YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 57

57
1ဖြောင့်မတ်​သော​သူ​ဆုံးပါး​သွား​သည်​ကို မည်သူ​မျှ​နှလုံး​မ​သွင်း​ကြ​။ ကျေးဇူးပြု​တတ်​သော​သူ​တို့ ရုပ်သိမ်း​ခြင်း​ခံရ​သည်​ကို မည်သူ​မျှ​နား​မ​လည်​ကြ​။ အကယ်စင်စစ် ဖြောင့်မတ်​သော​သူ​သည် မကောင်းမှု​ထဲမှ​ရုပ်သိမ်း​ခံရ​ခြင်း​ဖြစ်​၏​။ 2ဖြောင့်မတ်​စွာ​လျှောက်လှမ်း​သော​သူ​တို့​သည် နားနေရာ​၌​လဲလျောင်းခွင့်​ရ​၏​။ ငြိမ်းချမ်း​ရာ​သို့ ဝင်စား​ခွင့်​ရ​၏​။
ရုပ်တုကိုးကွယ်မှုကိုရှုတ်ချခြင်း
3စုန်းမ​သား​၊ အိမ်ထောင်ရေးဖောက်ပြန်​သူ​၊ ပြည့်တန်ဆာ​အမျိုးအနွယ်​တို့​၊ ချဉ်းကပ်​ကြ​လော့​။ 4သင်​တို့​သည် မည်သူ့​ကို သရော်​ကြ​သနည်း​။ မည်သူ့​ကို​ပါးစပ်​ဟ​၍ လျှာ​ထုတ်​ပြ​ကြ​သနည်း​။ သင်​တို့​သည် အပြစ်​ကျူးလွန်​သော​သားသမီး​များ​၊ မုသား​ပြောဆို​သော​အမျိုးအနွယ်​များ ဖြစ်​ကြ​သည်​မ​ဟုတ်​လော​။ 5ဝက်သစ်ချပင်​တို့​ကြား​၊ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​တို့​အောက်​တွင် ရမ္မက်မီး​တောက်လောင်​သော​သူ​များ​၊ လျှိုမြောင်​ရှိ ကျောက်တောင်​အက်ကွဲကြောင်း​များ​တွင် သားသမီး​များ​ကို သတ်ဖြတ်​ပူဇော်​သော​သူ​များ ဖြစ်​ကြ​သည်​မ​ဟုတ်​လော​။ 6လျှိုမြောင်​ထဲမှ​ချော​သော​ကျောက်​များ​ထဲတွင် သင်​၏​ဝေစု​ရှိ​၏​။ ထို​ကျောက်​တို့​သည် သင်​၏​ပေါက်မဲ​ဖြစ်​၏​။ အကယ်စင်စစ် သင်​သည် ထို​ကျောက်​တို့​အား သွန်းလောင်းရာပူဇော်သက္ကာ​ကို​သွန်းလောင်း​၏​။ ဘောဇဉ်ပူဇော်သက္ကာ​ကို​ပူဇော်​၏​။ ဤ​သည်​ကို ငါ​လိုက်လျော​ရ​မည်လော​။ 7သင်​သည် မြင့်မား​သော​တောင်​ပေါ်တွင် သင်​၏​အိပ်ရာ​ကို​ခင်း​၏​။ ထို​တောင်​ပေါ်သို့​တက်​၍​လည်း ယဇ်​ပူဇော်​တတ်​၏​။ 8သင်​၏​အမှတ်သင်္ကေတ​ကို တံခါး​၊ တံခါးတိုင်​နောက်၌ သင်​ထား​၏​။ အဝတ်အချည်းစည်း​ဖြင့် ငါ့​ထံ​မှ သင်​ထွက်သွား​၍ တောင်​ပေါ်သို့​တက်သွား​၏​။ သင့်​အိပ်ရာ​ကို​ကျယ်​စွာ​ဖြန့်​၍ အခြား​သူ​တို့​နှင့်​ပဋိညာဉ်ဖွဲ့​၏​။ သူ​တို့​၏​အိပ်ရာ​ကို သင်​နှစ်သက်​၍ သူ​တို့​အဝတ်မဝတ်​ဘဲ​နေ​သည်​ကို ငေးကြည့်​၏​။ 9သင်​သည် ရှင်ဘုရင်​ထံသို့ နံ့သာဆီ​ဖြင့် သွား​၏​။ နံ့သာ​မျိုး​များစွာ​ဖြင့် ကိုယ့်ကိုယ်ကိုယ်​မွှေးကြိုင်​စေ​၏​။ သင်​၏​သံတမန်​တို့​ကို​လည်း အဝေး​သို့​စေလွှတ်​၏​။ သင်​သည် မရဏာနိုင်ငံ​တိုင်အောင် နိမ့်ကျ​၏​။ 10သင်​သည် ဝေး​စွာ​ခရီး​သွား​၍ ပင်ပန်း​သော်လည်း “​မျှော်လင့်စရာ​မ​ရှိ​”​ဟု သင်​မ​ဆို​။ ခွန်အား​သစ်​ကို တွေ့​သောကြောင့် သင်​သည် အား​မ​လျော့#57:10 သို့မဟုတ် “နာမကျန်းမဖြစ်”။​။ 11မည်သူ့​ကို ထိတ်လန့်​ကြောက်ရွံ့​၍ သင်​လိမ်လည်​သနည်း​၊ ငါ့​ကို သင်​မ​အောက်မေ့​၊ ငါ့​ကို သင့်​စိတ်​ထဲ၌ မ​ထား​။ ငါ ကြာမြင့်​စွာ​တိတ်ဆိတ်​နေ​သောကြောင့် သင်​ငါ့​ကို​မ​ကြောက်​သည် မ​ဟုတ်​လော​။ 12ဖြောင့်မတ်​သည်​ဟု​ဆို​သော သင်​၏​လုပ်ရပ်​တို့​ကို ငါ​ကိုယ်တော်တိုင် ဖော်ထုတ်​မည်​။ ထို​အရာ​တို့​သည် သင့်​ကို​အကျိုးပြု​လိမ့်မည်​မ​ဟုတ်​။ 13သင်​အော်ဟစ်​သောအခါ ရုပ်တု​တို့​သည် သင့်​ကို​ကယ်နုတ်​ပါစေ​။ သို့သော် ထို​အရာ​အားလုံး​ကို လေ​တိုက်သွား​မည်​။ ထွက်သက်လေ​တစ်​ချက်​က လွင့်သွား​စေ​မည်​။ ငါ​၌​ခိုလှုံ​သော​သူ​မူကား ပြည်​တော်​ကို​အမွေဆက်ခံ​ရ​မည်​။ ငါ​၏​သန့်ရှင်း​သော​တောင်​ကို ပိုင်ဆိုင်​ရ​မည်​။
အနာငြိမ်းခြင်းနှင့်ငြိမ်းချမ်းခြင်း
14တစ်စုံတစ်ယောက်​က “​မြေဖို့​ကြ​။ မြေဖို့​ကြ​။ လမ်း​ကို​ပြင်​ကြ​။ ငါ​၏​လူ​တို့​သွား​ရာ​လမ်း​မှ ခလုတ်တံသင်း​ကို​ဖယ်ရှား​ကြ​လော့​”​ဟု ဆို​လိမ့်မည်​။ 15မြင့်မြတ်​၍​ချီးမြှောက်​ခြင်း​ခံ​တော်မူ​သော​၊ ထာဝရ​အသက်ရှင်​တော်မူ​သော​၊ သန့်ရှင်း​ခြင်း​ဟု နာမ​ရှိ​တော်မူ​သော​အရှင်​က “​ငါ​သည် စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​၊ စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ အထွတ်အမြတ်​ထား​ရာ​အရပ်​၊ သန့်ရှင်း​သော​အရပ်​၌ ကိန်းဝပ်​၏​။ စိတ်အားငယ်​သော​သူ​၊ စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​တို့​ကို အားဖြည့်ပေး​ရန် သူ​တို့​တွင် ငါ​ကိန်းဝပ်​၏​။ 16ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​သော​ဝိညာဉ်​၊ ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​သော​ဇီဝအသက်​တို့​သည် ငါ့​ရှေ့​မှာ မ​ညှိုးငယ်​စေရန် ငါ​သည် အစဉ်​အပြစ်တင်​မည်​မ​ဟုတ်​။ အစဉ်​အမျက်ထွက်​မည်​မ​ဟုတ်​။ 17မတရား​အကျိုးစီးပွား​ရှာ​သော​အပြစ်​ကြောင့် ငါ​သည် အမျက်ထွက်​၍ သူ့​ကို​ရိုက်​၏​။ ငါ​သည် အမျက်ထွက်​၍ မျက်နှာ​လွှဲ​သော်လည်း သူ​သည် မိမိ​စိတ်​အလိုရှိ​ရာ​လမ်း​သို့ ဆက်သွား​၍ လမ်းလွဲ​လျက်​ရှိ​၏​။ 18သူ​၏​လမ်း​တို့​ကို ငါ​မြင်​ပြီ​။ သို့သော် ငါ​သည် သူ့​ကို​ကုသ​၍ လမ်းပြ​ပေး​မည်​။ သူ့​ကို​လည်းကောင်း​၊ သူ​နှင့်အတူ​ငိုကြွေးမြည်တမ်း​သော​သူ​တို့​ကို​လည်းကောင်း ပြန်လည်​နှစ်သိမ့်​ပေး​မည်​။ 19နှုတ်ခမ်း​အသီး​ကို ငါ​ဖန်ဆင်း​၏​။ ဝေး​သော​သူ​၊ နီး​သော​သူ​တို့​၌ ငြိမ်သက်​ခြင်း ရှိ​စေ​သော​။ ငါ​သည် သူ့​ကို ကုသ​ပေး​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 20ဆိုးယုတ်​သော​သူ​တို့​သည် မ​ငြိမ်​မ​သက်​လှိုင်းထ​နေ​သော​ပင်လယ်​နှင့်​တူ​၏​။ ပင်လယ်​ရေ​သည် ရွှံ့​နှင့်​အမှိုက်​တို့​ကို ထကြွလှုပ်ရှား​စေ​တတ်​၏​။ 21“​ဆိုးယုတ်​သော​သူ​တို့​၌ ငြိမ်သက်​ခြင်း​မ​ရှိ​”​ဟု ငါ​၏​ဘုရားသခင်​မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 57: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။