ယေရမိအနာဂတ္တိကျမ်း 38
38
ယေရမိ ရေတွင်းထဲသို့ ပစ်ချခံရခြင်း
1လူအပေါင်းတို့အား ယေရမိဆင့်ဆိုသောစကားကို မဿန်၏သား ရှေဖတိ၊ ပါရှုရ၏သား ဂေဒလိ၊ ရှေလမိ၏သား ယေဟုကလ၊ မာလခိယ၏သား ပါရှုရတို့ ကြားလေ၏။ 2ထာဝရဘုရားမိန့်တော်မူသည်မှာ “ဤမြို့တွင် နေထိုင်သောသူတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေရလိမ့်မည်။ ခါလဒဲလူမျိုးတို့ဘက်သို့ လိုက်သွားသောသူတို့မူကား သူတို့၏အသက်သည် တိုက်ယူသောပစ္စည်းကဲ့သို့ဖြစ်၍ အသက်ချမ်းသာရာရလိမ့်မည်။ 3စင်စစ် ဤမြို့သည် ဘေဘီလုံဘုရင်၏စစ်တပ်ကြီးလက်သို့ ရောက်ရလိမ့်မည်။ ဤမြို့ကို သူတို့သိမ်းပိုက်လိမ့်မည်”ဟူ၍လည်း ထာဝရဘုရားမိန့်တော်မူ၏။
4ထိုအခါ မှူးမတ်တို့က ရှင်ဘုရင်အား “ဤသူ သေသင့်ပါ၏။ သူပြောသောစကားအားဖြင့် ဤမြို့၌ကျန်ခဲ့သော စစ်သည်တို့နှင့်လူအပေါင်းတို့ကို စိတ်အားလျော့စေပါပြီ။ သူသည် ဤလူမျိုးငြိမ်းချမ်းဖို့ထက် ဘေးအန္တရာယ်ပြုဖို့ကိုသာ ရှာကြံပါပြီ”ဟု လျှောက်ကြ၏။
5ဇေဒကိမင်းကြီးကလည်း “သူသည် သင်တို့လက်၌ရှိ၏။ ရှင်ဘုရင်သည် သင်တို့ကိုဆန့်ကျင်၍ မည်သည့်အရာမျှမပြုနိုင်”ဟု မိန့်ဆို၏။ 6ထို့ကြောင့် သူတို့သည် ယေရမိကိုခေါ်သွား၍ ထောင်ဝင်းအတွင်းရှိ ဘုရင့်သားတော်မာလခိယ၏ရေတွင်းထဲသို့ ကြိုးဖြင့်လျှောချကြ၏။ ရေတွင်းထဲတွင် ရေမရှိ၊ ရွှံ့သာရှိသဖြင့် ယေရမိသည် ရွှံ့ထဲနစ်လေ၏။
7ယေရမိအား ရေတွင်းထဲသို့ ပစ်ချကြောင်းကို ဘုရင့်နန်းတော်ရှိ အီသီယိုးပီးယားအမျိုးသား မိန်းမစိုး ဧဗဒမေလက်ကြားသိလျှင် ဗင်္ယာမိန်တံခါး၌ ရှင်ဘုရင်ထိုင်နေစဉ် 8ဧဗဒမေလက်သည် နန်းတော်ထဲမှထွက်လာပြီး ရှင်ဘုရင်အား 9“အကျွန်ုပ်၏အရှင်မင်းကြီး၊ ဤသူတို့သည် ပရောဖက်ယေရမိကို ရေတွင်းထဲပစ်ချခြင်းဖြင့် ဆိုးညစ်သောအမှုကို ပြုကြလေပြီ။ မြို့ထဲတွင်လည်း မုန့်မရှိတော့ပေ။ ထို့ကြောင့် ယေရမိသည် ထိုတွင်းထဲတွင် ငတ်မွတ်၍ သေရပါတော့မည်”ဟု လျှောက်ဆိုလေ၏။
10ရှင်ဘုရင်ကလည်း အီသီယိုးပီးယားအမျိုးသားဧဗဒမေလက်အား “ပရောဖက်ယေရမိမသေမီ သင့်လက်အောက်ငယ်သား လူအယောက်သုံးဆယ်ကိုခေါ်၍ သူ့ကို ရေတွင်းထဲမှ ထုတ်ယူလော့”ဟု မိန့်ဆို၏။
11ဧဗဒမေလက်သည်လည်း သူ၏လက်အောက်ငယ်သားတို့ကိုခေါ်ပြီး ဘုရင့်နန်းတော်ဘဏ္ဍာတိုက်အောက်သို့ဝင်၍ ထိုနေရာမှ အဝတ်စုတ်၊ အဝတ်ဟောင်းတို့ကိုယူပြီးလျှင် ထိုအဝတ်တို့ကို ယေရမိရှိရာတွင်းထဲသို့ ကြိုးနှင့်လျှောချပေး၏။ 12ထိုအခါ အီသီယိုးပီးယားအမျိုးသား ဧဗဒမေလက်က ယေရမိအား “ဤအဝတ်ဟောင်းအဝတ်စုတ်တို့ကို သင့်ချိုင်းနှင့် ကြိုးအကြား၌ ခံထားလော့”ဟု ပြောသည့်အတိုင်း ယေရမိပြုလေ၏။ 13ဤသို့ဖြင့် သူတို့သည် ယေရမိအား ကြိုးဖြင့် တွင်းထဲမှဆွဲတင်ကြ၏။ ယေရမိလည်း ထောင်ဝင်းထဲ၌နေရပြန်၏။
ယေရမိကို ဇေဒကိမင်းကြီးနောက်ဆုံးအကြိမ်တွေ့ဆုံခြင်း
14တစ်ဖန် ဇေဒကိမင်းကြီးသည် လူလွှတ်၍ ထာဝရဘုရားအိမ်တော် တတိယဝင်ပေါက်သို့ ပရောဖက်ယေရမိကို ခေါ်လာစေ၏။ ရှင်ဘုရင်က ယေရမိအား “သင့်ကိုငါမေးစရာရှိ၏။ ဘာမျှဖုံးကွယ်မထားနှင့်”ဟု မိန့်ဆို၏။
15ယေရမိကလည်း ဇေဒကိမင်းကြီးအား “အရှင်မင်းကြီး၊ အကျွန်ုပ်ဖြေလျှင် စင်စစ် အကျွန်ုပ်ကို မသတ်ဘဲနေမည်လော။ အကျွန်ုပ်အကြံပေးလျှင်လည်း အကျွန်ုပ်၏စကားကို အရှင်မင်းကြီး နားထောင်မည်မဟုတ်ပါ”ဟု လျှောက်လေ၏။
16ထိုအခါ ဇေဒကိမင်းကြီးက ယေရမိအား “ငါတို့အား ဇီဝအသက်ပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်ကိုငါမသတ်။ သင့်အသက်ကို ရန်ရှာသောသူတို့လက်သို့ သင့်ကိုငါမအပ်”ဟု တိတ်တဆိတ်ကျိန်ဆိုလေ၏။
17ထိုအခါ ယေရမိက ဇေဒကိမင်းကြီးအား “အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်သည် ဘေဘီလုံဘုရင်၏တပ်မှူးတို့ထံသွား၍ အညံ့ခံလျှင် သင်အသက်ချမ်းသာရာရမည်။ ဤမြို့သည်လည်း မီးရှို့ခံရမည်မဟုတ်။ သင်နှင့် သင်၏အိမ်သူအိမ်သားတို့ အသက်ချမ်းသာရာရကြလိမ့်မည်။ 18ဘေဘီလုံဘုရင်၏မှူးမတ်တို့ထံ သွား၍အညံ့မခံလျှင် ဤမြို့သည် ခါလဒဲလူမျိုးတို့လက်သို့ ကျရောက်လိမ့်မည်။ သူတို့သည်လည်း ဤမြို့ကို မီးရှို့ကြလိမ့်မည်။ သင်သည်လည်း သူတို့လက်မှ လွတ်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု လျှောက်ဆိုလေ၏။
19ဇေဒကိမင်းကြီးကလည်း ယေရမိအား “ခါလဒဲလူမျိုးတို့ဘက်သို့ရောက်သွားသော ဂျူးလူမျိုးတို့ကို ငါကြောက်၏။ ငါ့ကို သူတို့လက်သို့အပ်ကြ၍ ငါသည် အညှဉ်းဆဲခံရလိမ့်မည်”ဟု မိန့်ဆို၏။
20ယေရမိကလည်း “မင်းကြီးကို သူတို့လက်သို့ အပ်နှံကြမည်မဟုတ်။ အကျွန်ုပ်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ သို့ပြုလျှင် မင်းကြီးအသက်ချမ်းသာရာရ၍ ကောင်းစားလိမ့်မည်။ 21သို့သော် မင်းကြီးက အညံ့ခံဖို့ ငြင်းဆိုလျှင် ထာဝရဘုရားက အကျွန်ုပ်အား 22‘ကြည့်ရှုလော့။ ယုဒဘုရင်နန်းတော်၌ ကျန်ရစ်သောမိန်းမအပေါင်းတို့ကို ဘေဘီလုံဘုရင်၏မှူးမတ်တို့ထံ ခေါ်ဆောင်သွားကြမည်။ ထိုမိန်းမတို့က မင်းကြီးယုံကြည်ရသောမိတ်ဆွေတို့သည် မင်းကြီးကို သွေးဆောင်ကြပြီ၊ အနိုင်ရကြပြီ။ မင်းကြီး၏ခြေသည် ရွှံ့ထဲနစ်သွားလေပြီ။ မိတ်ဆွေတို့လည်း ကျောခိုင်းသွားလေပြီဟု ဆိုကြလိမ့်မည်။
23သင့်မိဖုရားနှင့် သားတော်၊ သမီးတော် အားလုံးကို ခါလဒဲစစ်သည်တို့ ခေါ်ဆောင်သွားလိမ့်မည်။ သင်သည်လည်း သူတို့လက်မှ လွတ်မည်မဟုတ်။ ဘေဘီလုံဘုရင်၏လက်အောက်သို့ ရောက်ရလိမ့်မည်။ ဤမြို့သည်လည်း မီးရှို့ခြင်းခံရလိမ့်မည်’ဟူ၍ ဖော်ပြတော်မူပြီ”ဟု လျှောက်ဆို၏။ 24ဇေဒကိမင်းကြီးကလည်း ယေရမိအား “ဤစကားများကို မည်သူမျှမသိစေနှင့်။ သိစေလျှင် သင်အသတ်ခံရလိမ့်မည်။ 25ငါသည် သင်နှင့်စကားပြောကြောင်းကို မှူးမတ်တို့ကြားသိပြီး သင့်ထံသို့လာ၍ ‘သင်သည် ရှင်ဘုရင်အား မည်သည့်စကားလျှောက်ဆို၍ ရှင်ဘုရင်ကလည်း သင့်အား မည်သည့်စကားမိန့်ဆိုသည်ကို ငါတို့အား ပြောပြပါ။ ဖုံးကွယ်မထားပါနှင့်။ သင့်ကိုမသတ်ပါ’ဟု ဆိုလာလျှင် 26သင်က ‘အကျွန်ုပ်ကို ယောနသန်အိမ်သို့ ပြန်မပို့ပါနှင့်။ ပြန်ပို့လျှင် ထိုအိမ်၌ အကျွန်ုပ်သေရပါလိမ့်မည်ဟု မင်းကြီးအား အကျွန်ုပ်တောင်းဆိုပါ၏’ဟူ၍ ပြန်ဖြေလော့”ဟု မိန့်ဆို၏။ 27မှူးမတ်အပေါင်းတို့ကလည်း ယေရမိထံ လာ၍မေးမြန်းကြလေ၏။ သူကလည်း ရှင်ဘုရင်မှာထားသည့်အတိုင်း သူတို့အား ပြန်ပြော၏။ ရှင်ဘုရင်နှင့် ပြောဆိုခဲ့သောစကားများကို မည်သူမျှမကြားသိကြသောကြောင့် သူတို့လည်း ဆက်မမေးကြတော့ချေ။ 28ယေရမိသည် ဂျေရုဆလင်မြို့ သိမ်းပိုက်ခံရသည့်နေ့တိုင်အောင် ထောင်ဝင်းထဲတွင်နေရ၏။ ဂျေရုဆလင်မြို့ သိမ်းပိုက်ခံရသောအချိန်၌ သူသည် ထောင်ဝင်းထဲတွင်ရှိနေ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 38: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative