YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 9:8-21

ဟေရှာယအနာဂတ္တိကျမ်း 9:8-21 MSBU

ဘုရားရှင်​သည် နှုတ်ကပတ်တော်​ကို ယာကုပ်​ထံသို့ စေလွှတ်​တော်မူ​မည်​။ အစ္စရေး​လူမျိုး​အပေါ်​သို့ သက်ရောက်​စေ​တော်မူ​မည်​။ ဧဖရိမ်​အမျိုး​နှင့် ရှမာရိ​မြို့​၌​နေထိုင်​သော​လူ​အပေါင်း​တို့​သည် ကြားသိ​ကြ​လိမ့်မည်​။ သူ​တို့​သည် ခက်ထန်​မောက်မာ​သော​စိတ်​ဖြင့် “​အုတ်​များ​ပြိုလဲ​လျှင်လည်း ထုဆစ်​ထား​သော​ကျောက်​နှင့် ပြန်တည်ဆောက်​မည်​။ သင်္ဘောသဖန်းပင်​များ​ခုတ်လှဲ​ခံရ​လျှင်လည်း သစ်ကတိုးပင်​များ​နှင့် အစားထိုး​မည်​”​ဟု ဆို​ကြ​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် ရေဇိန်​မင်းကြီး​၏​ရန်ဖက်​တို့​ကို​ချီးမြှောက်​တော်မူ​မည်​။ သူ​၏​ရန်သူ​တို့​ကို လှုံ့ဆော်​တော်မူ​မည်​။ အရှေ့ဘက်​မှ ဆီးရီးယား​လူမျိုး​၊ အနောက်ဘက်​မှ ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​ကို အငမ်းမရ​ဝါးမျို​ကြ​လိမ့်မည်​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။ သို့သော် လူမျိုး​တော်​သည် မိမိ​အား ဒဏ်ခတ်​တော်မူ​သော​အရှင်​ထံသို့ ပြန်​မ​လာ​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို မ​ရှာ​။ ထို့ကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ထဲမှ ဦးခေါင်း​နှင့်​အမြီး​ကို​လည်းကောင်း​၊ စွန်ပလွံ​အကိုင်းအခက်​နှင့်​ကျူပင်​ကို​လည်းကောင်း တစ်နေ့တည်း​တွင် ခုတ်ပစ်​တော်မူ​မည်​။ ဦးခေါင်း​ကား သက်ကြီးဝါကြီး​နှင့်​အသရေ​ရှိ​သော​သူ​တို့​တည်း​။ အမြီး​ကား မဟုတ်မမှန်​သွန်သင်​ပေး​သော​ပရောဖက်​တို့​တည်း​။ လမ်းပြ​ပေး​သော​ထို​သူ​တို့​သည် လူမျိုး​တော်​ကို​လမ်းလွဲ​စေ​သော​သူ​များ​ပေတည်း​။ သူ​တို့​လမ်းပြ​ရာ​နောက်သို့​လိုက်​သော​သူ​တို့​သည် ပျက်စီး​ခြင်း​သို့​ရောက်​လိမ့်မည်​။ သူ​တို့​အားလုံး​သည် ဘုရားတရားမဲ့​သော​သူ​၊ ဆိုးညစ်​သော​သူ​တို့​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​၏​နှုတ်​သည်​လည်း မိုက်မဲ​သော​စကား​ကို ပြောဆို​တတ်​ကြ​၏​။ ထို့ကြောင့် ဘုရားရှင်​သည် လူပျို​တို့​အပေါ် နှစ်သက်​တော်​မ​မူ​။ မိဘမဲ့​နှင့် မုဆိုးမ​တို့​ကို သနား​တော်​မ​မူ​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။ အကယ်စင်စစ် ဆိုးယုတ်မှု​သည် မီး​ကဲ့သို့​လောင်ကျွမ်း​တတ်​၏​။ ချုံပင်​၊ ဆူးပင်​များ​ကို​လောင်မြိုက်​လျက်​၊ တောအုပ်​ကို​စွဲလောင်​လျက် အခိုး​တလူလူ​တက်​စေ​တတ်​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အမျက်​တော်​ကြောင့် ပြည်​သည် မီးသင့်​၍ လူ​တို့​သည် လောင်စာ​ကဲ့သို့​ဖြစ်​ကြ​လိမ့်မည်​။ မည်သူမျှ မိမိ​ညီအစ်ကို​ကို မ​သနား​။ လူ​တိုင်း​မိမိ​လက်မောင်း​အသား​ကို စား​ကြ​ရ​၏​။ လက်ယာ​ဘက်​ကို ခုတ်ဖြတ်​သော်လည်း ဆာလောင်​သေး​၏​။ လက်ဝဲ​ဘက်​ကို စား​သော်လည်း မ​ဝ​ကြ​။ မနာရှေ​အမျိုး​က ဧဖရိမ်​အမျိုး​ကို​၊ ဧဖရိမ်​အမျိုး​က မနာရှေ​အမျိုး​ကို ဝါးမျို​၏​။ သူ​တို့​အတူတကွ ယုဒ​အမျိုး​ကို ဆန့်ကျင်​ကြ​၏​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။