YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေအနာဂတ္တိကျမ်း 4:1-19

ဟောရှေအနာဂတ္တိကျမ်း 4:1-19 MSBU

အို အစ္စရေး​အမျိုးသား​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ထာဝရဘုရား​သည် ပြည်သူပြည်သား​တို့​ကို စွဲချက်တင်​လေ​ပြီ​။ “တိုင်းပြည်​တွင် သစ္စာတရား​မ​ရှိ​၊ မေတ္တာကရုဏာ​မ​ရှိ​၊ ဘုရားသခင်​ကို​သိကျွမ်း​ခြင်း​မ​ရှိ​။ တိုင်းပြည်​သည် ကျိန်ဆို​ခြင်း​၊ လိမ်ညာ​ခြင်း​၊ လူသတ်​ခြင်း​၊ ခိုးယူ​ခြင်း​၊ အိမ်ထောင်ရေးဖောက်ပြန်​ခြင်း​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​၏​။ လူသတ်မှု​ကို အထပ်ထပ်​ကျူးလွန်​ကြ​၏​။ ထို့ကြောင့် တိုင်းပြည်​သည် ငိုကြွေးမြည်တမ်း​လိမ့်မည်​။ ပြည်သူပြည်သား​များ​လည်း ချုံးချုံးကျ​ကုန်​လိမ့်မည်​။ တောရိုင်းတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​နှင့် ပင်လယ်​ငါး​များ​ပါ​မကျန် သေကျေ​ကြ​လိမ့်မည်​။ သို့သော် အဘယ်သူ​ကို​မျှ အပြစ်​မ​တင်​နှင့်​။ အဘယ်သူ​ကို​မျှ မ​ဆုံးမ​နှင့်​။ သင်​၏​လူ​တို့​သည် ယဇ်ပုရောဟိတ်​ကို အပြစ်တင်​သော​သူ​ဖြစ်​၏​။ သင်​သည် နေ့​အချိန်​၌ ခလုတ်တိုက်​လဲ​လိမ့်မည်​။ ညအချိန်​တွင် ပရောဖက်​သည်​လည်း သင်​နှင့်အတူ ခလုတ်တိုက်​လဲ​လိမ့်မည်​။ သင့်​အမိ​ကို​လည်း ငါ​ဖျက်ဆီး​မည်​။ ငါ့​လူမျိုး​တော်​သည် အသိပညာ​မဲ့​သောကြောင့် ပျက်စီး​ရ​လေ​ပြီ​။ သင်​သည် အသိပညာ​ကို ငြင်းပယ်​သောကြောင့် သင့်​ကို ယဇ်ပုရောဟိတ်​အဖြစ်​မှ ငါ​စွန့်ပယ်​မည်​။ သင်​သည် ဘုရားသခင်​၏​ပညတ်တရားတော်​ကို မေ့လျော့​သောကြောင့် သင့်​သားသမီး​တို့​ကို ငါ​မေ့လျော့​မည်​။ သူ​တို့​သည် လူဦးရေ​တိုးလာ​သည်​နှင့်အမျှ ငါ့​ကို​ဆန့်ကျင်​၍ အပြစ်ပြု​ကြ​လေ​ပြီ​။ ထို့ကြောင့် သူ​တို့​၏​ဂုဏ်သရေ​ကို အရှက်ကွဲ​ခြင်း​နှင့် လဲပစ်​မည်​။ ငါ့​လူမျိုး​တော်​၏​အပြစ်ဖြေရာယဇ်ကောင်​ကို စား​ရ​သောကြောင့် လူ​တို့​အပြစ်​ပြု​သည်​ကို သူ​တို့​နှစ်သက်​သဘောကျ​ကြ​၏​။ လူမျိုး​တော်​ခံရ​သကဲ့သို့ ယဇ်ပုရောဟိတ်​လည်း ခံရ​မည်​။ သူ​တို့​လျှောက်​သော​လမ်း​အတိုင်း သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ သူ​တို့​၏​အပြုအမူ​အတိုင်း သူ​တို့​ကို ငါ​ပြန်​ပေးဆပ်​စေ​မည်​။ သူ​တို့​သည် ထာဝရဘုရား​၏​စကား​ကို​မ​လိုက်နာ​၊ ထာဝရဘုရား​ကို​စွန့်ပယ်​သောကြောင့် အစာ​စား​ရ​သော်လည်း တင်းတိမ်​မည်​မ​ဟုတ်​၊ ပြည့်တန်ဆာလုပ်​သော်လည်း သားသမီး​ထွန်းကား​မည်​မ​ဟုတ်​။ ဖောက်ပြန်မှားယွင်း​ခြင်း​နှင့် စပျစ်ဝိုင်​အဟောင်း​၊ စပျစ်ဝိုင်​အသစ်​တို့​သည် သူ​တို့​၏​အသိစိတ်​ကို အနိုင်ယူ​သွား​လေ​ပြီ​။ ငါ့​လူမျိုး​တော်​သည် သစ်သား​ရုပ်တု​ကို မေးမြန်း​တတ်​၏​။ တောင်ဝှေး​သည်​လည်း သူ​တို့​ကို ပြောပြ​တတ်​၏​။ ပြည့်တန်ဆာ​ပြု​လို​စိတ်​ကြောင့် လမ်းလွဲ​၍ ဘုရားသခင်​ကို​စွန့်ပယ်​ကာ ပြည့်တန်ဆာလုပ်​ကြ​၏​။ သူ​တို့​သည် တောင်ထိပ်​များ​ပေါ်တွင် ယဇ်ပူဇော်​ပြီး တောင်ကုန်း​များ​ပေါ်တွင်​လည်းကောင်း​၊ အရိပ်​ကောင်း​သော​ဝက်သစ်ချပင်​၊ ပေါ့ပလာပင်​၊ သပိတ်ပင်​တို့​အောက်​တွင်​လည်းကောင်း နံ့သာပေါင်း​ကို မီးရှို့ပူဇော်​ကြ​၏​။ ထို့ကြောင့် သင်​တို့​၏​သမီး​တို့​သည် ပြည့်တန်ဆာလုပ်​ပြီး ချွေးမ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​ကြ​၏​။ ပြည့်တန်ဆာလုပ်​သော​သင်​တို့​၏​သမီး​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​ကြ​သော​သင်​တို့​၏​ချွေးမ​များ​ကို ငါ​ဒဏ်​မ​ခတ်​။ အကြောင်းမှာ ယောက်ျား​များ​ကိုယ်တိုင် ပြည့်တန်ဆာ​တို့​နှင့်​ပေါင်းဖော်​ကြ​၏​။ ဗိမာန်ပြည့်တန်ဆာ​တို့​နှင့်အတူ ယဇ်ပူဇော်​ကြ​၏​။ ထို့ကြောင့် အသိဉာဏ်​မ​ရှိ​သော​သူ​တိုင်း ပျက်စီး​ရ​လိမ့်မည်​။ အို အစ္စရေး​၊ သင်​သည် ပြည့်တန်ဆာလုပ်​ရာ​တွင် ယုဒ​အပေါ် အပြစ်​မ​သက်ရောက်​စေ​နှင့်​။ ဂိလဂါလ​မြို့​သို့ မ​သွား​နှင့်​။ ဗေသဝင်​မြို့​သို့ တက်​မ​သွား​နှင့်​။ ‘ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ’​ဟု မ​ကျိန်ဆို​နှင့်​။ နွားမတမ်း​ခေါင်းမာ​သကဲ့သို့ အစ္စရေး​သည်​လည်း ခေါင်းမာ​၏​။ ထာဝရဘုရား​သည် သူ​တို့​ကို သိုးသငယ်​ကဲ့သို့ စားကျက်ပြင်​တွင် ထိန်းကျောင်း​ဦး​မည်လော​။ ဧဖရိမ်​အမျိုး​သည် ရုပ်တု​များ​နှင့် တစ်သားတည်း​ဖြစ်​လေ​ပြီ​။ သူ့​ကို ရှိ​စေ​တော့​။ သူ​တို့​သည် စပျစ်ဝိုင်​ယစ်မူး​ပြီး ပြည့်တန်ဆာ​နှင့်​ဖောက်ပြန်မှားယွင်း​ကြ​၏​။ သူ​တို့​၏​အကြီးအကဲ​တို့​သည်​လည်း ရှက်ဖွယ်​အမှု​ကို အလွန်​နှစ်သက်​ကြ​၏​။ လေ​သည် သူ​တို့​ကို အတောင်ပံ​များ​နှင့်​ရစ်ပတ်​လေ​ပြီ​။ သူ​တို့​ပူဇော်​သော​ယဇ်​များ​ကြောင့် အရှက်ကွဲ​ရ​ကြ​လိမ့်မည်​။

​ဟောရှေအနာဂတ္တိကျမ်း 4:1-19 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။