YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 52:1-10

ဟေရှာယအနာဂတ္တိကျမ်း 52:1-10 MSBU

အို ဇိအုန်​မြို့​၊ နိုး​လော့​။ နိုး​လော့​။ သင့်​ခွန်အား​ကို ဝတ်ဆင်​လော့​။ အို သန့်ရှင်း​သော​ဂျေရုဆလင်​မြို့​၊ သင်​၏​တင့်တယ်​သော​အဝတ်​တို့​ကို ဝတ်ဆင်​လော့​။ အကြောင်းမူကား အရေဖျားမလှီး​သော​သူ​၊ ညစ်ညူး​သော​သူ​တို့​သည် သင့်​အထဲ​သို့ နောက်တစ်ဖန်​ဝင်​ရ​ကြ​မည်​မ​ဟုတ်​။ အို ဂျေရုဆလင်​မြို့​၊ မြေမှုန့်​ကို​ခါချ​၍ ထ​လော့​။ အို ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ဇိအုန်​သမီးပျို​၊ သင့်​လည်ပင်း​မှ​ကြိုး​ကို​ဖြေ​လော့​။ ထာဝရဘုရား​က “​သင်​တို့​သည် အဖိုးမဲ့​ရောင်းစား​ခံရ​သည်​ဖြစ်၍ ငွေ​မ​ပေး​ရ​ဘဲ ရွေးနုတ်​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ဘုရားရှင်​ထာဝရဘုရား​က “​ငါ​၏​လူမျိုး​တော်​သည် ယခင်က အီဂျစ်​ပြည်​တွင်​နေထိုင်​ရန် ဆင်းသွား​ကြ​၏​။ အဆီးရီးယား​လူမျိုး​တို့​သည် သူ​တို့​ကို အကြောင်းမဲ့ နှိပ်စက်​ကြ​၏​။ ယခု ငါ​ဘာ​ပြု​ရ​မည်နည်း​။ ငါ့​လူမျိုး​တော်​ကို အကြောင်းမဲ့ ခေါ်ဆောင်​သွား​ကြ​ပြီ​။ သူ​တို့​ကို​အုပ်စိုး​သော​သူ​တို့​သည် ဟစ်ကြွေး​ကြ​၏​။ ငါ့​နာမ​ကို တစ်နေ့လုံး မထီလေးစား​ပြု​ကြ​၏​။ ငါ​၏​လူမျိုး​တော်​သည် ငါ့​နာမ​ကို​သိ​ကြ​ရ​မည်​။ ‘​ကြည့်ရှု​လော့​။ ငါ​သည် ထို​အရှင်​ဖြစ်​၏​’​ဟု မိန့်​တော်မူ​သော​သူ​သည် ငါ​ပင်​ဖြစ်ကြောင်း​ကို ထို​နေ့ရက်​၌ သိ​ကြ​ရ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​တည်းဟူသော ငြိမ်းချမ်း​ခြင်း​အကြောင်း​ပြောကြား​သော​သူ​၊ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​တည်းဟူသော ကယ်တင်​ခြင်း​အကြောင်း​ပြောကြား​သော​သူ​၊ “​သင်​၏​ဘုရားသခင်​သည် စိုးစံ​တော်မူ​၏​”​ဟု ဇိအုန်​မြို့​အား​ပြော​သော​သူ​၏​ခြေ​သည် တောင်​ပေါ်တွင် အလွန်​တင့်တယ်​စွ​ပါ​တကား​။ သင်​၏​ကင်းစောင့်​တို့​အသံ​ပါတကား​။ သူ​တို့​သည် အသံ​လွှင့်​၍ အတူတကွ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​၏​။ အကြောင်းမူကား သူ​တို့​သည် ဇိအုန်​မြို့​သို့​ထာဝရဘုရား​ပြန်လာ​တော်မူ​သည်​ကို မျက်ဝါးထင်ထင် မြင်​ကြ​ရ​သောကြောင့်​တည်း​။ ဂျေရုဆလင်​မြို့​၏​ပြိုပျက်​ရာ​အရပ်​တို့​၊ ဝမ်းမြောက်​စွာ​ဟစ်ကြော်​ကြ​လော့​။ အတူတကွ သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို​နှစ်သိမ့်​တော်မူ​ပြီ​။ ဂျေရုဆလင်​မြို့​ကို ရွေးနုတ်​တော်မူ​ပြီ​။ ထာဝရဘုရား​သည် လူမျိုး​တကာ​တို့​၏​မျက်မှောက်​၌ မိမိ​၏​သန့်ရှင်း​သော​လက်ရုံး​တော်​ကို​ပြ​တော်မူ​သဖြင့် မြေကြီး​စွန်း​ရှိသမျှ​တို့​သည် ငါ​တို့​ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို တွေ့မြင်​ရ​ကြ​လိမ့်မည်​။