YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 3:2-11

တရားသူကြီးမှတ်စာ 3:2-11 MSBU

(​ဤသည်ကား စစ်ပွဲ​အတွေ့အကြုံ​မ​ရှိ​သေး​သော အစ္စရေး​လူမျိုး မျိုးဆက်သစ်​များ စစ်မှုရေးရာ သင်ယူ​စေရန်​ဖြစ်​၏​။​) ဖိလိတ္တိ​မင်း ငါး​ပါး​အပါအဝင် ခါနာန်​လူမျိုး​အားလုံး​၊ ဆီဒုန်​လူမျိုး​နှင့် ဗာလဟေရမုန်​တောင်​မှ လီဘိုဟာမတ်​တိုင်အောင် လက်ဘနွန်​တောင်​တစ်လျှောက်​တွင် နေထိုင်​ကြ​သော​ဟိဝိ​လူမျိုး တို့​ဖြစ်​ကြ​၏​။ ဤ​လူမျိုး​တို့​ကို ချန်ထား​သည်​မှာ မောရှေ​မှတစ်ဆင့် ဘိုးဘေး​တို့​အား မိန့်မှာ​တော်မူ​ခဲ့​သည့် ထာဝရဘုရား​၏​ပညတ်တော်​များ​ကို အစ္စရေး​လူမျိုး​တို့ နာခံ​မည်​၊ မ​နာခံ​မည်​ကို သိရှိ​နိုင်​မည့်​အကြောင်း စမ်းသပ်​ရန်​အတွက် ဖြစ်​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​နှင့်အတူ နေထိုင်​၍ သူ​တို့​၏​သမီး​များ​ကို လက်ထပ်ယူ​ကြ​၏​။ မိမိ​တို့​၏​သမီး​များ​ကို​လည်း ထို​လူမျိုးခြား​တို့​၏​သား​များ​နှင့် ပေးစား​ကြ​၏​။ သူ​တို့​၏​ဘုရား​များ​ကို​လည်း ဝတ်ပြု​ကြ​၏​။ ဤသို့ အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို မေ့လျော့​ထား​ကာ ဗာလ​ဘုရား​၊ အာရှရ​နတ်ဘုရားမ​တို့​ကို ဝတ်ပြု​လျက် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​သောကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​၍ မက်ဆိုပိုတေးမီးယား​ဘုရင် ခုရှံရိရှသိမ်​မင်းကြီး​လက်​သို့ ရောင်းလိုက်​တော်မူ​သဖြင့် သူ​တို့​သည် ခုရှံရိရှသိမ်​မင်းကြီး​ကို ရှစ်​နှစ်​အစေခံ​ရ​လေ​၏​။ သို့သော် အစ္စရေး​အမျိုးသား​တို့ ထာဝရဘုရား​ထံ အော်ဟစ်​သောအခါ ထာဝရဘုရား​သည် သူ​တို့​ကို ကယ်တင်​မည့်​ကယ်တင်ရှင်​တစ်ဦး​ကို အစ္စရေး​လူမျိုး​ထဲမှ ပေါ်ထွန်း​စေ​တော်မူ​၏​။ ထို​သူ​ကား ကာလက်​၏​တူ​၊ ကေနတ်​၏​သား ဩသံယေလ​ပေတည်း​။ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဩသံယေလ​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​ရ​၏​။ စစ်ချီ​သောအခါ မက်ဆိုပိုတေးမီးယား​ဘုရင် ခုရှံရိရှသိမ်​မင်းကြီး​ကို သူ့​လက်​သို့ ထာဝရဘုရား​အပ်​တော်မူ​သဖြင့် သူ​သည် ခုရှံရိရှသိမ်​မင်းကြီး​ကို နိုင်​လေ​၏​။ တိုင်းပြည်​လည်း အနှစ်​လေးဆယ်​ပတ်လုံး ငြိမ်းချမ်း​လေ​၏​။ ထို့နောက်မှ ကေနတ်​၏​သား ဩသံယေလ သေဆုံး​၏​။