YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ်ဩဝါဒစာ 1:19-27

ရှင်ယာကုပ်ဩဝါဒစာ 1:19-27 MSBU

ငါ​ချစ်​သော​ညီအစ်ကို​တို့၊ ဤ​အချက်​ကို သိမှတ်​ကြ​လော့။ လူ​တိုင်း​သည် ကြားနာ​ခြင်း​အရာ​၌ လျင်မြန်​၍ စကား​ပြော​ခြင်း​နှင့်​အမျက်ထွက်​ခြင်း​အရာ​တို့​၌ နှေးကွေး​ကြ​စေ။ အကြောင်းမူကား လူ​၏​အမျက်​ဒေါသ​သည် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​တရား​ကို မ​ဖြစ်ထွန်း​စေ​နိုင်​ပေ။ ထို့ကြောင့် ညစ်ညူး​ခြင်း​ရှိသမျှ​နှင့် ပြည့်လျှံ​ကဲလွန်​သော​မကောင်းမှု​တို့​ကို ဖယ်ရှား​၍ သင်​တို့​အထဲ၌ ထည့်သွင်း​ထား​သော​နှုတ်ကပတ်တော်​ကို နူးညံ့​သိမ်မွေ့​သော​စိတ်​ဖြင့်​ခံယူ​ကြ​လော့။ ထို​နှုတ်ကပတ်တော်​သည် သင်​တို့​၏​စိတ်​ဝိညာဉ်​ကို ကယ်တင်​နိုင်​၏။ နှုတ်ကပတ်တော်​ကို လိုက်နာ​ကျင့်သုံး​သော​သူ​များ​ဖြစ်​ကြ​လော့။ မိမိတို့ကိုယ်ကို​လှည့်စား​၍ ကြားနာ​သူ​သက်သက်​မ​ဖြစ်​ကြ​နှင့်။ မည်သူမဆို နှုတ်ကပတ်တော်​ကို ကြားနာ​သော်လည်း လိုက်နာ​ကျင့်သုံး​ခြင်း​မ​ရှိ​လျှင် ထို​သူ​သည် မိမိ​၏​ပကတိ​မျက်နှာ​ကို မှန်​ထဲ၌​ကြည့်​သော​သူ​နှင့်​တူ​၏။ အကြောင်းမူကား သူ​သည် မိမိကိုယ်ကို​ကြည့်​ပြီး ထွက်ခွာ​သွား​သည်​နှင့် မိမိ​သည် မည်သည့်​ပုံသဏ္ဌာန်​ရှိ​သည်​ကို ချက်ချင်း​မေ့လျော့​သွား​တတ်​၏။ သို့သော် လွတ်လပ်​ခြင်း​နှင့်ဆိုင်သော​စုံလင်​သည့်​တရား​တော်​ကို သေချာ​စွာ​ကြည့်ရှု​လျက် စောင့်ထိန်း​သော​သူ​သည် ကြားနာ​၍​မေ့လျော့​တတ်​သူ​မ​ဟုတ်​ဘဲ လက်တွေ့​လိုက်နာ​ကျင့်သုံး​သော​သူ​ဖြစ်​၏။ ထို​သူ​သည် မိမိ​ပြု​သော​အမှု​၌ ကောင်းချီး​မင်္ဂလာ​ကို​ခံစား​ရ​လိမ့်မည်။ တစ်စုံတစ်ယောက်​သည် မိမိ​ကိုယ်​ကို ဘာသာ​တရား​ကိုင်းရှိုင်း​သူ​ဖြစ်​သည်​ဟု ထင်မှတ်​သော်လည်း မိမိ​လျှာ​ကို​မ​ချုပ်တည်း​ဘဲ မိမိ​စိတ်နှလုံး​ကို​လှည့်ဖြား​လျှင် ထို​သူ​၏​ဘာသာ​တရား​ကိုင်းရှိုင်း​မှု​သည် အချည်းနှီး​ဖြစ်​၏။ ခမည်းတော်​ဘုရားသခင်​ရှေ့​တော်​၌ စင်ကြယ်​၍​ညစ်ညူး​ခြင်း​ကင်း​သော ဘာသာ​တရား​ကိုင်းရှိုင်း​မှု​ဟူသည်မှာ ဆင်းရဲ​ဒုက္ခ​ခံရ​သော မိဘမဲ့​ကလေး​နှင့်​မုဆိုးမ​တို့​ကို ကြည့်ရှု​ခြင်း၊ လောကီ​အညစ်အကြေး​တို့​နှင့်​ကင်းစင်​စေရန် မိမိကိုယ်ကို​စောင့်ထိန်း​ခြင်း​တို့​ပင်​ဖြစ်​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။