောက်စေမည်ဖြစ်၍ ထိုစာလိပ်ကဲ့သို့ ဘေဘီလုံမြို့သည် နစ်မြုပ်ရလိမ့်မည်။ ပြန်ပေါ်လာတော့မည်မဟုတ်။ သူတို့သည် အားအင်ကုန်ခန်းကြလိမ့်မည်’ဟူ၍ သင်ဆိုရမည်”ဟု မှာကြားလေ၏။ ဤတွင် ယေရမိစကား ပြီးဆုံးသတည်း။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 51: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative