YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 44

44
အီဂျစ်ပြည်ရှိမိမိလူမျိုးတော်အား ဘုရားသခင်ဒဏ်ခတ်ခြင်း
1အီဂျစ်​ပြည်​၊ မိဂဒေါလ​မြို့​၊ တာပနက်​မြို့​၊ မင်ဖစ်​မြို့​၊ ပါသရု​မြို့​တို့​၌ နေထိုင်​သော ဂျူး​လူမျိုး​အပေါင်း​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့​ရောက်လာ​၍ 2“​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဂျေရုဆလင်​မြို့​မှစ၍ ယုဒ​မြို့ရွာ​အားလုံး​အပေါ် ငါ​ကျရောက်​စေ​သည့် ဘေးအန္တရာယ်​အလုံးစုံ​ကို သင်​တို့​တွေ့မြင်​ခဲ့​ကြ​ပြီ​။ ယခု ထို​မြို့ရွာ​တို့​သည် ပြိုပျက်​ရာ​ဖြစ်​၍ နေထိုင်​သူ​ပင် မ​ရှိ​တော့​ပေ​။ 3အကြောင်းမူကား ထို​မြို့သူမြို့သား​တို့​သည် သူတို့ကိုယ်တိုင်​မ​သိ​၊ သင်​တို့​လည်း​မ​သိ​၊ သင်​တို့​ဘိုးဘေး​လည်း​မ​သိ​သော အခြား​ဘုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​ကြ​၏​၊ ဝတ်ပြု​ကြ​၏​။ ထိုသို့သော မကောင်းမှု​ကို​ပြု​ခြင်း​ဖြင့် ငါ့​အမျက်​ကို နှိုးဆော်​ကြ​၏​။ 4ငါ့​အစေအပါး​ပရောဖက်​အပေါင်း​တို့​ကို သင်​တို့​ရှိ​ရာ​သို့ အကြိမ်ကြိမ်​စေလွှတ်​၍ ငါ​မုန်း​သော ဤ​စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို မ​ပြု​ကြ​နှင့်​ဟု ဆင့်ဆို​စေ​ခဲ့​၏​။ 5သို့သော် သူ​တို့ နား​မ​ထောင်​ကြ​၊ ဂရု​မ​စိုက်​ကြ​။ သူ​တို့ ပြု​သော​မကောင်းမှု​အတွက် နောင်တ​မ​ရ​ဘဲ အခြား​သော​ဘုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​လျက်​နေ​ကြ​၏​။ 6ထို့ကြောင့် ငါ့​အမျက်​ဒေါသ​မီး​ကို ငါ​သွန်ချ​သဖြင့် ယုဒ​မြို့ရွာ​များ​နှင့် ဂျေရုဆလင်​မြို့​လမ်း​တို့​ကို လောင်ကျွမ်း​လေ​ပြီ​။ ယခု​ကဲ့သို့ ပြိုပျက်​ရာ​အရပ်​၊ လူသူကင်းမဲ့​ရာ​အရပ် ဖြစ်​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။
7အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘အဘယ်ကြောင့် ဤ​ဘေးအန္တရာယ်​ကြီး​ကို သင်​တို့​အပေါ်​ကျရောက်​စေ​ရ​သနည်း​။ ယုဒ​ပြည်​တွင် ယောက်ျား​၊ မိန်းမ​၊ ကလေး​၊ နို့စို့သူငယ်​တစ်ယောက်မျှ​မ​ကြွင်း​မ​ကျန် သုတ်သင်ပယ်ရှင်း​ခံရ​လေ​ပြီ​။ 8သင်​တို့​သွားရောက်​နေထိုင်​ရာ​အီဂျစ်​ပြည်​၌ သင်​တို့​လက်​နှင့်​လုပ်​သော​အရာ​များ​ဖြစ်​သည့် အခြား​ဘုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​ခြင်း​ဖြင့် အဘယ်ကြောင့် ငါ့​အမျက်​ကို နှိုးဆော်​ကြ​သနည်း​။ ယခုမှာမူ သင်​တို့​သည် ပျက်စီး​၍ မြေကြီး​ပေါ်ရှိ​လူမျိုး​တကာ​တို့​တွင် ကဲ့ရဲ့ပြစ်တင်စရာ​၊ ကျိန်ဆဲစရာ ဖြစ်​ရ​လေ​ပြီ​။ 9ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​လမ်း​များ​ပေါ်တွင် သင်​တို့​ဘိုးဘေး​များ​၊ ယုဒ​ရှင်ဘုရင်​များ​၊ မိဖုရား​များ​၊ သင်​တို့​နှင့်​သင်​တို့​၏​ဇနီး​များ ပြု​ခဲ့​ကြ​သော မကောင်းမှု​များ​ကို သင်​တို့​မေ့လျော့​ကြ​ပြီ​လော​။ 10ယနေ့​တိုင်အောင် သူ​တို့​သည် နှိမ့်ချ​သော​စိတ်​၊ ကြောက်ရွံ့​သော​စိတ် မ​ရှိ​ကြ​။ သင်​တို့​နှင့်​သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​ချမှတ်​ပေး​ထား​သော​ပညတ်တရား​နှင့် ပြဋ္ဌာန်းချက်​များ​ကို သူ​တို့​မ​လိုက်လျှောက်​ကြ’​ဟု မိန့်​တော်မူ​၏​။
11ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ သင်​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​။ ယုဒ​ပြည်​တစ်ပြည်လုံး​ကို ဖျက်ဆီး​မည်​ဟု ငါ​ဆုံးဖြတ်​ချက်​ချ​လေ​ပြီ​။ 12အီဂျစ်​ပြည်​သို့​သွားရောက်​နေထိုင်​ရန် စိတ်ပိုင်းဖြတ်​သော ယုဒ​လူမျိုး​အကြွင်းအကျန်​တို့​ကို ငါ​ဖယ်ရှား​ပစ်​မည်​။ သူ​တို့​အားလုံး အီဂျစ်​ပြည်​၌ပင် လဲကျ​သေဆုံး​ကြ​ရ​မည်​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သေ​ကြ​ရ​မည်​။ အကြီးဆုံး​မှစ၍ အငယ်ဆုံး​တိုင်အောင် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သေ​ကြ​ရ​မည်​။ ကျိန်ဆဲစရာ​၊ ထိတ်လန့်စရာ​၊ ရွံရှာစရာ​၊ ကဲ့ရဲ့စရာ ဖြစ်​ကြ​ရ​လိမ့်မည်​။ 13ငါ​သည် ဂျေရုဆလင်​မြို့​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် ဒဏ်ခတ်​သကဲ့သို့ အီဂျစ်​ပြည်​၌ နေထိုင်​သော​သူ​တို့​ကို​လည်း ဒဏ်ခတ်​မည်​။ 14အီဂျစ်​ပြည်​သို့​သွားရောက်​နေထိုင်​သော​ယုဒ​အမျိုး​အကြွင်းအကျန်​တို့​တွင် လွတ်မြောက်​သော​သူ​၊ အသက်ရှင်​ကျန်ရစ်​သော​သူ တစ်ယောက်မျှ​ရှိ​မည်​မ​ဟုတ်​။ ယုဒ​ပြည်​သို့ ပြန်လာ​နေထိုင်​လို​သော်လည်း ပြန်လာ​ခွင့်​ရ​မည်​မ​ဟုတ်​။ လွတ်မြောက်​သော​သူ​သာ ပြန်လာ​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။
ခေါင်းမာသောလူအပေါင်းတို့၏တုံ့ပြန်ပြောဆိုချက်
15လူအုပ်​ကြီး​ဖြစ်​သော မိမိ​တို့​မယား​က အခြား​ဘုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​ကြောင်း​ကို သိ​သော​ယောက်ျား​များ​နှင့် သူ​တို့​အနီး​တွင်​ရပ်​နေ​သော​မိန်းမ​များ​အားလုံး​၊ အီဂျစ်​ပြည် ပါသရု​မြို့သား​အားလုံး​က ယေရမိ​အား 16“​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ငါ​တို့​အား သင်​ဆင့်ဆို​သော​စကား​ကို ငါ​တို့​နား​မ​ထောင်​။ 17ငါ​တို့​ပြော​ထား​သည့်​အတိုင်း ငါ​တို့​ဆက်ဆက်​ပြု​မည်​။ ငါ​တို့​၏​ဘိုးဘေး​များ​၊ ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​က ယုဒ​မြို့ရွာ​များ​၊ ဂျေရုဆလင်​မြို့​လမ်း​များ​တွင် ပြု​ခဲ့​ကြ​သည့်​အတိုင်း ကောင်းကင်​မိဖုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​မည်​။ သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​မည်​။ ထိုစဉ်က ငါ​တို့ ဝလင်​စွာ​စား​ရ​၏​။ ကောင်းစား​ခဲ့​၏​။ ဘေးအန္တရာယ်​နှင့်​မ​ကြုံ​ရ​။ 18ကောင်းကင်​မိဖုရား​များ​အား နံ့သာပေါင်း​ကို မီးရှို့​မ​ပူဇော်​၊ သွန်းလောင်းရာပူဇော်သက္ကာ​ကို မ​သွန်းလောင်း​ဘဲ ရပ်တန့်​လိုက်​သည့်​အချိန်​မှစ၍ အရာရာ​၌​ချို့တဲ့​ပြီ​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် ပျက်စီး​ရ​ကြ​ပြီ​”​ဟု ဆို​ကြ​၏​။
19မိန်းမ​တို့​က​လည်း “​ငါ​တို့​သည် ကောင်းကင်​မိဖုရား​အား နံ့သာပေါင်း​မီးရှို့ပူဇော်​သောအခါ​၊ သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​သောအခါ ငါ​တို့​၏​ခင်ပွန်းသည်​မ​ပါ​ဘဲ မိဖုရားပုံတူ​မုန့်​များ​ကို လုပ်​ခဲ့​သလော​။ သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​ခဲ့​သလော​”​ဟု ဆို​ကြ​၏​။
20ယေရမိ​က​လည်း သူ့​အား​တုံ့ပြန်ပြောဆို​လာ​သော ယောက်ျား​၊ မိန်းမ​၊ လူ​အပေါင်း​တို့​အား 21“​သင်​တို့​နှင့် သင်​တို့​၏​ဘိုးဘေး​များ​၊ ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​နှင့် ပြည်သူပြည်သား​တို့​သည် ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​လမ်း​များ​ပေါ်တွင် နံ့သာပေါင်း​မီးရှို့ပူဇော်​ခဲ့​ကြ​သည်​ကို ထာဝရဘုရား မ​အောက်မေ့​ဘဲ​နေ​တော်မူ​မည်လော​။ မ​မှတ်​ဘဲ​နေ​တော်မူ​မည်လော​။ 22သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​၊ သင်​တို့​ပြု​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကို ထာဝရဘုရား​သည် ဆက်​၍​သည်း​မ​ခံ​နိုင်​တော့​ပေ​။ ထို့ကြောင့် သင်​တို့​ပြည်​သည် ယခု​ကဲ့သို့ ပြိုပျက်​ရာ​၊ ထိတ်လန့်စရာ​၊ ကျိန်ဆဲစရာ​၊ လူသူကင်းမဲ့​ရာ ဖြစ်​လေ​ပြီ​။ 23သင်​တို့​သည် နံ့သာပေါင်း​မီးရှို့ပူဇော်​ခြင်း​ဖြင့် ထာဝရဘုရား​ကို​ပြစ်မှား​ကြ​၏​။ ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​ကြ​။ ထာဝရဘုရား​၏​ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​၊ သွန်သင်ချက်​အတိုင်း မ​လိုက်လျှောက်​ကြ​။ ထို့ကြောင့် ယခု​ကဲ့သို့ ဤ​ဘေးအန္တရာယ်​သည် သင်​တို့​အပေါ် ကျရောက်​လေ​ပြီ​”​ဟု ဆို​၏​။
24တစ်ဖန် ယေရမိ​က မိန်းမ​အပါအဝင် လူ​အပေါင်း​တို့​အား “​အီဂျစ်​ပြည်​ရှိ ယုဒ​လူမျိုး​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ 25သင်​တို့​နှင့် သင်​တို့​၏​မယား​တို့​က ‘​ကောင်းကင်​မိဖုရား​အား နံ့သာပေါင်း​မီးရှို့ပူဇော်​မည်​၊ သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​မည်​ဟူသော ငါ​တို့​ကတိသစ္စာ​အတိုင်း ငါ​တို့​ဆက်ဆက်ပြု​မည်’​ဟု သင်​တို့​နှုတ်​ဖြင့်​ဆို​လျက် လက်​ဖြင့်​ပြီးမြောက်​စေ​တတ်​ကြ​သည်​ဖြစ်၍ သင်​တို့​၏​ကတိသစ္စာ​ကို ဆက်ဆက်တည်​စေ​ကြ​။ သင်​တို့​၏​ကတိသစ္စာ​ကို ဆက်ဆက်ပြု​ကြ​ဟု အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။
26ထို့ကြောင့် အီဂျစ်​ပြည်​၌​နေထိုင်​သော ယုဒ​လူမျိုး​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ အီဂျစ်​ပြည်​တစ်ပြည်လုံး​ရှိ ယုဒ​လူမျိုး​တို့​၏​နှုတ်​မှ ဘုရားရှင်​ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​ဟူ၍ ငါ​၏​နာမ​ကို တိုင်တည်​ရ​တော့​မည်​မ​ဟုတ်​’​ဟု ငါ​၏​ကြီးမြတ်​သော​နာမ​ကို တိုင်တည်​၍ မိန့်ဆို​ပြီ​။ 27ကြည့်ရှု​လော့​။ သူ​တို့​ကို အကောင်း မ​ဟုတ်​၊ အဆိုး​ပြု​ရန် ငါ​ကြည့်​နေ​၏​။ အီဂျစ်​ပြည်​ရှိ ယုဒ​လူမျိုး​အပေါင်း​တို့ တစ်ယောက်မကျန် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​တို့​ဖြင့် ဖျက်ဆီး​ခြင်း​ခံရ​မည်​။ 28ဓားဘေး​မှ​လွတ်မြောက်​သော​သူ​အနည်းငယ်​တို့​သည် အီဂျစ်​ပြည်​မှ​ယုဒ​ပြည်​သို့ ပြန်လာ​ကြ​လိမ့်မည်​။ ထိုအခါ သူ​တို့​စကား​တည်​သလော​၊ ငါ့​စကား​တည်​သလော​။ မည်သူ့​စကား​တည်​သည်​ကို အီဂျစ်​ပြည်​သို့ သွားရောက်​နေထိုင်​သော ယုဒ​လူ​အကြွင်းအကျန်​ရှိသမျှ​တို့ သိ​ရ​ကြ​လိမ့်မည်​။ 29ထာဝရဘုရား​က ‘​ဤသည်ကား သင်​တို့​အဖို့ နိမိတ်လက္ခဏာ​ဖြစ်​၏​။ သင်​တို့​ကို ဤ​ပြည်​တွင် ငါ​ဒဏ်ခတ်​မည်​။ ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟူသော ငါ့​စကား​အမှန်​တည်​ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်​’​ဟု မိန့်​တော်မူ​၏​။ 30ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​အား သူ့​အသက်​ကို​ရန်ရှာ​သော​သူ​၏​ရန်သူ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​လက်​သို့ ငါ​အပ်​သကဲ့သို့ အီဂျစ်​ဘုရင်​ဖာရော​ဟောဖရာ​ကို​လည်း သူ​၏​အသက်​ကို​ရန်ရှာ​သော သူ​၏​ရန်သူ​တို့​လက်​သို့ ငါ​အပ်​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 44: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ