YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 3

3
ယုဒခေါင်းဆောင်တို့ကိုတရားစီရင်ခြင်း
1ကြည့်ရှု​လော့​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​သည် အစာ​အထောက်အပံ့​၊ ရေ​အထောက်အပံ့ စသည့် ကူညီ​ပံ့ပိုးမှု​အားလုံး​ကို ဂျေရုဆလင်​မြို့​အပါအဝင် ယုဒ​ပြည်​တစ်ပြည်လုံး​မှ ဖယ်ရှား​တော်မူ​၏​။ 2သူရဲကောင်း​နှင့်​စစ်သည်​မှစ၍ တရားသူကြီး​၊ ပရောဖက်​၊ ဂမ္ဘီရပညာ​တတ်မြောက်​သူ​၊ သက်ကြီးဝါကြီး​၊ 3လူ​ငါးဆယ်​အုပ်​၊ ဂုဏ်သရေရှိသူ​၊ အကြံပေးသူ​၊ လက်မှုအတတ်​ကျွမ်းကျင်​သူ​၊ မန်းမှုတ်​သော​အတတ်​ကျွမ်းကျင်​သူ​တို့​ကို​လည်း ဖယ်ရှား​တော်မူ​၏​။ 4ငါ​သည် သူငယ်​တို့​ကို သူ​တို့​၏​အကြီးအကဲ​များ​ဖြစ်​စေ​မည်​။ ကလေးငယ်​တို့​သည် သူ​တို့​ကို အုပ်စိုး​ကြ​လိမ့်မည်​။ 5လူ​တစ်ဦး​ကို​တစ်ဦး​၊ အိမ်နီးချင်း​တစ်ဦး​ကို​တစ်ဦး ညှဉ်းဆဲ​ကြ​လိမ့်မည်​။ လူငယ်​သည် လူကြီး​ကို​လည်းကောင်း​၊ လူယုတ်​သည် လူမြတ်​ကို​လည်းကောင်း စော်ကား​လိမ့်မည်​။ 6ထို့ကြောင့် လူ​သည် မိသားစု​ထဲမှ မိမိ​၏​ညီအစ်ကို​ကို ကိုင်ဆွဲ​ပြီး “​သင်​၌ အဝတ်အစား​ရှိ​သေး​၏​။ ငါ​တို့​ကို ဦးဆောင်​ပေး​ပါ​။ ဤ​အပျက်အစီး​များ​ကို သင်​အုပ်စိုး​ပါ​”​ဟု ဆို​လိမ့်မည်​။ 7ထို​သူ​က​လည်း “​ငါ​သည် ကုသ​နိုင်​သော​သူ​မ​ဟုတ်​။ ငါ့​အိမ်​၌ အစားအစာ​လည်း​မ​ရှိ​။ အဝတ်အစား​လည်း​မ​ရှိ​။ ငါ့​ကို လူ​တို့​အား ဦးဆောင်သူ​မ​ဖြစ်​စေ​ကြ​နှင့်​”​ဟု ထို​နေ့ရက်​တွင်ပင် ပြန်ပြော​လိမ့်မည်​။ 8ဂျေရုဆလင်​မြို့ ခလုတ်တိုက်​ပြီ​။ ယုဒ​ပြည် လဲကျ​ပြီ​။ သူ​တို့​၏​စကား​၊ သူ​တို့​၏​အပြုအမူ​တို့​သည် ထာဝရဘုရား​ကို​ဆန့်ကျင်​ကြ​၏​။ ဘုန်းအသရေ​တော်​ရှေ့​တွင် ပုန်ကန်​ကြ​၏​။ 9သူ​တို့​၏​မျက်နှာထား​သည် သူ​တို့​ကို သက်သေခံ​နေ​၏​။ သူ​တို့​သည် မိမိ​တို့​အပြစ်​ကို​ထိမ်ဝှက်​မ​ထား​ဘဲ သောဒုံ​မြို့​ကဲ့သို့ ပြောကြား​ကြ​၏​။ မကောင်းမှု​ကို ကိုယ့်​အပေါ်​ကိုယ် ကျရောက်​စေ​ကြ​သောကြောင့် သူ​တို့​၏​စိတ်ဝိညာဉ်​သည် အမင်္ဂလာ​ရှိ​၏​။ 10ဖြောင့်မတ်​သော​သူ​တို့​သည် မိမိ​တို့​လုပ်ဆောင်မှု​၏​အသီးအပွင့်​ကို​စား​ရ​မည်​ဖြစ်​သောကြောင့် ကောင်း​ပေ​သည်​ဟု သူ​တို့​အား ပြောကြား​လော့​။ 11ဆိုးယုတ်​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ သူ​၌ ဆိုးညစ်​သော​အမှု သက်ရောက်​မည်​။ သူ​၏​လုပ်ဆောင်မှု​အတိုင်း သူ​၌​ဖြစ်​လိမ့်မည်​။ 12ငါ​၏​လူမျိုး​တော်​ကို ကလေးသူငယ်​တို့​က ညှဉ်းဆဲ​ကြ​၏​။ မိန်းမ​တို့​က အုပ်စိုး​ကြ​၏​။ အို ငါ့​လူမျိုး​တော်​၊ သင်​တို့​ကို​လမ်းပြ​သော​သူ​တို့​သည် သင်​တို့​ကို လမ်းလွဲ​စေ​၍ သင်​တို့​၏​လမ်းခရီး​ကို ရှုပ်ထွေး​စေ​ကြ​၏​။ 13ထာဝရဘုရား​သည် စွဲချက်တင်​ရန် ရပ်​တော်မူ​၏​။ လူ​တို့​ကို တရားစီရင်​ရန် ထ​တော်မူ​၏​။ 14ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​၏​သက်ကြီးဝါကြီး​များ​၊ အကြီးအကဲ​များ​ကို တရားစီရင်​ရန် ကြွလာ​တော်မူ​မည်​။ “​သင်​တို့​သည် စပျစ်ခြံ​ကို ဝါးမျို​ဖျက်ဆီး​ကြ​ပြီ​။ ဆင်းရဲသား​တို့​၏​ပစ္စည်း​ကို လုယူ​၍ သင်​တို့​အိမ်​၌ သိမ်းထား​ကြ​ပြီ​။ 15သင်​တို့​သည် မည်သည့်​အကြောင်း​ကြောင့် ငါ​၏​လူမျိုး​တော်​ကို ချိုးဖဲ့ခြေမွှ​၍ ဆင်းရဲသား​တို့​၏​မျက်နှာ​ကို ကြိတ်​ကြ​ရ​သနည်း​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
ဇိအုန်သမီးတို့ကိုတရားစီရင်ခြင်း
16တစ်ဖန် ထာဝရဘုရား​က “​ဇိအုန်​သမီး​တို့​သည် ဘဝင်မြင့်​ကြ​၏​။ လည်​ကို​ဆန့်​လျက်​၊ မျက်လုံး​ကစား​လျက်​၊ သူ​တို့​၏​ခြေချင်း​မြည်​အောင် ဖွဖွရွရွ​လမ်းလျှောက်​တတ်​ကြ​သောကြောင့် 17ဘုရားရှင်​သည် ဇိအုန်​သမီး​တို့​၏​ဦးခေါင်း​ကို ယားနာပေါက်​စေ​တော်မူ​မည်​။ ထာဝရဘုရား​သည် သူ​တို့​ကို အဝတ်​အချည်းစည်း​ဖြစ်​စေ​တော်မူ​မည်​”​ဟု မိန့်​တော်မူ​၏​။
18ထို​နေ့ရက်​၌ ဘုရားရှင်​သည် သူ​တို့​၏​တင့်တယ်​သော​ခြေချင်း​၊ ခေါင်းစည်း​၊ လခြမ်းကွေးလည်ဆွဲ​၊ 19နားဆွဲ​၊ လက်ကောက်​၊ မျက်နှာလွှားဇာ​၊ 20ခေါင်းစည်းပဝါ​၊ ခြေပတ်ကြိုး​၊ ခါးစည်း​၊ ရေမွှေး​၊ အဆောင်လက်ဖွဲ့​၊ 21တံဆိပ်တုံးလက်စွပ်​၊ နှာဆွဲ​၊ 22ပွဲနေပွဲထိုင်​အဝတ်အစား​၊ အပေါ်ဝတ်ရုံ​၊ ခြုံထည်​၊ ပိုက်ဆံအိတ်​၊ 23မှန်​၊ ပိတ်ချော​ဝတ်ရုံ​၊ ခေါင်းပေါင်း​၊ ခြုံပဝါ စသည်​တို့​ကို ဖယ်ရှား​တော်မူ​မည်​။
24အမွှေးနံ့သာ​အစား အပုပ်နံ့​၊ ခါးစည်း​အစား ကြိုး​၊ ဆံထုံး​အစား ခေါင်းတုံး​၊ ဝတ်ကောင်းစားလှ​အစား လျှော်တေအဝတ်​၊ လှပတင့်တယ်​ခြင်း​အစား အမာရွတ် ဖြစ်​စေ​မည်​။ 25သင်​၏​လူ​တို့​သည် ဓား​ဖြင့်​လည်းကောင်း​၊ သင်​၏​စစ်သူရဲ​သည် စစ်ပွဲ​၌​လည်းကောင်း ကျဆုံး​ကြ​လိမ့်မည်​။ 26ဇိအုန်​မြို့​တံခါး​တို့​သည် ညည်းတွား​၍ ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်​။ ဇိအုန်​မြို့​သည် လူသူကင်းမဲ့​လိမ့်မည်​။ မြေကြီး​ပေါ်​ထိုင်​ရ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ