YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 14

14
အစ္စရေးလူမျိုးတို့ပြည်တော်ပြန်ခြင်း
1အကြောင်းမူကား ထာဝရဘုရား​သည် ယာကုပ်​အမျိုး​ကို​သနား​တော်မူ​မည်​။ အစ္စရေး​လူမျိုး​ကို နောက်တစ်ဖန်​ရွေးချယ်​တော်မူ​မည်​။ သူ​တို့​ပြည်​၌ သူ​တို့​ကို​နေရာချ​တော်မူ​မည်​။ တိုင်းတစ်ပါးသား​တို့​သည် သူ​တို့​နှင့်​ပူးပေါင်း​မည်​။ ယာကုပ်​အမျိုး​နှင့် ပေါင်းဖော်​ကြ​မည်​။ 2လူမျိုးခြား​တို့​သည် သူ​တို့​ကို​ခေါ်​၍ သူ​တို့​၏​နေရပ်​သို့ ပို့ဆောင်​ကြ​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့​သည် ထို​လူမျိုးခြား​တို့​ကို ထာဝရဘုရား​၏​ပြည်​တော်​၌ ကျွန်ယောက်ျား​နှင့်​ကျွန်မိန်းမ​များ​အဖြစ် ပိုင်ဆိုင်​ကြ​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​ကို​ဖမ်းဆီးခေါ်ဆောင်​သွား​ခဲ့​သော​သူ​တို့​အား ပြန်​၍​ဖမ်းဆီးခေါ်ဆောင်​လာ​ကြ​လိမ့်မည်​။ သူ​တို့​ကို​ညှဉ်းဆဲ​ခဲ့​သော​သူ​တို့​အား အုပ်စိုး​ကြ​လိမ့်မည်​။
ဘေဘီလုံဘုရင်ကျဆုံးခြင်း
3ထို​နေ့ရက်​၌ ထာဝရဘုရား​သည် သင်​၏​ဝမ်းနည်းပူဆွေး​ခြင်း​၊ ဆင်းရဲဒုက္ခ​၊ အလုပ်​ကြမ်း​လုပ်​ရ​ခြင်း​တို့​မှ သင့်​အား​လွတ်ငြိမ်းချမ်းသာ​ခွင့်​ကို​ပေး​တော်မူ​၍ 4သင်​သည် ဘေဘီလုံ​ဘုရင်​အား “​ညှဉ်းဆဲ​တတ်​သော​သူ​သည် အဆုံးသတ်​လေ​ပြီ​တကား​။ သူ​၏​ဒေါသမီး​သည်​လည်း ချုပ်ငြိမ်း​လေ​ပြီ​တကား​”​ဟု ပြောင်လှောင်​သော​စကား​ကို​ဆို​လိမ့်မည်​။ 5-6လူ​တို့​ကို ဒေါသ​ဖြင့် တစ်ချိန်လုံး​ရိုက်နှက်​၍ တိုင်းနိုင်ငံ​တို့​ကို မငဲ့မညှာ​နှိပ်စက်​လျက် အမျက်​နှင့်​အုပ်စိုး​သောကြောင့် ထာဝရဘုရား​သည် ဆိုးယုတ်​သော​သူ​တို့​၏​တုတ်​၊ အုပ်စိုး​သူ​မင်း​တို့​၏​ရာဇလှံတံ​ကို ချိုး​တော်မူ​၏​။ 7ကမ္ဘာမြေ​တစ်ခွင်လုံး ငြိမ်းချမ်း​သာယာ​သွား​၍ လူ​တို့​သည် ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လေ​၏​။ 8ထင်းရှူးပင်​၊ လက်ဘနွန်​တောင်​ရှိ​သစ်ကတိုးပင်​တို့​ပင်လျှင် သင့်​အဖြစ်​ကြောင့် ဝမ်းမြောက်​ကြ​၏​။ “​သင်​အိပ်ပျော်​သွား​သော​အချိန်​မှစ၍ ငါ​တို့​ကို​ခုတ်လှဲ​မည့်​သူ မ​တက်လာ​ပါ​”​ဟု ဆို​ကြ​၏​။ 9သင်​ရောက်လာ​မည်​ဖြစ်၍ အောက်​အရပ်​ရှိ​မရဏာနိုင်ငံ​သည် စိတ်လှုပ်ရှား​စွာ​ဖြင့်​ကြိုဆို​နေ​၏​။ သေလွန်​ပြီး​သော ကမ္ဘာမြေကြီး​၏​ခေါင်းဆောင်​အပေါင်း​တို့​ကို လှုံ့ဆော်​၏​။ တိုင်းနိုင်ငံ​တို့​၏​ရှင်ဘုရင်​အပေါင်း​တို့​ကို ရာဇပလ္လင်​မှ​ထ​စေ​၏​။ 10ထို​သူ​အပေါင်း​တို့​က “​သင်​သည်​လည်း ငါ​တို့​ကဲ့သို့​အားနည်း​ပါ​သည်​တကား​၊ ငါ​တို့​နှင့်​တူ​ပါ​ပြီ​တကား​”​ဟု တုံ့ပြန်​ပြောဆို​ကြ​လိမ့်မည်​။ 11သင်​၏​ဘုန်းတန်ခိုး​၊ သင်​၏​စောင်း​သံ​သည် မရဏာနိုင်ငံ​သို့​ဆင်းသွား​ပြီ​။ လောက်ကောင်​များ​သည် သင့်​အောက်​၌​ပြန့်​နေ​၍ ပိုးကောင်​များ​သည် သင့်​ကို​ဖုံးလွှမ်း​၏​။ 12အို နံနက်​သား​၊ မိုးသောက်ကြယ်​၊ သင်​သည် ကောင်းကင်​မှ ကျ​လေ​ပြီ​တကား​။ တိုင်းနိုင်ငံ​တို့​ကို အောင်နိုင်​သော​သင်​သည် မြေ​သို့​တိုင်​ခုတ်လှဲ​ခြင်း​ခံရ​လေ​ပြီ​တကား​။ 13သင်​က “​ကောင်းကင်​သို့​ငါ​တက်​မည်​။ ဘုရားသခင်​၏​ကြယ်​တို့​အထက်​၌ ငါ့​ပလ္လင်​ကို​ငါ​တည်​မည်​။ မြောက်ဘက်​စွန်း#14:13 သို့မဟုတ် “ဇာဖုန်တောင်ထိပ်”။​ရှိ တွေ့ဆုံစည်းဝေးရာ​တောင်​ပေါ်မှာ ငါ​ထိုင်​မည်​။ 14မြင့်ရာအရပ်​ရှိ​တိမ်တိုက်​များ​အထက်​သို့ ငါ​တက်​မည်​။ အမြင့်ဆုံး​သော​ဘုရား​ကဲ့သို့ ငါ့ကိုယ်ငါ ဖြစ်စေ​မည်​”​ဟု သင့်​စိတ်​ထဲ၌​ဆို​၏​။ 15သို့သော် သင်​သည် မရဏာနိုင်ငံ​၊ တွင်း​၏​အနက်ဆုံး​နေရာ​သို့ ကျသွား​လိမ့်မည်​။ 16သင့်​ကို​တွေ့​သော​သူ​တို့​သည် သင့်​ကို​စိုက်ကြည့်​ပြီးလျှင် “​ကမ္ဘာမြေကြီး​ကို​လှုပ်ခတ်​စေ​သော​သူ​၊ တိုင်းနိုင်ငံ​များ​ကို တုန်လှုပ်​စေ​သော​သူ​၊ 17ကမ္ဘာကြီး​ကို တောကန္တာရ​ကဲ့သို့​ဖြစ်စေ​သော​သူ​၊ မြို့​များ​ကို​ဖြိုဖျက်​သော​သူ​၊ အချုပ်​ခံရ​သော​သူ​တို့​ကို အိမ်​သို့​ပြန်ခွင့်​မ​ပေး​သော​သူ​ကား ဤ​သူ​လော​”​ဟု တွေးဆ​ကြ​လိမ့်မည်​။ 18တိုင်းနိုင်ငံ​တို့​၏​ရှင်ဘုရင်​အပေါင်း​တို့​သည် မိမိ​တို့​၏​ဂူဗိမာန်​အသီးသီး​၌ ဘုန်းအသရေ​ရှိရှိ​လဲလျောင်း​ကြ​ရ​၏​။ 19သင်​မူကား သင်​၏​သင်္ချိုင်းဂူ​နှင့်​ဝေး​ရာ​၌ ဆွေးမြည့်​သော​သစ်ကိုင်း​ကဲ့သို့ လွှင့်ပစ်​ခြင်း​ခံရ​၏​။ အသတ်​ခံရ​သော​သူ​၊ ဓား​ထိုး​ခံရ​သော​သူ​၊ ကျောက်​တွင်း​ထဲသို့​ကျ​သော​သူ​တို့​၏​အသေကောင်​များ​ဖြင့် ဖုံးအုပ်​ခြင်း​ခံရ​လျက် အနင်း​ခံရ​သော အလောင်းကောင်​ကဲ့သို့​ဖြစ်​၏​။ 20သင်​သည် မိမိ​ပြည်​ကို​ဖျက်ဆီး​၍ မိမိ​လူမျိုး​ကို​သတ်ဖြတ်​သောကြောင့် သူ​တို့​နှင့်အတူ​ရော​၍​သင်္ဂြိုဟ်​ခြင်း​မ​ခံရ​။ ဆိုးညစ်​သော​သူ​တို့​၏​သားစဉ်မြေးဆက်​အကြောင်း​ကို မည်သည့်​အခါ​မျှ ထုတ်ဖော်​ပြောဆို​ကြ​မည်​မ​ဟုတ်​။ 21ဘိုးဘေး​တို့​၏​ဒုစရိုက်​ကြောင့် သားမြေး​တို့​အား​ကွပ်မျက်​မည့်​နေရာ​ကို ပြင်ဆင်​ကြ​လော့​။ သို့မဟုတ်လျှင် သူ​တို့​သည် ထ​၍​ကမ္ဘာမြေ​ကို​သိမ်းယူ​ကြ​လိမ့်မည်​။ ကမ္ဘာ​မြေပြင်​ကို မြို့​များ​နှင့်​ပြည့်​စေ​ကြ​လိမ့်မည်​။
22ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် သူ​တို့​ကို ထ​၍​ဆန့်ကျင်​မည်​။ ဘေဘီလုံ​ဟူသော​အမည်နာမ​မှစ၍ ကြွင်းကျန်​သော​သူ​များ​၊ သားသမီး​နှင့် သားမြေးအစဉ်အဆက်​တို့​ကို ငါ​ပယ်ရှား​မည်​”​ဟု မိန့်​တော်မူ​၏​။ 23တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် ထို​မြို့​ကို ဖြူကောင်#14:23 သို့မဟုတ် “ဇီးကွက်”။​နေရာ​အရပ်​၊ ရေအိုင်ထွန်း​ရာ​အရပ်​ဖြစ်စေ​မည်​။ ဖျက်ဆီး​ခြင်း​တံမြက်စည်း​ဖြင့် လှည်းကျင်း​မည်​”​ဟု မိန့်​တော်မူ​၏​။
အဆီးရီးယားလူမျိုးကိုဖျက်ဆီးခြင်း
24ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​ကြံရွယ်​သည့်​အတိုင်း ဖြစ်လာ​မည်​။ ငါ​ကြံစည်​သည့်​အတိုင်း ဖြစ်ပျက်​မည်​။ 25အဆီးရီးယား​လူမျိုး​ကို ငါ့​ပြည်​တွင် ချိုးဖဲ့​မည်​။ ငါ့​တောင်​များ​ပေါ်တွင် ငါ​နင်းချေ​မည်​။ သူ​၏​ထမ်းပိုး​ကို အစ္စရေး​လူမျိုး​တို့​အပေါ်​မှ ဖယ်ရှား​မည်​။ သူ​၏​ဝန်​ကို အစ္စရေး​လူမျိုး​တို့​၏​ပခုံး​ပေါ်​မှ​ဖယ်ရှား​မည်​”​ဟု ကျိန်ဆို​တော်မူ​၏​။ 26ဤသည်ကား ကမ္ဘာမြေ​တစ်ခွင်လုံး​အတွက် ကြံစည်​ထား​သော​အကြံအစည်​တော်​ဖြစ်​၏​။ ဤသည်ကား တိုင်းနိုင်ငံ​အားလုံး​တို့​အပေါ် ဆန့်​သော​လက်​တော်​ဖြစ်​၏​။ 27ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား ကြံစည်​တော်မူ​သည်​ကို မည်သူ​ဖျက်​မည်နည်း​။ ဆန့်ထား​လျက်​ရှိ​သော​လက်​တော်​ကို မည်သူ​ပြန်ရုပ်သိမ်း​မည်နည်း​။
ဖိလိတ္တိပြည်သားတို့နှင့်ဆိုင်သောဗျာဒိတ်တော်
28အာခတ်​မင်းကြီး အနိစ္စရောက်​သော​နှစ်​တွင် ဤ​ဗျာဒိတ်​တော် ရောက်လာ​၏​။ 29ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​၊ သင့်​ကို ရိုက်​သော​ကြိမ်လုံး​ကျိုး​သောကြောင့် ဝမ်းမြောက်​ခြင်း​မ​ရှိ​နှင့်​။ အကြောင်းမူကား မြွေ​အမျိုး​ထဲက မြွေပွေး​ပေါက်လာ​လိမ့်မည်​။ သူ​၏​သားပေါက်​သည်​လည်း ပျံသန်း​တတ်​သော​မီးမြွေ​ဖြစ်​လိမ့်မည်​။ 30ဆင်းရဲ​သော​သူ​တို့​၏​သားဦး​တို့​သည် ကျွေးမွေး​ခြင်း​ခံရ​ကြ​လိမ့်မည်​။ နွမ်းပါး​သော​သူ​တို့​သည် ဘေးကင်းလုံခြုံ​စွာ​အိပ်​ရ​ကြ​လိမ့်မည်​။ သို့သော် သင်​၏​အမြစ်​ကို ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် ငါ​သေ​စေ​မည်​။ သင်​၏​အကြွင်းအကျန်​သည်​လည်း သတ်ဖြတ်​ခြင်း​ခံရ​မည်​။ 31အို မြို့​တံခါး​၊ ညည်းတွားငိုကြွေး​လော့​။ အို မြို့​၊ အော်ဟစ်​လော့​။ မြောက်အရပ်​မှ​မီးခိုး​ထွက်လာ​၏​။ စစ်သည်​အလုံးအရင်း​တွင် တစ်ယောက်တည်း​ကွဲထွက်​သွား​သော​သူ​မ​ရှိ​။ ထို့ကြောင့် ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​သည် စိတ်အားလျော့​ကြ​၏​။ 32တိုင်းနိုင်ငံ​၏​သံတမန်​တို့​ကို မည်သို့​ပြန်ပြော​ရ​မည်နည်း​။ ထာဝရဘုရား​သည် ဇိအုန်​မြို့​ကို​တည်​တော်မူ​ပြီ​။ ထို​မြို့​၌ အဖိနှိပ်​ခံရ​သော​လူမျိုး​တော်​တို့ ခိုလှုံ​ကြ​လိမ့်မည်​ဟု ပြန်ပြော​ရ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ