YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 32:36-44

ယေရမိအနာဂတ္တိကျမ်း 32:36-44 MSBU

ထို့ကြောင့် ‘ဤ​မြို့​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ကြောင့် ဘေဘီလုံ​ဘုရင်​လက်​သို့ ရောက်​ရ​လိမ့်မည်’​ဟု သင်​တို့​ဆို​သော ဤ​မြို့​နှင့်​ပတ်သက်၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် ပြင်းစွာ​သော​အမျက်ဒေါသ​ဖြင့် သူ​တို့​ကို​နှင်ထုတ်​ခဲ့​ရာ​အရပ်ရပ်​တို့​မှ ပြန်လည်​စုဝေး​စေ​ပြီး ဤ​အရပ်​သို့ ပြန်လာ​စေ​မည်​။ ဘေးကင်းလုံခြုံ​စွာ​နေထိုင်​စေ​မည်​။ သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဘုရား​ဖြစ်​မည်​။ ငါ့​ကို အစဉ်​ကြောက်ရွံ့ရိုသေ​ခြင်း​အားဖြင့် သူ​တို့​နှင့် နောင်လာမည့်​သူ​တို့​၏​သားသမီး​များ ကောင်းစား​ဖို့ တစ်ခုတည်း​သော​စိတ်သဘော​၊ တစ်ခုတည်း​သော​နည်းလမ်း​ကို သူ​တို့​အား ငါ​ပေး​မည်​။ သူ​တို့​ကို မ​စွန့်ပစ်​ဘဲ အစဉ်​ကောင်းစား​စေ​မည့်​အကြောင်း ငါ​သည် သူ​တို့​နှင့် ထာဝရ​ပဋိညာဉ်​ဖွဲ့​မည်​။ သူ​တို့​သည် ငါ့​ထံမှ မ​ထွက်သွား​မည့်​အကြောင်း ငါ့​ကို​ကြောက်ရွံ့ရိုသေ​ခြင်း​သဘော​ကို သူ​တို့​စိတ်နှလုံး​ထဲသို့ သွင်းပေး​မည်​။ သူ​တို့​ကို ကောင်းစား​စေ​ရာ​၌ ငါ​နှစ်သက်အားရ​မည်​။ ငါ​သည် စိတ်စေတနာ​အပြည့်အဝ​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့် သူ​တို့​ကို ဤ​ပြည်​ထဲ၌ အခိုင်အမာ​နေရာချ​ထား​မည်’​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က ‘အကယ်စင်စစ် ငါ​သည် ဤ​လူမျိုး​အပေါ် ကြီးမား​သော​ဘေးအန္တရာယ်​အလုံးစုံ​ကို ကျရောက်​စေ​သည့်​နည်းတူ ငါ​ကတိထား​သော ကောင်းကျိုးချမ်းသာ​အလုံးစုံ​ကို​လည်း သူ​တို့​အပေါ် သက်ရောက်​စေ​မည်​။ လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ ဆိတ်ညံ​သော​ပြည်​၊ ခါလဒဲ​တပ်​၏​လက်​သို့ ရောက်သွား​သော​ပြည်​ဖြစ်​၏​ဟု သင်​တို့​ပြော​သော ထို​ပြည်​မှ​လယ်​ကို ဝယ်ယူ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က ‘ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​သူ​တို့​ကို ငါ​ပြန်လာ​စေ​သဖြင့် ဗင်္ယာမိန်​ပြည်​၊ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ပတ်ပတ်လည်​ရှိ​မြို့ရွာ​များ​၊ မြေနိမ့်ဒေသ​၊ တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​၌ လယ်​တို့​ကို အသိသက်သေ​များ​ခေါ်​၍ စာချုပ်​တွင် လက်မှတ်ရေးထိုး​တံဆိပ်ခတ်​ပြီး ငွေ​ဖြင့်​ဝယ်ယူ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။