YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 5:1-7

ဟေရှာယအနာဂတ္တိကျမ်း 5:1-7 MSBU

ငါ​ချစ်​သော​သူ​အတွက် သူ​၏​စပျစ်ခြံ​ကို​ရည်စူး​၍ မေတ္တာ​သီချင်း​ကို ငါ​သီဆို​မည်​။ မြေဆီမြေနှစ်​ကောင်း​သော​တောင်ကုန်း​ပေါ်တွင် ငါ​ချစ်​သော​သူ​၏​စပျစ်ခြံ​ရှိ​၏​။ သူ​သည် မြေ​ကို​တူးဆွ​၍ ကျောက်ခဲ​တို့​ကို​ရှင်းလင်း​ပြီးမှ အကောင်းဆုံး​စပျစ်ပင်​ကို​စိုက်​၏​။ ထို​ခြံ​အလယ်​တွင် လင့်စင်​တစ်​ခု​ကို​ဆောက်​ပြီး စပျစ်သီးနယ်ရာကျင်း​ကို​လည်း တူး​၏​။ သူ​သည် ကောင်း​သော​စပျစ်သီး သီး​လာ​ရန် စောင့်မျှော်​ခဲ့​သော်လည်း စပျစ်သီး​အရိုင်း​များ​သာ သီး​ပါ​သည်​တကား​။ ယခုမှာ အို ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​၊ ငါ​နှင့်​ငါ့​စပျစ်ခြံ​အမှု​ကို တရားစီရင်​ပေး​ကြ​လော့​။ ငါ​၏​စပျစ်ခြံ​အတွက် မည်သည့်​အရာ​ကို ထပ်​လုပ်ပေး​ရ​မည်နည်း​။ ငါ​မ​လုပ်ပေး​ခဲ့​သည့်​အရာ ရှိ​သေး​သလော​။ ကောင်း​သော​စပျစ်သီး သီး​လာ​ရန် ငါ​စောင့်မျှော်​ခဲ့​သော်လည်း အဘယ်ကြောင့် စပျစ်သီး​အရိုင်း​များ သီး​ရ​သနည်း​။ ယခု ငါ​၏​စပျစ်ခြံ​ကို ငါ​မည်သို့​ပြု​မည်​ကို သင်​တို့​အား ငါ​ပြော​မည်​။ ခြံစည်းရိုး​ကို ငါ​ဖယ်ရှား​သဖြင့် စပျစ်ခြံ​သည် ဝါးမျို​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ တံတိုင်း​ကို ငါ​ဖြိုဖျက်​သဖြင့် စပျစ်ခြံ​သည် နင်းချေ​ခြင်း​ခံရ​မည်​။ ရှင်းလင်းပြုစု​ခြင်း​၊ တူးဆွပေါင်းသင်​ခြင်း​မ​ခံရ​ဘဲ ချုံပင်​၊ ဆူးပင်​များ​ပေါက်ရောက်​ရာ ဖုန်းဆိုးမြေ​ဖြစ်​မည်​။ ထို​ခြံ​အပေါ် မိုး​မ​ရွာသွန်း​စေရန် တိမ်တိုက်​တို့​ကို ငါ​မိန့်မှာ​မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စပျစ်ခြံ​ကား အစ္စရေး​အမျိုးအနွယ်​ပေတည်း​။ ကိုယ်တော်​နှစ်သက်​တော်မူ​သော​အပင်​ကား ယုဒ​အမျိုးသား​ပေတည်း​။ ကိုယ်တော်​သည် တရားမျှတမှု​ကို စောင့်မျှော်​တော်မူ​သော်လည်း ကြည့်ရှု​လော့​။ သတ်ဖြတ်မှု​သာ​ဖြစ်​ပါ​သည်​တကား​။ ဖြောင့်မတ်​ခြင်း​အစား အော်ဟစ်ငိုကြွေး​ခြင်း​သာ​ရှိ​ပါ​သည်​တကား​။