YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 26

26
အိမ်တော်တွင် ယေရမိဆင့်ဆိုသောစကား
1ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းတက်​စ​၌ ထာဝရဘုရား​ထံ​တော်​မှ ဤ​နှုတ်ကပတ်တော်​ရောက်လာ​၏​။ 2ထာဝရဘုရား​က “ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​၌​ရပ်​၍ ထာဝရဘုရား​၏​အိမ်​တော်​သို့ လာရောက်​ရှိခိုးကိုးကွယ်​ကြ​သော ယုဒ​ပြည်သူပြည်သား​အားလုံး​တို့​အား ငါ​မိန့်မှာ​ထား​သော​စကား​ရှိသမျှ​တို့​ကို ဆင့်ဆို​လော့​။ စကား​တစ်ခွန်း​ကို​မျှ မ​ချန်ထား​နှင့်​။ 3သူ​တို့​သည် နားထောင်​၍ သူ​တို့​၏​မကောင်း​သော​လမ်း​မှ အသီးသီး​ပြန်လှည့်​ကောင်း​ပြန်လှည့်​ကြ​လိမ့်မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​များ​ကြောင့် သူ​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟူသော​အကြံအစည်​မှ စိတ်ပြောင်းလဲ​မည်”​ဟု မိန့်​တော်မူ​၏​။ 4တစ်ဖန် သူ​တို့​အား “​ထာဝရဘုရား​က ‘ငါ့​စကား​ကို သင်​တို့​နား​မ​ထောင်​၊ သင်​တို့​ကို ငါ​ချပေး​ထား​သော​ပညတ်တရား​အတိုင်း မ​လိုက်လျှောက်​၊ 5သင်​တို့​ရှိ​ရာ​သို့ ငါ​၏​အစေအပါး​ပရောဖက်​တို့​ကို ငါ​အကြိမ်ကြိမ်​စေလွှတ်​၍ ဆင့်ဆို​စေ​သော်လည်း သူ​တို့​၏​စကား​ကို သင်​တို့​နား​မ​ထောင်​လျှင် 6ဤ​အိမ်​တော်​ကို ရှိလော​အရပ်​ကဲ့သို့ ငါ​ဖြစ်​စေ​မည်​။ ဤ​မြို့​ကို​လည်း မြေကြီး​ပေါ်ရှိ လူမျိုး​တကာ​တို့ ကျိန်ဆဲ​ရာ​မြို့​ဖြစ်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​လော့​။
ယေရမိ အဖမ်းခံရခြင်း
7ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​ထဲ၌ ယေရမိ​ဆင့်ဆို​သော စကား​ကို ကြား​ကြ​၏​။ 8ယေရမိ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​စကား​အလုံးစုံ​တို့​ကို ပြည်သူပြည်သား​အပေါင်း​တို့​အား ဆင့်ဆို​ပြီး​သောအခါ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​နှင့် လူ​အပေါင်း​တို့​သည် သူ့​ကို​ဖမ်းဆီး​၍ “​သင်​သည် မုချ​သေ​ရ​မည်​။ 9‘​ဤ​အိမ်​တော်​သည် ရှိလော​အရပ်​ကဲ့သို့ ဖြစ်​လိမ့်မည်​။ ဤ​မြို့​သည် နေထိုင်​သော​သူ​မ​ရှိ​ဘဲ တိတ်ဆိတ်​ခြောက်ကပ်​လိမ့်မည်​’​ဟု ထာဝရဘုရား​၏​နာမ​တော်​ဖြင့် အဘယ်ကြောင့် ပရောဖက်ပြု​ဟောပြော​ရ​သနည်း​”​ဟု ဆို​ပြီးလျှင် လူ​တို့​သည် ထာဝရဘုရား​အိမ်​တော်​၌ ယေရမိ​ထံ ဝိုင်းအုံ​လာ​ကြ​၏​။ 10ထို​အကြောင်း​တို့​ကို ယုဒ​လူမျိုး​မှူးမတ်​တို့​ကြား​ကြ​သောအခါ ရှင်ဘုရင်​၏​နန်းတော်​မှ ထာဝရဘုရား​၏​အိမ်​တော်​သို့​တက်လာ​ကြ​ပြီး ထာဝရဘုရား​၏​အိမ်​တော်​တံခါး​သစ်​အဝင်ဝ​၌ ထိုင်​ကြ​၏​။ 11ထိုအခါ ယဇ်ပုရောဟိတ်​နှင့် ပရောဖက်​တို့​က မှူးမတ်​များ​နှင့်​ပြည်သူပြည်သား​အပေါင်း​တို့​အား “​သင်​တို့​နား​နှင့်​ဆတ်ဆတ်​ကြား​ကြ​သည့်​အတိုင်း သူ​သည် ဤ​မြို့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​သောကြောင့် သေဒဏ်​ခံထိုက်​သည်​”​ဟု ပြောဆို​ကြ​၏​။
ယေရမိ ချေပပြောဆိုခြင်း
12ယေရမိ​က​လည်း မှူးမတ်​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​အား “​ဤ​အိမ်​တော်​နှင့် ဤ​မြို့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​သော​စကား​ကို သင်​တို့​အလုံးစုံ​ကြား​ရ​ပြီ​။ ထိုသို့​ဟောပြော​ရန် ထာဝရဘုရား​သည် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။ 13ထို့ကြောင့် ယခု သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို ပြုပြင်​ကြ​လော့​။ ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ သို့ပြုလျှင် ထာဝရဘုရား​သည် သင်​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟု မိန့်​တော်မူ​ခဲ့​ရာ​မှ စိတ်ပြောင်းလဲ​တော်မူ​မည်​။ 14ငါ​သည် သင်​တို့​၏​လက်​ထဲတွင်​ရှိ​၏​။ ကောင်း​သည်​၊ မှန်​သည်​ဟု သင်​တို့​ထင်​သည့်​အတိုင်း ငါ့​ကို​ပြု​ကြ​လော့​။ 15အကယ်စင်စစ် ဤ​စကား​အလုံးစုံ​ကို သင်​တို့​အား​ကြားပြော​ရန် ထာဝရဘုရား ငါ့​ကို​စေလွှတ်​တော်မူ​သည်​ဖြစ်၍ ငါ့​ကို​သတ်​လျှင် သင်​တို့​နှင့်တကွ ဤ​မြို့​နှင့်​မြို့သူမြို့သား​တို့​သည် အပြစ်မဲ့​သော​သူ​အား သတ်​သော​အပြစ်​သင့်​လိမ့်မည်​ကို သိမှတ်​ကြ​လော့​”​ဟု ဆို​၏​။
ယေရမိ လွတ်မြောက်ခြင်း
16ထိုအခါ မှူးမတ်​တို့​နှင့် ပြည်သူပြည်သား​တို့​က ယဇ်ပုရောဟိတ်​နှင့် ပရောဖက်​တို့​အား “​ဤ​သူ​သည် ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ငါ​တို့​အား ဟောပြော​သည်​ဖြစ်၍ သေဒဏ်​မ​ခံထိုက်​ပါ​”​ဟု ဆို​ကြ​၏​။ 17ပြည်သား​သက်ကြီးဝါကြီး​အချို့​တို့​က​လည်း ထ​၍ လူ​အစုအဝေး​အပေါင်း​တို့​အား 18“​ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​လက်ထက်​တွင် မောရရှက်​မြို့သား​မိက္ခာ​က ယုဒ​လူမျိုး​အပေါင်း​တို့​အား ‘​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ဇိအုန်​တောင်​သည် လယ်​ကဲ့သို့ ထွန်ယက်​ခြင်း​ကို​ခံရ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​သည် အပြိုအပျက်ပုံ​ဖြစ်​လိမ့်မည်​။ အိမ်​တော်​တည်​ရာ​တောင်​သည် တောအုပ်​ဖြစ်​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ပရောဖက်ပြု​ဟောပြော​ခဲ့​သည်​ကို 19ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​နှင့် ယုဒ​လူမျိုး​တို့​သည် ထို​ပရောဖက်​ကို သတ်​ခဲ့​သလော​။ ထို​ဘုရင်​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​၍ ထာဝရဘုရား​၏​မျက်နှာ​တော်​ကို ရှာ​သောကြောင့် သူ​တို့​အပေါ် ကျရောက်​စေ​မည့်​ဘေးအန္တရာယ်​မှ ထာဝရဘုရား စိတ်ပြောင်းလဲ​တော်မူ​သည် မ​ဟုတ်​လော​။ ငါ​တို့​မူကား ငါ​တို့​အပေါ် ကြောက်မက်ဖွယ်​ဘေးအန္တရာယ်​ကို ကျရောက်​စေ​ကြ​ပြီ​”​ဟု ဆို​ကြ​၏​။
ပရောဖက်ဥရိယ
20ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ပရောဖက်ပြု​သော​သူ​တစ်​ယောက် ရှိ​သေး​၏​။ ထို​သူ​ကား ကိရယတ်ယာရိမ်​မြို့​မှ ရှေမာယ​၏​သား ဥရိယ​ဖြစ်​၏​။ သူ​သည် ယေရမိ​ဟောပြော​သော​စကား​နှင့်​တစ်ထပ်တည်း ဤ​မြို့​ဤ​ပြည်​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​ခဲ့​၏​။ 21ယောယကိမ်​မင်းကြီး​နှင့် မှူးမတ်​စစ်သူရဲ​အပေါင်း​တို့​သည် သူ​ဟောပြော​သော​စကား​များ​ကို ကြား​ကြ​၏​။ ထိုအခါ ရှင်ဘုရင်​သည် သူ့​ကို​သတ်​ရန်​ရှာကြံ​လေ​၏​။ ထို​သတင်း​ကို ဥရိယ​ကြား​သောအခါ ကြောက်ရွံ့​၍ အီဂျစ်​ပြည်​သို့​ထွက်​ပြေးသွား​၏​။ 22ထိုအခါ ယောယကိမ်​မင်းကြီး​သည် အာခဗော်​၏​သား ဧလနာသန်​နှင့်အတူ လူ​အချို့​ကို အီဂျစ်​ပြည်​သို့​လိုက်​စေ​၍ 23ထို​သူ​တို့​သည် ဥရိယ​အား အီဂျစ်​ပြည်​မှ ယောယကိမ်​မင်းကြီး​ထံသို့ ဖမ်းဆီး​ခေါ်ဆောင်​လာ​ခဲ့​ကြ​၏​။ ရှင်ဘုရင်​သည် သူ့​ကို​ဓား​ဖြင့်​ကွပ်မျက်​၍ သူ​၏​ကိုယ်ခန္ဓာ​ကို အများပြည်သူ​သင်္ချိုင်း​၌ ပစ်​ထား​လေ​၏​။
24သို့ရာတွင် ရှာဖန်​၏​သား အဟိကံ​သည် ယေရမိ​ကို​ကာကွယ်​ပေး​သဖြင့် သူ့​ကို​သတ်​မည့်​သူ​တို့​လက်​မှ သူ​လွတ်မြောက်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 26: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ