YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 49

49
အမ္မုန်အမျိုးသားတို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
1အမ္မုန်​အမျိုးသား​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​အစ္စရေး​လူမျိုး​၌ သား​မ​ရှိ​သလော​၊ အမွေခံ​မ​ရှိ​သလော​။ အဘယ်ကြောင့် မိလကုံ​ဘုရား​သည် ဂဒ်​ပြည်​ကို သိမ်းပိုက်​သနည်း​။ အဘယ်ကြောင့် သူ့​လူမျိုး​တို့​သည် ဂဒ်​ပြည်​ရှိ​မြို့​များ​တွင် နေထိုင်​ကြ​သနည်း​”​ဟု မိန့်ဆို​တော်မူ​၏​။ 2ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် အမ္မုန်​အမျိုးသား​တို့​နေ​ရာ ရဗ္ဗာ​မြို့​၌ စစ်ပွဲ​သံ​ကြား​ရ​သော​အချိန် ရောက်​စေ​မည်​။ ထို​မြို့​သည် အပျက်အစီး​ပုံ​ကြီး​ဖြစ်​၍ မြို့ငယ်​တို့​သည်​လည်း မီး​လောင်​သွား​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့​သည်​လည်း မိမိ​အား သိမ်းပိုက်​ခဲ့​သူ​ကို ပြန်​၍​သိမ်းပိုက်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 3ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အို ဟေရှဘုန်​မြို့​၊ ညည်းတွားငိုကြွေး​လော့​။ အာဣ​မြို့ ပျက်စီး​လေ​ပြီ​။ အို ရဗ္ဗာ​သမီးပျို​၊ အော်ဟစ်​လော့​။ လျှော်တေအဝတ်​ကို​ဝတ်​လျက်​၊ တံတိုင်း​အတွင်း ပြေးလွှား​လျက် ငိုကြွေးမြည်တမ်း​ကြ​လော့​။ အကြောင်းမူကား မိလကုံ​ဘုရား​သည် သူ​နှင့်ဆိုင်သော ယဇ်ပုရောဟိတ်​များ​၊ အကြီးအကဲ​များ​နှင့်အတူ ဖမ်းခေါ်​သွား​ခြင်း​ခံရ​လေ​ပြီ​။ 4အို ဖောက်ပြန်​သော​သမီးပျို​၊ သင်​သည် ဥစ္စာဘဏ္ဍာ​ကို ကိုးစား​၍ ‘​ငါ့​ကို မည်သူ​ဆန့်ကျင်​ဝံ့​သနည်း​’​ဟု ဆို​လျက် အဘယ်ကြောင့် ချိုင့်ဝှမ်း​တို့​၌ ဝါကြွား​သနည်း​။ ထို​ချိုင့်ဝှမ်း​တို့ ယိုယွင်းပျက်စီး​လေ​ပြီ​။ 5ကြည့်ရှု​လော့​။ ငါ​သည် သင့်​ဝန်းကျင်​မှ ကြောက်မက်ဖွယ်​အန္တရာယ်​ကို သင့်​ထံ​ရောက်​စေ​မည်​။ သင်​တို့​အားလုံး နှင်ထုတ်​ခြင်း​ခံရ​မည်​။ ထွက်ပြေးကွဲလွင့်​သွား​သော​သူ​တို့​ကို ပြန်လည်​စုစည်း​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။ 6ထာဝရဘုရား​က “​ထို့နောက်မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​အမ္မုန်​အမျိုးသား​တို့​ကို ပြန်လာ​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။
ဧဒုံပြည်ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
7ဧဒုံ​ပြည်​နှင့်​ပတ်သက်၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​တေမန်​မြို့​၌ ပညာရှိ မ​ရှိ​တော့​သလော​။ အသိဉာဏ်​ရှိ​သော​သူ​တို့​သည် အကြံ​မ​ပေး​နိုင်​တော့​သလော​။ သူ​တို့ ဉာဏ်ပညာမဲ့​ကြ​ပြီ​လော​။ 8အို ဒေဒန်​မြို့သူမြို့သား​တို့​၊ နောက်ဆုတ်​ထွက်ပြေး​ကြ​။ ပုန်းအောင်း​နေ​ကြ​။ အကြောင်းမူကား သူ့​ကို​ဒဏ်ခတ်​သော​အချိန်​၌ ဧသော​ခံရ​သော​ဘေးဒုက္ခ​မျိုး​ကို သူ့​အပေါ်​သက်ရောက်​စေ​မည်​။ 9စပျစ်သီး​ခူး​သူ​တို့​သည် စပျစ်သီး​လာခူး​သောအခါ ကောက်သင်းကောက်သူ​အတွက် ချန်ထား​တတ်​၏​။ သူခိုး​သည်​လည်း ညအချိန် လာ​ခိုး​သောအခါ လိုချင်​သော​အရာ​ကို​သာ ခိုးယူ​သွား​တတ်​၏​။ 10သို့သော် ငါ​သည် ဧသော​ကို ပြောင်တလင်းခါ​စေ​မည်​။ သူ​သည် ပုန်းရှောင်​၍​မ​ရ​အောင် သူ​၏​ပုန်းခို​ရာ​ကို ငါ​ဖော်ပြ​မည်​။ သူ​၏​သားမြေး​၊ ညီအစ်ကို​၊ အိမ်နီးချင်း​တို့​ပျက်စီး​လိမ့်မည်​။ သူ​လည်း ရှိ​တော့​မည်​မ​ဟုတ်​။ 11သင်​၌​ရှိ​သော မိဘမဲ့​ကလေး​တို့​ကို ထားခဲ့​လော့​။ ငါ​ကြည့်ရှု​မည်​။ သင်​၌​ရှိ​သော​မုဆိုးမ​တို့​သည်​လည်း ငါ့​ကို​ယုံကြည်ကိုးစား​ကြ​စေ​”​ဟု မိန့်​တော်မူ​၏​။
12ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ခွက်ဖလား​ကို​သောက်စရာ​မ​လို​သော​သူ​တို့​ပင် သောက်​ရ​သည်​ဆို​လျှင် သင်​သည်​လည်း အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်​မည်လော​။ သင်​သည် အပြစ်ဒဏ်​နှင့်​မ​လွတ်​။ မလွဲမသွေ​သောက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 13ထာဝရဘုရား​က “​ဗောဇရ​ပြည်​သည် ထိတ်လန့်စရာ​၊ ကဲ့ရဲ့စရာ​၊ လူသူကင်းမဲ့​ရာ​၊ ကျိန်ဆဲစရာ ဖြစ်​ရ​လိမ့်မည်​။ ထို​ပြည်​ထဲရှိ​မြို့​များ​သည် ပြိုပျက်​ရာ​အစဉ်​ဖြစ်​ရ​မည်​ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်​၍​ကျိန်ဆို​ပြီ​”​ဟု မိန့်​တော်မူ​၏​။ 14ထာဝရဘုရား​သည် လူမျိုးခြား​တို့​ထံ သံတမန်​ကို​စေလွှတ်​၍ “​သင်​တို့​စုဝေး​ကြ​၊ ချီတက်​ကြ​၊ ဧဒုံ​ပြည်​ကို စစ်တိုက်​ကြ​”​ဟု ဆင့်ဆို​စေ​သော​သတင်းစကား​ကို ငါ​ကြား​ရ​ပြီ​။ 15ထာဝရဘုရား​က “​ငါ​သည် သင့်​ကို လူမျိုးခြား​တို့​တွင် သေးသိမ်​သော​သူ​၊ လူ​တို့​တွင် အထင်သေး​ခံရ​သော​သူ ဖြစ်​စေ​မည်​။ 16အို ကျောက်ဆောင်​ကြား​များ​၌​နေထိုင်​သူ​၊ ကုန်း​မြင့်​၌​နေရာယူသူ​၊ သင့်​ကို ကြောက်ရွံ့​ကြ​သောကြောင့် သင့်​မာန​သည် သင့်​ကို​လှည့်စား​လေ​ပြီ​။ သင်​သည် လင်းယုန်​ကဲ့သို့ အမြင့်​၌ အသိုက်​ကို​ဆောက်​သော်လည်း ထို​နေရာ​မှ သင့်​ကို ငါ​ဆွဲချ​မည်​”​ဟု မိန့်​တော်မူ​၏​။
17ထာဝရဘုရား​က “​ဧဒုံ​ပြည်​သည် ထိတ်လန့်စရာ​ဖြစ်​မည်​။ ဤ​ပြည်​ခံရ​သော​ဘေးဒဏ်​များ​ကြောင့် ဤ​ပြည်​နား ဖြတ်သန်းသွား​သော​သူ​တိုင်း အံ့ဩ​ကြ​လိမ့်မည်​၊ ကဲ့ရဲ့​ကြ​လိမ့်မည်​။ 18သောဒုံ​မြို့​၊ ဂေါမောရ​မြို့​မှစ၍ အိမ်နီးချင်း​မြို့​တို့​ဖျက်ဆီး​ခံရ​သကဲ့သို့ ပျက်စီး​မည်​။ မည်သူ​မျှ ထို​ပြည်​၌ နေထိုင်​တော့​မည်​မ​ဟုတ်​။ တည်းခို​သော​သူ ရှိ​တော့​မည်​မ​ဟုတ်​။
19ကြည့်ရှု​လော့​။ ဂျော်ဒန်​တောအုပ်​မှ စိမ်းလန်း​သော​စားကျက်မြေ​သို့ ခြင်္သေ့​တက်လာ​သောအခါ သားကောင်​တို့​ထွက်ပြေး​ရ​သကဲ့သို့ ထို​ပြည်သား​တို့​ကို ထို​ပြည်​မှ ငါ​ရုတ်ချည်း​ထွက်ပြေး​စေ​မည်​။ ငါ​ရွေးချယ်​သော​သူ​ကို ထို​ပြည်​၌ ငါ​ခန့်ထား​မည်​။ မည်သူ​သည် ငါ​နှင့်​တူ​သနည်း​။ မည်သူ​သည် ငါ့​ကို​စိန်ခေါ်​ဝံ့​သနည်း​။ မည်သည့်​သိုးထိန်း​သည် ငါ့​ကို​ဆန့်ကျင်​ပြီး ရပ်တည်​နိုင်​သနည်း​”​ဟု မိန့်​တော်မူ​၏​။
20ထို့ကြောင့် ဧဒုံ​ပြည်​ကို​ဆန့်ကျင်​၍ ထာဝရဘုရား ကြံစည်​ထား​သော​အကြံအစည်​၊ တေမန်​ပြည်သား​တို့​ကို​ဆန့်ကျင်​၍ ရည်ရွယ်​ထား​သော​ရည်ရွယ်​ချက်​တို့​ကို နားထောင်​ကြ​လော့​။ အကယ်စင်စစ် ရန်သူ​သည် သူ​တို့​၏​သိုးငယ်လေး​များ​ကို ဆွဲခေါ်​သွား​ကြ​မည်​။ အကယ်စင်စစ် ကိုယ့်​ကြောင့် ကိုယ့်​စားကျက်မြေ ဖျက်ဆီး​ခြင်း​ခံရ​မည်​။ 21သူ​တို့​လဲကျ​သော​အသံ​ကြောင့် မြေကြီး​တုန်ခါ​သွား​လိမ့်မည်​။ သူ​တို့​အော်ဟစ်​သော​အသံ​ကို ပင်လယ်နီ​တိုင်အောင် ကြား​ရ​မည်​။ 22ကြည့်ရှု​လော့​။ ရန်သူ​သည် လင်းယုန်​ကဲ့သို့ အတောင်ပံ​ကို​ဖြန့်​၍ ပျံတက်​ပြီးမှ ဗောဇရ​မြို့​သို့ ထိုးဆင်း​လာ​လေ​ပြီ​။ ထို​နေ့ရက်​၌ ဧဒုံ​စစ်သူရဲ​တို့​၏​စိတ်နှလုံး​သည် သားဖွား​ခြင်း​ဝေဒနာ​ခံစား​ရ​သော​မိန်းမ​ကဲ့သို့ ကြောက်လန့်​ရ​လိမ့်မည်​။
ဒမတ်စကပ်မြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
23ဒမတ်စကပ်​မြို့​နှင့်​ပတ်သက်၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဟာမတ်​မြို့​၊ အာပဒ်​မြို့​သည် မကောင်းသတင်း​ကို​ကြား​ရ​သောကြောင့် အရှက်ကွဲ​လေ​ပြီ​၊ စိတ်အားလျော့​လေ​ပြီ​၊ ပင်လယ်​လှိုင်း​ကဲ့သို့ မ​ငြိမ်​မ​သက်​ဖြစ်​ပြီး စိုးရိမ်ပူပန်​နေ​ကြ​ပြီ​။ 24ဒမတ်စကပ်​မြို့​သည် အားလျော့​လေ​ပြီ​၊ လှည့်​၍​ထွက်ပြေး​လေ​ပြီ​။ ကြောက်ရွံ့​ခြင်း​သည် သူ့​ကို​ဖမ်းစား​လေ​ပြီ​။ သားဖွားဝေဒနာ​ကဲ့သို့ ဆင်းရဲဒုက္ခ​နှင့် နာကျင်​ခြင်း​တို့​ကို ခံစား​ရ​လေ​ပြီ​။ 25ငါ​နှစ်သက်​သော​မြို့​၊ နာမည်ကြီး​သော​မြို့​သည် စွန့်ပယ်​ခြင်း​ခံရ​ပါ​ပြီ​တကား​။ 26ထို့ကြောင့် လူပျို​တို့​သည် မြို့​လမ်းမ​များ​၌ လဲကျ​ကြ​လိမ့်မည်​။ ထို​နေ့ရက်​၌ စစ်သူရဲ​အပေါင်း​တို့​သည် ကျဆုံး​ကြ​လိမ့်မည်​။ 27ငါ​သည် ဒမတ်စကပ်​မြို့ရိုး​ကို​မီး​ရှို့​၍ ဗင်္ဟာဒဒ်​၏​ခံတပ်​တို့​သည်​လည်း လောင်ကျွမ်း​သွား​မည်​”​ဟု မိန့်​တော်မူ​၏​။
ကေဒါအမျိုး၊ ဟာဇော်နိုင်ငံကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
28ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး ချေမှုန်း​နိုင်​ခဲ့​သော​ကေဒါ​အမျိုး​နှင့်​ပတ်သက်၍​၊ ဟာဇော်​နိုင်ငံ​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​ထ​ကြ​။ ကေဒါ​အမျိုး​ကို တိုက်ခိုက်​ကြ​။ အရှေ့​ပြည်သား​များ​ကို ဖျက်ဆီး​ကြ​။ 29သူ​တို့​၏​တဲ​များ​၊ သိုးအုပ်​များ သိမ်းယူ​သွား​ခြင်း​ခံရ​မည်​။ သူ​တို့​၏​ရွက်ထည်​များ​မှစ၍ အသုံးအဆောင်​ရှိသမျှ​နှင့် ကုလားအုတ်​များ​သည်​လည်း ဆောင်ယူ​သွား​ခြင်း​ခံရ​မည်​။ သူ​တို့​အား ‘​ကြောက်လန့်စရာ​များ ပတ်လည်​ဝိုင်း​နေ​ပြီ​’​ဟူ၍ ဟစ်အော်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 30ထာဝရဘုရား​က “​အို ဟာဇော်​မြို့သူမြို့သား​တို့​၊ ပြေး​ကြ​။ အဝေး​သို့ ပြေး​ကြ​။ ပုန်းအောင်း​နေ​ကြ​။ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် သင်​တို့​ကို​ဦးတည်​၍ လျှို့ဝှက်​ကြံစည်​လေ​ပြီ​။ စစ်ပြင်​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။ 31ထာဝရဘုရား​က “​ထ​ကြ​။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချ​ပြီး စိုးရိမ်ကြောင့်ကြမှု​မ​ရှိ​သော​လူမျိုး​၊ မြို့​တံခါး​မ​ရှိ​၊ ကန့်လန့်ကျင်​မ​ရှိ​၊ တသီးတခြား​နေထိုင်​သော​လူမျိုး​ထံ စစ်ချီ​ကြ​”​ဟု မိန့်​တော်မူ​၏​။ 32ထာဝရဘုရား​က “​သူ​တို့​၏​ကုလားအုတ်​များ​ကို လုယူ​၍ တိရစ္ဆာန်​အလုံးအရင်း​ကို သိမ်းယူ​သွား​မည်​။ နားသယ်မွေး​ရိတ်​သော​သူ​တို့​ကို လေနှင်​ရာ​အရပ်ရပ်​သို့ ငါ​ကွဲလွင့်​စေ​မည်​။ လေးဘက်လေးတန်​မှ​ဘေးဒုက္ခ​ကို သူ​တို့​ထံ ငါ​ရောက်​စေ​မည်​။ 33ဟာဇော်​မြို့​သည် ခွေးအ​တို့​ခိုအောင်း​ရာ​၊ လူသူကင်းမဲ့​ရာ အစဉ်​ဖြစ်​မည်​။ မည်သူမျှ ထို​မြို့​၌ နေထိုင်​တော့​မည်​မ​ဟုတ်​။ တည်းခို​သော​သူ ရှိ​တော့​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။
ဧလံပြည်ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
34ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး နန်းတက်​စ​၌ ဧလံ​ပြည်​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ယေရမိ​ထံ ရောက်လာ​၍ 35“ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် ဧလံ​ပြည်​၏​ခွန်အား​အရင်းအမြစ်​ဖြစ်​သော​သူ​တို့​၏​လေး​ကို ချိုးဖျက်​မည်​။ 36ကောင်းကင်​အရပ်​လေး​မျက်နှာ​မှ လေ​လေး​မျိုး​ကို ဧလံ​ပြည်​သို့​ဆောင်​ခဲ့​၍ ဧလံ​ပြည်သား​တို့​ကို ထို​လေ​တို့​နှင့်အတူ ကွဲလွင့်ပါသွား​စေ​မည်​။ နှင်ထုတ်​ခံရ​သော​ဧလံ​ပြည်သား​များ မ​ရောက်​သည့်​တိုင်းနိုင်ငံ​ဟူ၍ ရှိ​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။ 37ထာဝရဘုရား​က ‘ငါ​သည် ဧလံ​ပြည်သား​တို့​ကို သူ​တို့​၏​ရန်သူ​၊ သူ​တို့​၏​အသက်​ကို​ရန်ရှာ​သူ​တို့​ရှေ့​၌ ပြိုလဲ​စေ​မည်​။ ငါ​သည် ပြင်းစွာ​အမျက်​ထွက်​၍ သူ​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​။ သူ​တို့​လုံးဝ​ပျက်စီး​သွား​သည့်​တိုင်အောင် ဓားဘေး​သင့်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။ 38ထာဝရဘုရား​က ‘ဧလံ​ဘုရင်​နှင့် မှူးမတ်​တို့​ကို သုတ်သင်ဖျက်ဆီး​ပြီး ထို​နေရာ​တွင် ငါ့​ပလ္လင်​ကို ငါ​တည်​မည်’​ဟု မိန့်​တော်မူ​၏​။ 39ထာဝရဘုရား​က ‘ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ဧလံ​ပြည်သား​တို့​ကို နောင်ကာလ​တွင် ငါ​ပြန်လာ​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 49: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ