YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 49:14-26

ဟေရှာယအနာဂတ္တိကျမ်း 49:14-26 MSBU

သို့သော် ဇိအုန်​မြို့​က “​ထာဝရဘုရား​သည် ငါ့​ကို​စွန့်ပယ်​တော်မူ​ပြီ​။ ဘုရားရှင်​သည် ငါ့​ကို​မေ့လျော့​တော်မူ​ပြီ​”​ဟု ဆို​လေ​ပြီ​တကား​။ မိခင်​သည် မိမိ​နို့စို့ကလေး​ကို မေ့လျော့​နိုင်​မည်လော​။ မိမိ​ဝမ်း​နှင့်​လွယ်​သော​သားသမီး​ကို မ​သနား​ဘဲ​နေ​မည်လော​။ ထိုသို့​မေ့လျော့​နိုင်​ခဲ့​လျှင်ပင် ငါ​သည် သင့်​ကို​မေ့လျော့​မည်​မ​ဟုတ်​။ ငါ​သည် သင့်​ကို ငါ​၏​လက်ဖဝါး​ပေါ်တွင် ရေးထိုး​ထား​ပြီ​။ သင်​၏​မြို့ရိုး​တို့​သည် ငါ့​ရှေ့မှောက်​၌ အစဉ်​ရှိ​၏​။ သင်​၏​သားသမီး​တို့​သည် အလျင်အမြန်​ပြန်လာ​ကြ​ပြီ​။ သင့်​ကို​ဖြိုချ​သော​သူ​၊ သင့်​ကို​ဖျက်ဆီး​သော​သူ​တို့​သည် သင့်​ထံမှ​ထွက်သွား​ကြ​လိမ့်မည်​။ ပတ်ပတ်လည်​သို့ မျှော်ကြည့်​လော့​။ သူ​တို့​အားလုံး​သည် စုရုံး​၍ သင့်​ထံသို့​လာ​ကြ​ပြီ​။ ထာဝရဘုရား​က “​ငါ​အသက်ရှင်​သည်​နှင့်အညီ သင်​သည် သူ​တို့​အားလုံး​ကို အဆင်တန်ဆာ​ကဲ့သို့ ဝတ်ဆင်​လိမ့်မည်​။ သတို့သမီး​ကဲ့သို့ ဆင်မြန်း​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ပြိုပျက်​ခဲ့​သော​၊ လူသူကင်းမဲ့​ခဲ့​သော​၊ ဖျက်ဆီး​ခြင်း​ခံရ​သော​သင်​၏​ပြည်​သည် နေထိုင်​သူ​များ​သောကြောင့် ကျဉ်းကျပ်​လိမ့်မည်​။ သင့်​ကို ဝါးမျို​ခဲ့​သော​သူ​တို့​သည်​လည်း အဝေး​သို့​လွင့်သွား​ကြ​လိမ့်မည်​။ သင်​၏​အလျင်​သားသမီး​များ​ဆုံးပါး​ပြီးနောက် ထပ်မွေး​လာ​သော သားသမီး​တို့​က “​အကျွန်ုပ်​အတွက် နေရာ​ကျဉ်းကျပ်​၏​။ နေစရာ​နေရာပေး​ပါ​”​ဟု သင့်​ကို ပြော​ကြ​လိမ့်မည်​။ သင်​က “​မည်သူ​သည် ငါ့​အတွက် ဤ​သူ​တို့​ကို မွေးဖွား​ခဲ့​သနည်း​။ ငါ​သည် သားသမီး​များ​ဆုံးပါး​၍ သားသမီး​မ​ရ​နိုင်​သော​သူ​၊ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​၊ အပယ်​ခံရ​သူ​ဖြစ် ၏​။ ဤ​သူ​တို့​ကို မည်သူ​ကျွေးမွေးစောင့်ရှောက်​ခဲ့​သနည်း​။ ငါ​သည် တစ်ယောက်တည်း​ကျန်ရစ်​ခဲ့​၏​။ ဤ​သူ​တို့​သည် မည်သည့်​အရပ်​မှ​ရောက်လာ​ကြ​သနည်း​”​ဟု သင့်​စိတ်​ထဲ၌ တွေး​လိမ့်မည်​။ ဘုရားရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် တိုင်းနိုင်ငံ​တို့​ကို လက်​မြှောက်ပြ​မည်​။ လူမျိုးတကာ​တို့​ကို အချက်ပြအလံ ထူပြ​မည်​။ သူ​တို့​သည် သင်​၏​သား​တို့​ကို လက်​ထဲ၌​ပွေ့ချီ​လာ​မည်​။ သင်​၏​သမီး​တို့​ကို ပခုံး​ပေါ်၌ ထမ်းလာ​ကြ​မည်​။ ရှင်ဘုရင်​တို့​သည် သင့်​ကို ကြည့်ရှု​စောင့်ရှောက်​သူ​၊ မိဖုရား​တို့​သည် သင်​၏​နို့ထိန်း ဖြစ်​ကြ​လိမ့်မည်​။ သူ​တို့​သည် မြေ​ပေါ်​မျက်နှာ​အပ်​၍ သင့်​ရှေ့​၌​ပျပ်ဝပ်​ကာ သင်​၏​ခြေ​မှ မြေမှုန့်​ကို လျက်​ကြ​လိမ့်မည်​။ ထိုအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​ရ​လိမ့်မည်​။ ငါ့​ကို​စောင့်မျှော်​သော​သူ​တို့​သည် အရှက်​မ​ကွဲ​ရ​ကြ​”​ဟု မိန့်​တော်မူ​၏​။ စစ်သူရဲ တိုက်ယူ​ထား​သော​ပစ္စည်း​ကို သူ့​ထံမှ​ပြန်​တိုက်ယူ​နိုင်​မည်လော​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ဖြောင့်မတ်​သူ​တို့ လွတ်မြောက်​နိုင်​မည်လော​။ ထာဝရဘုရား​က “​အကယ်စင်စစ် ငါ​သည် စစ်သူရဲ​ဖမ်းခေါ်​သွား​သော​သူ​ကို ဆောင်ယူ​ခဲ့​မည်​။ ကြမ်းကြုတ်​သော​သူ​ထံမှ လုယူပစ္စည်း​ကို ပြန်သိမ်းယူ​မည်​။ သင့်​ကို​ရန်ပြု​သော​သူ​အား ငါ​ကိုယ်တော်တိုင် ရန်ပြု​မည်​။ သင်​၏​သားသမီး​တို့​ကို ငါ​ကိုယ်တော်တိုင် ကယ်တင်​မည်​။ သင့်​ကို နိုင်ထက်စီးနင်း​ပြု​သော​သူ​တို့​အား ကိုယ့်​အသား​ကိုယ်​ပြန်​စား​စေ​မည်​။ စပျစ်ဝိုင်​ကဲ့သို့ ကိုယ့်​သွေး​ကိုယ်​ပြန်သောက်​စေ​မည်​။ သို့ဖြစ်၍ ငါ​ထာဝရဘုရား​သည် သင့်​ကို​ကယ်တင်​သော​အရှင်​၊ သင့်​ကို​ရွေးနုတ်​သော​အရှင်​၊ ယာကုပ်​အမျိုး​၏​တန်ခိုးကြီး​သော​အရှင် ဖြစ်ကြောင်း လူ​အပေါင်း​တို့​သိ​ကြ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။