YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 11

11
ယေဖသက အစ္စရေးလူမျိုးတို့၏ခေါင်းဆောင်ဖြစ်လာခြင်း
1ဂိလဒ်​ပြည်သား ယေဖသ​သည် ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​တစ်ဦး​ဖြစ်​၏​။ ယေဖသ​၏​ဖခင်​မှာ ဂိလဒ်​ဖြစ်​ပြီး မိခင်​မှာ ပြည့်တန်ဆာမ​ဖြစ်​၏​။ 2ဂိလဒ်​၏​မယား​သည် သား​တို့​ကို​မွေးဖွား​၏​။ ထို​မယား​၏​သား​တို့ ကြီးပြင်း​လာ​သောအခါ ယေဖသ​အား “​သင်​သည် အခြား​မိန်းမ​၏​သား​ဖြစ်​သောကြောင့် ငါ​တို့​အဖ​၏​အိမ်သူအိမ်သား​တို့​နှင့်အတူ အမွေ​မ​ခံရ​”​ဟု ဆို​၍​နှင်ထုတ်​ကြ​၏​။ 3ထို့ကြောင့် ယေဖသ​သည် ညီအစ်ကို​တို့​ထံ​မှ ထွက်သွား​၍ တောဘ​ပြည်​တွင် နေထိုင်​၏​။ အခြေအနေ​မဲ့​သူ​တို့​သည် သူ့​ထံ​စုရုံး​လာ​၍ သူ​နှင့်​လိုက်​နေ​ကြ​၏​။
4ထိုသို့​ဖြစ်ပျက်​ပြီး​နောက်​တွင် အမ္မုန်​အမျိုးသား​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​လာ​ကြ​၏​။ 5ထိုသို့ အမ္မုန်​အမျိုးသား​တို့​သည် အစ္စရေး​လူမျိုး​များ​ကို တိုက်ခိုက်​လာ​သောအခါ ဂိလဒ်​ပြည်​သက်ကြီးဝါကြီး​တို့​သည် တောဘ​ပြည်​၌​နေ​သော ယေဖသ​ကို သွား​ခေါ်​ကြ​၏​။ 6သူ​တို့​က ယေဖသ​အား “​လာ​ပါ​။ ငါ​တို့​သည် အမ္မုန်​အမျိုးသား​တို့​ကို တိုက်ခိုက်​နိုင်​ရန် ငါ​တို့​ကို ဦးဆောင်​ပါ​”​ဟု ဆို​ကြ​၏​။
7ယေဖသ​က​လည်း ဂိလဒ်​ပြည်​သက်ကြီးဝါကြီး​တို့​အား “​သင်​တို့​သည် ငါ့​ကို​မုန်း​၍ ငါ့​ဖခင်​၏​အိမ်​မှ ငါ့​ကို​နှင်ထုတ်​ခဲ့​ကြ​သည်​မ​ဟုတ်​လော​။ ယခု သင်​တို့​ဒုက္ခရောက်​မှ အဘယ်ကြောင့် ငါ့​ထံ​လာ​ကြ​သနည်း​”​ဟု ပြန်ပြော​၏​။
8ဂိလဒ်​ပြည်​သက်ကြီးဝါကြီး​တို့​က​လည်း ယေဖသ​အား “​ထို့ကြောင့်ပင် ယခု သင့်​ထံသို့ လာ​ခဲ့​ခြင်း​ဖြစ်​၏​။ ဂိလဒ်​ပြည်သား​တို့​ကို ဦးဆောင်​၍ အမ္မုန်​အမျိုးသား​တို့​ကို တိုက်ခိုက်​ရန် ငါ​တို့​နှင့်အတူ ပြန်​လိုက်​ခဲ့​ပါ​”​ဟု ဆို​ကြ​၏​။
9ယေဖသ​က​လည်း ဂိလဒ်​ပြည်​သက်ကြီးဝါကြီး​တို့​အား “​အမ္မုန်​အမျိုးသား​တို့​ကို​တိုက်ခိုက်​ရန် သင်​တို့​သည် ငါ့​ကို​ပြန်ခေါ်​၍ ထာဝရဘုရား​သည်​လည်း အမ္မုန်​အမျိုးသား​တို့​ကို ငါ့​လက်​သို့​အပ်​တော်မူ​မည်​ဆို​လျှင် ငါ​သည် သင်​တို့​၏​ခေါင်းဆောင်​ဖြစ်လာ​ရ​မည်​”​ဟု ပြန်ပြော​၏​။
10ဂိလဒ်​ပြည်​သက်ကြီးဝါကြီး​တို့​က​လည်း ယေဖသ​အား “​ထာဝရဘုရား ကြားသိ​တော်မူ​ပါ​၏​။ သင်​ပြော​သည့်​အတိုင်း ငါ​တို့​လုပ်​ပါ​မည်​”​ဟု ဆို​ကြ​၏​။
11ထို့ကြောင့် ယေဖသ​သည် ဂိလဒ်​ပြည်​သက်ကြီးဝါကြီး​တို့​နှင့်အတူ လိုက်သွား​၏​။ သူ​တို့​သည် ယေဖသ​ကို သူ​တို့​၏​ခေါင်းဆောင်​၊ ဦးစီးဦးဆောင်​သူ​အဖြစ် ခန့်ထား​ကြ​၏​။ ယေဖသ​သည် ထို​သူ​တို့​နှင့်​ပြော​ခဲ့​သော​စကား​အလုံးစုံ​ကို မိဇပါ​မြို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ လျှောက်တင်​လေ​၏​။
အမ္မုန်ဘုရင်တောင်းဆိုချက်ကို ယေဖသငြင်းဆိုခြင်း
12ထို့နောက် ယေဖသ​သည် အမ္မုန်​ဘုရင်​ထံ တမန်​ကို စေလွှတ်​၍ “​သင်​နှင့်​ငါ့​အကြား​၌ အဘယ်​အကြောင်း​ရှိ​၍ သင်​သည် ငါ့​ပြည်​ကို လာ​တိုက်​ရ​သနည်း​”​ဟု မေး​လေ​သော်
13အမ္မုန်​ဘုရင်​က “​အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​လာ​စဉ်က အာနုန်​ချောင်း​မှ ယဗ္ဗုတ်​ချောင်း​တိုင်အောင်​၊ ဂျော်ဒန်​မြစ်​တစ်လျှောက် သိမ်းယူ​ခဲ့​သော ငါ့​ပြည်​ကို ယခု အေးအေးဆေးဆေး​ပြန်ပေး​ပါ​”​ဟု ယေဖသ​၏​တမန်​တို့​အား ပြန်ပြော​၏​။
14တစ်ဖန် ယေဖသ​သည် တမန်​တို့​ကို အမ္မုန်​ဘုရင်​ထံသို့ စေလွှတ်​၏​။ 15တမန်​က အမ္မုန်​ဘုရင်​အား “​ယေဖသ​က ‘အစ္စရေး​လူမျိုး​တို့​သည် မောဘ​ပြည်​၊ အမ္မုန်​ပြည်​ကို သိမ်းယူ​ခဲ့​သည်​မ​ဟုတ်​။ 16အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​လာ​စဉ်က ပင်လယ်နီ​တိုင်အောင် တောကန္တာရ​ကို ဖြတ်လျှောက်​ပြီး ကာဒေရှ​အရပ်​ကို​ရောက်​ခဲ့​၏​။ 17ထိုအခါ အစ္စရေး​လူမျိုး​တို့​သည် ဧဒုံ​ဘုရင်​ထံ တမန်​များ​ကို​စေလွှတ်​၍ “​အကျွန်ုပ်​တို့​ကို အရှင့်​ပြည်​ထဲမှ​ဖြတ်သွား​ခွင့်​ပြု​ပါ​”​ဟု ခွင့်တောင်း​သော်လည်း ဧဒုံ​ဘုရင်​သည် နား​မ​ထောင်​။ မောဘ​ဘုရင်​ထံ​လည်း တမန်​များ​ကို စေလွှတ်​၏​။ သူ​သည်​လည်း ခွင့်​မ​ပြု​ဘဲ​နေ​၏​။ ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​သည် ကာဒေရှ​အရပ်​၌​သာ နေ​ကြ​ရ​၏​။
18ထိုမှ ဧဒုံ​ပြည်​၊ မောဘ​ပြည်​ကို​ရှောင်ကွင်း​၍ တောကန္တာရ​ကို​ဖြတ်​ကာ မောဘ​ပြည်​အရှေ့ဘက်​သို့​ရောက်​သောအခါ အာနုန်​ချောင်း​တစ်ဖက်​၌ စခန်းချ​ကြ​၏​။ အာနုန်​ချောင်း​သည် မောဘ​ပြည်​၏​နယ်နိမိတ်​ဖြစ်​သောကြောင့် သူ​တို့​သည် မောဘ​နယ်နိမိတ်​ထဲ​ကို မ​ဝင်​ခဲ့​ကြ​။
19တစ်ဖန် အစ္စရေး​လူမျိုး​တို့​သည် ဟေရှဘုန်​မြို့​တွင် နန်းစံ​သော​အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​ထံ တမန်​ကို​စေလွှတ်​၍ အစ္စရေး​လူမျိုး​တို့​က “​အကျွန်ုပ်​တို့​၏​နေရပ်​သို့​သွား​ရန် သင့်​ပြည်​ကို​ဖြတ်​ခွင့်​ပြု​ပါ​”​ဟု လျှောက်ဆို​စေ​သော်လည်း 20ရှိဟုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို​မ​ယုံ​သဖြင့် နယ်မြေ​ကို ဖြတ်​ခွင့်​မ​ပေး​။ ထို့ပြင် ရှိဟုန်​မင်းကြီး​သည် မိမိ​လူ​တို့​ကို စုရုံး​ပြီး ယာဟတ်​မြို့​၌​တပ်ချ​ကာ အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​ခဲ့​၏​။ 21သို့သော် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် ရှိဟုန်​မင်းကြီး​မှစ၍ သူ့​လူ​တို့​ကို အစ္စရေး​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​သဖြင့် အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​ကို​တိုက်​၍ အာမောရိ​ပြည်​တစ်ပြည်လုံး​ကို သိမ်းပိုက်​ခဲ့​၏​။ 22အာနုန်​ချောင်း​မှ ယဗ္ဗုတ်​ချောင်း​တိုင်အောင်​၊ တောကန္တာရ​မှ ဂျော်ဒန်​မြစ်​တိုင်အောင် အာမောရိ​နယ်မြေ​တစ်ခုလုံး​ကို သိမ်းပိုက်​လိုက်​ကြ​၏​။
23စင်စစ် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် အာမောရိ​လူမျိုး​တို့​ကို မိမိ​လူမျိုး​တော်​အစ္စရေး​တို့​ရှေ့​မှ နှင်ထုတ်​တော်မူ​ခဲ့​ခြင်း​ဖြစ်​၏​။ ယခုမှာ သင်​သည် ထို​ပြည်​ကို ပြန်​သိမ်းပိုက်​လို​သလော​။ 24သင်​၏​ဘုရား ခေမုရှ ပေး​သော​ပြည်​ကို သင်​ပိုင်​သည်​မ​ဟုတ်​လော​။ ထိုနည်းတူ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​သော​ပြည်​ကို ငါ​တို့​ပိုင်​၏​။ 25သင်​သည် ဇိဖော်​၏​သား​၊ မောဘ​ဘုရင်​ဗာလက်​မင်းကြီး​ထက် သာ၍​မြတ်​သလော​။ သူ​သည် အစ္စရေး​လူမျိုး​ကို ရန်တွေ့​ဖူး​သလော​၊ စစ်တိုက်​ဖူး​သလော​။ 26အစ္စရေး​လူမျိုး​တို့ ဟေရှဘုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ အာရော်​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ အာနုန်​ချောင်း​ဘေး​တစ်လျှောက်​ရှိ​မြို့ရွာ​ရှိသမျှ​တို့​၌ နှစ်​ပေါင်း​သုံး​ရာ​နေထိုင်​ကြ​စဉ်​အခါက အဘယ်ကြောင့် သင်​တို့ ပြန်​မ​သိမ်းယူ​ခဲ့​သနည်း​။ 27အကျွန်ုပ်​သည် သင့်​ကို အမှားပြု​မိ​သည်​မ​ဟုတ်​။ သင်​က​သာ အကျွန်ုပ်​ကို တိုက်ခိုက်​ပြီး​အမှား​လုပ်​မိ​ပြီ​။ ယနေ့ တရားသူကြီး​ထာဝရဘုရား​ကသာ အစ္စရေး​အမျိုးသား​နှင့် အမ္မုန်​အမျိုးသား​တို့​ကြား တရားစီရင်​ပါစေ​’​ဟူ၍ မှာကြား​လိုက်​သည်​”​ဟု ဆို​လေ​၏​။ 28သို့သော် အမ္မုန်​ဘုရင်​သည် ယေဖသ​မှာလိုက်​သော​စကား​ကို နား​မ​ထောင်​ပေ​။
ယေဖသပြုသောကတိသစ္စာ
29ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ယေဖသ​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် ဂိလဒ်​ပြည်​၊ မနာရှေ​ပြည်​တို့​ကို​ဖြတ်​၍ ဂိလဒ်​ပြည်​ရှိ မိဇပါ​မြို့​သို့ ချီတက်​သွား​၏​။ ဂိလဒ်​ပြည် မိဇပါ​မြို့​မှ အမ္မုန်​အမျိုးသား​တို့​ရှိ​ရာ​သို့ ဆက်၍​ချီတက်​သွား​၏​။ 30ယေဖသ​က “​ကိုယ်တော်​သည် အမ္မုန်​အမျိုးသား​တို့​ကို အကျွန်ုပ်​လက်​သို့ အပ်​တော်မူ​မည်​ဆို​လျှင် 31အမ္မုန်​အမျိုးသား​တို့​ကို အောင်နိုင်​၍ ပြန်လာ​သောအခါ အကျွန်ုပ်​အား အိမ်​တံခါးဝ​မှ​ထွက်​ကြို​သော​သူ​ကို ထာဝရဘုရား​အဖို့ မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ပါ​မည်​”​ဟု ထာဝရဘုရား​ထံ ကတိသစ္စာ​ပြု​လေ​၏​။
32ထို့နောက် ယေဖသ​သည် အမ္မုန်​အမျိုးသား​တို့​ကို ချီတက်​တိုက်ခိုက်​လေ​၏​။ ထာဝရဘုရား​က​လည်း သူ​တို့​ကို ယေဖသ​လက်​သို့ အပ်​တော်မူ​၏​။ 33ယေဖသ​သည် အာရော်​မြို့​မှ မိန္နိတ်​မြို့​၊ အာဗေလခေရမိမ်​မြို့​တို့​အထိ မြို့​ပေါင်း​နှစ်ဆယ်​ကို အကြီးအကျယ်​လုပ်ကြံ​တိုက်ခိုက်​၏​။ ထိုသို့ အမ္မုန်​အမျိုးသား​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ရှုံးနိမ့်​ရ​လေ​၏​။ 34ယေဖသ​သည် မိဇပါ​မြို့​ရှိ မိမိ​အိမ်​သို့​ပြန်လာ​သောအခါ သူ​၏​သမီး​သည် သူ့​ကို​ကြိုဆို​ရန် ပတ်သာ​တီး​လျက်​၊ ကခုန်​လျက် ထွက်လာ​လေ​၏​။ သူ​သည် တစ်ဦးတည်း​သော​သမီး​ဖြစ်​၏​။ ထို​သမီး​မှလွဲ၍ သူ​၌ အခြား​သော​သား​သမီး မ​ရှိ​။ 35ယေဖသ​သည် သမီး​ကို​မြင်​သောအခါ မိမိ​အဝတ်​ကို​ဆုတ်​ပြီး “​အို ငါ့​သမီး​၊ ငါ့​ကို အလွန်​စိတ်ဆင်းရဲ​စေ​ပြီ​တကား​။ အလွန်​ဒုက္ခရောက်​စေ​ပြီ​တကား​။ ငါ​သည် ထာဝရဘုရား​ကို ကတိသစ္စာ​ပြု​ပြီးမှ ချိုးဖောက်​၍​မ​ရ​တော့​ပြီ​”​ဟု ဆို​လေ​၏​။
36သမီး​ဖြစ်​သူ​က ဖခင်​အား “​အဖေ​သည် ထာဝရဘုရား​ထံ ကတိသစ္စာ​ပြု​ပြီ​ဖြစ်၍ ကတိထား​သည့်​အတိုင်း ပြု​ပါ​လော့​။ အဖေ​၏​ရန်သူ​အမ္မုန်​အမျိုးသား​တို့​အား လက်တုံ့ပြန်​ရ​သော​အခွင့်​ကို ထာဝရဘုရား ပေး​တော်မူ​ပြီ​။ 37သို့သော် အဖေ့​ကို တစ်​ခု​တောင်းဆို​ပါရစေ​။ အကျွန်ုပ်​ကို နှစ်​လ​ခွင့်​ပြု​ပါ​။ အကျွန်ုပ်​သည် အကျွန်ုပ်​အဖော်​များ​နှင့်အတူ တောင်​ပေါ်တွင် သွား​၍ အပျိုစင်ဘဝ​အဖြစ်​ကို ငိုကြွေး​ပါရစေ​”​ဟု တောင်းဆို​လေ​၏​။
38ဖခင်​က “​သွား​လော့​”​ဟု ဆို​၍ သူ့​အား နှစ်​လ​သွား​ခွင့်​ပြု​လိုက်​၏​။ သူ​သည် မိန်းကလေးအဖော်​များ​နှင့်အတူ တောင်​ပေါ်သို့ သွား​ကာ အပျိုစင်ဘဝ​နှင့်​အသက်စွန့်​ရ​မည့်​အဖြစ်​ကို ငိုကြွေး​ကြ​လေ​၏​။ 39နှစ်​လ​ပြည့်​သောအခါ သူ​သည် ဖခင်​ထံ​ပြန်လာ​၏​။ ဖခင်​သည်​လည်း မိမိ​ကတိသစ္စာ​ပြု​သည့်​အတိုင်း သမီး​၌ ပြု​လေ​၏​။ သူ​သည် ယောက်ျား​နှင့်​မ​ဆက်ဆံ​ဖူး​သော​အပျိုစင်​ဖြစ်​၏​။ ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​တွင် ဓလေ့​တစ်​ခု​ဖြစ်လာ​လေ​၏​။ 40ထို​နေ့​မှစ၍ အစ္စရေး​သမီးပျို​တို့​သည် ဂိလဒ်​အမျိုးသား​၊ ယေဖသ​၏​သမီး​အတွက် တစ်​နှစ်​လျှင်​လေး​ရက် နှစ်စဉ်​သတိရ​အောက်မေ့​လေ့​ရှိ​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီးမှတ်စာ 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ