YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 9

9
ပဋိညာဉ်ဟောင်းနှင့်ဆိုင်သောဝတ်
1ပထမ​ပဋိညာဉ်​တွင်​လည်း ဝတ်ပြု​ခြင်း​ဆိုင်ရာ​ပြဋ္ဌာန်း​ချက်​များ​နှင့် လောက​၌​ရှိ​သော​သန့်ရှင်း​ရာ​ဌာန​ပါ​၏။ 2အကြောင်းမူကား တဲ​တော်​ကို​ပြင်ဆင်​ရာ​တွင် သန့်ရှင်း​ရာ​ဌာန​ဟု​ခေါ်​သော ပထမ​အခန်း​ထဲ၌ ဆီမီးခုံ၊ စားပွဲ​နှင့် ရှေ့​တော်​မုန့်​တို့​ကို​ထား​ရှိ​ကြ​၏။ 3ဒုတိယ​ကန့်လန့်ကာ​၏​နောက်တွင်​မူကား အလွန်​သန့်ရှင်း​ရာ​ဌာန​ဟု​ခေါ်​သော​တဲ​တော်​ရှိ​၏။ 4၎င်း​ထဲတွင် နံ့သာပေါင်း​မီးရှို့​ရာ​ရွှေ​ယဇ်ပလ္လင်​နှင့် မျက်နှာပြင်​အဘက်ဘက်​၌ ရွှေ​ဖြင့်​မွမ်းမံ​ထား​သော​ပဋိညာဉ်​သေတ္တာ​ရှိ​၏။ ထို​သေတ္တာ​၌ မန္န​မုန့်​ထည့်​ထား​သည့်​ရွှေ​အိုး၊ အဖူး​ထွက်​သော​အာရုန်​၏​တောင်ဝှေး​နှင့် ပဋိညာဉ်​ကျောက်ပြား​တို့​ရှိ​၏။ 5ထို​သေတ္တာ​ပေါ်တွင် ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ခေရုဗိမ်​တို့​သည် အသနားခံ​ရာ​ပလ္လင်​ကို အုပ်မိုး​ထား​ကြ​၏။ ဤ​အရာ​များ​အကြောင်း​ကို ယခု​အသေးစိတ်​ပြောပြ​၍ မ​ရ​နိုင်​ပေ။
6၎င်း​တို့​ကို ထိုသို့​ပြင်ဆင်​ပြီး​သောအခါ ယဇ်ပုရောဟိတ်​တို့​သည် တဲ​တော်​ပထမ​အခန်း​ထဲသို့ အစဉ်​ဝင်​၍ ဝတ်ပြု​ခြင်း​အမှု​များ​ကို​ဆောင်ရွက်​ကြ​၏။ 7ဒုတိယ​အခန်း​ထဲသို့​မူကား ယဇ်ပုရောဟိတ်​မင်း​တစ်ပါးတည်း​သာ တစ်​နှစ်​တစ်ကြိမ်​ဝင်​လေ​၏။ ထိုသို့​ဝင်​သောအခါ မိမိ​အတွက်​လည်းကောင်း၊ လူ​တို့​မ​သိ​နားမလည်​၍​ကျူးလွန်​မိ​သော​အပြစ်​များ​အတွက်​လည်းကောင်း ပူဇော်​သည့်​သွေး​မ​ပါ​ဘဲ​ဝင်​ခြင်း​မ​ရှိ။ 8တဲ​တော်​ပထမ​အခန်း​တည်ရှိ​နေ​သရွေ့ အလွန်​သန့်ရှင်း​ရာ​ဌာန​သို့​ဝင်ရောက်​ရာ​လမ်း​သည် မ​ပွင့်​သေး​ကြောင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​က ဤ​အမှုအရာ​အားဖြင့် ဖော်ပြ​တော်မူ​၏။ 9ထို​တဲ​တော်​သည် ဤ​မျက်မှောက်​ကာလ​အတွက် ပုံ​ဥပမာ​ဖြစ်၍ ပူဇော်​သော​ပူဇော်သက္ကာ​နှင့်​ယဇ်​တို့​သည် ဝတ်ပြု​သူ​၏​အသိစိတ်​ကို​မ​စုံလင်​စေ​နိုင်​ကြောင်း ဖော်ပြ​၏။ 10ထို​အရာ​တို့​သည် စားစရာ၊ သောက်​စရာ​နှင့် အထူးထူး​အပြားပြား​သော​ဆေးကြော​ခြင်း​ဝတ်​များ​နှင့်ဆိုင်​၍ အသစ်​ပြုပြင်​ရာ​ကာလ​တိုင်အောင် ထုံးဖွဲ့​ထား​သော ကိုယ်ကာယ​နှင့်ဆိုင်သည့် ပြဋ္ဌာန်း​ချက်​များ​သာ​ဖြစ်​ကြ​၏။
ပဋိညာဉ်သစ်နှင့်ဆိုင်သောဝတ်
11သို့သော် ခရစ်တော်​သည် ရောက်ရှိ​လာ​ပြီး​ဖြစ်​သည့် ကောင်း​သော​အရာ​များ​နှင့်ဆိုင်သော ယဇ်ပုရောဟိတ်​မင်း​အဖြစ်​ကြွလာ​တော်မူ​၍ လူ့​လက်​ဖြင့်​တည်ဆောက်​သည်​မ​ဟုတ်၊ တစ်နည်းဆိုသော် ဤ​ဖန်ဆင်း​ခံ​လောက​မှ​မ​ဟုတ်​သော ပို၍​ကြီးမြတ်​ပြီး ပို၍​စုံလင်​သည့်​တဲ​တော်​မှ​တစ်ဆင့် 12ဆိတ်​နှင့်​နွားသငယ်​တို့​၏​သွေး​အားဖြင့်​မ​ဟုတ်​ဘဲ မိမိ​၏​သွေး​တော်​အားဖြင့် သန့်ရှင်း​ရာ​ဌာန​ထဲသို့ တစ်ကြိမ်တည်း​နှင့်​အပြီး​ဝင်​တော်မူ​၍ ထာဝရ​ရွေးနုတ်​ကယ်တင်​ခြင်း​အကျိုး​ကို သက်ရောက်​စေ​တော်မူ​၏။ 13အကြောင်းမူကား ညစ်ညူး​ခြင်း​ရှိ​သော​သူ​တို့​အပေါ်​ပက်ဖျန်း​သော ဆိတ်​သွေး၊ နွားလား​၏​သွေး​နှင့် နွားမတမ်း​၏​ပြာ​တို့​သည် ကိုယ်ကာယ​ကို​စင်ကြယ်​စေ​၍ သူ​တို့​ကို​သန့်ရှင်း​စေ​သည်​ဆိုလျှင် 14ထာဝရ​ဝိညာဉ်​တော်​အားဖြင့် အပြစ်​အနာအဆာ​ကင်း​သော မိမိ​ကိုယ်ကို ဘုရားသခင်​ထံ​ပူဇော်​ခဲ့​သည့် ခရစ်တော်​၏​သွေး​တော်​သည် အသက်ရှင်​သော​ဘုရားသခင်​ကို ငါ​တို့​ဝတ်ပြု​မည့်​အကြောင်း သေ​ခြင်း​နှင့်ဆိုင်သော​အကျင့်​များ​မှ ငါ​တို့​၏​အသိစိတ်​ကို မည်မျှ​ပို၍​စင်ကြယ်​စေ​လိမ့်မည်​နည်း။
15ထို့ကြောင့် ခရစ်တော်​သည် ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ​ဖြစ်​တော်မူ​၏။ ဤသည်ကား ပထမ​ပဋိညာဉ်​လက်အောက်​၌ ဖောက်ဖျက်​ကျူးလွန်​သော​အပြစ်​များ​မှ လူ​တို့​ကို​ရွေးနုတ်​ရန် ကိုယ်တော်​သည် အသေခံ​တော်မူ​ခြင်း​အားဖြင့် ခေါ်ယူ​တော်မူ​သော​သူ​တို့​သည် ထာဝရ​အမွေ​နှင့်ဆိုင်သော​ကတိ​တော်​ကို ရရှိ​မည့်​အကြောင်း​တည်း။
16သေတမ်းစာ​ကို​တင်ပြ​ရာ​တွင် ထို​သေတမ်းစာ​ကို​ရေး​ထား​သူ သေဆုံး​ပြီ​ဖြစ်​ကြောင်း အထောက်အထား​ပြ​ရန်​လိုအပ်​၏။ 17အကြောင်းမူကား သေတမ်းစာ​သည် ၎င်း​ကို​ရေး​ထား​သူ​အသက်ရှင်​နေ​စဉ် အကျုံး​မ​ဝင်၊ ထို​သူ​သေဆုံး​မှ​သာ အတည်​ဖြစ်​၏။ 18ထို့ကြောင့် ပထမ​ပဋိညာဉ်​ကို​လည်း သွေး​မ​ပါ​ဘဲ​ဖွဲ့​ခဲ့​သည်​မ​ဟုတ်။ 19အကြောင်းမူကား မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​ပါ​သမျှ​သော​ပညတ်​ချက်​တို့​ကို လူ​အပေါင်း​တို့​အား​ကြေညာ​ပြီးလျှင် ရေ​နှင့်​ရောနှော​သော နွားသငယ်​နှင့်​ဆိတ်​တို့​၏​သွေး​ကို​ယူ​၍ ထို​ကျမ်း​မှစ၍ လူ​အပေါင်း​တို့​ကို နီမြန်း​သော​သိုးမွေး​နှင့်​ဟုဿုပ်​ညွန့်​ဖြင့် ပက်ဖျန်း​လျက် 20“ဤသည်ကား သင်​တို့​အား ဘုရားသခင်​ပညတ်​တော်မူ​သည့် ပဋိညာဉ်​နှင့်ဆိုင်သော​သွေး​ဖြစ်​၏”​ဟု ဆို​လေ​၏။ 21ထို့နောက် တဲ​တော်​နှင့်တကွ ဝတ်ပြု​ရာ​တွင်​အသုံးပြု​သော​ပစ္စည်း​ရှိသမျှ​တို့​ကို​လည်း ထိုနည်းတူ​သွေး​နှင့် ပက်ဖျန်း​လေ​၏။ 22ပညတ်​တရား​အရ အရာ​အားလုံး​နီးပါး​သည် သွေး​အားဖြင့်​စင်ကြယ်​စေ​ရ​၏။ သွေး​သွန်းလောင်း​ခြင်း​မ​ရှိ​လျှင် အပြစ်​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ဟူ၍​မ​ရှိ။#ဝတ် 17:11။
23ထို့ကြောင့် ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​တို့​၏​နမူနာ​များ​ကို အဆိုပါ​အရာ​များ​အားဖြင့် စင်ကြယ်​စေ​ရန်​လိုအပ်​၏။ သို့သော် အထက်​ကောင်းကင်​အရပ်​၌​ရှိ​သော​အရာ​အစစ်​တို့​ကို​မူကား ထို​အရာ​များ​ထက် သာ၍​မြတ်​သော​ယဇ်​အားဖြင့် စင်ကြယ်​စေရန်​လိုအပ်​၏။ 24အကြောင်းမူကား ခရစ်တော်​သည် စစ်မှန်​သော​အရာ​၏​ပုံတူ​မျှသာ​ဖြစ်​သည့် လူ့​လက်​ဖြင့်​တည်ဆောက်​သော​သန့်ရှင်း​ရာ​ဌာန​ထဲသို့​မ​ဝင်​ဘဲ ငါ​တို့​ကိုယ်စား ယခု ဘုရားသခင်​၏​ရှေ့​တော်​၌​ထင်ရှား​တော်မူ​ရန် ကောင်းကင်​ထဲသို့​ဝင်​တော်မူ​၏။ 25ယဇ်ပုရောဟိတ်​မင်း​သည် ကိုယ့်​သွေး​မ​ဟုတ်​သော​သွေး​ဖြင့် နှစ်စဉ်နှစ်တိုင်း သန့်ရှင်း​ရာ​ဌာန​ထဲသို့​ဝင်​သကဲ့သို့ ကိုယ်တော်​သည် မိမိကိုယ်ကို​အကြိမ်ကြိမ်​ပူဇော်​ရန်​မ​လို​ပေ။ 26ထိုသို့​ပူဇော်​ရ​လျှင် ကမ္ဘာ​တည်​ချိန်​မှစ၍ ဒုက္ခ​ဝေဒနာ​ကို အကြိမ်ကြိမ်​ခံစား​ရ​ပေ​လိမ့်မည်။ ယခု​မူကား မိမိ​ကိုယ်​ကို​ပူဇော်​ခြင်း​အားဖြင့် အပြစ်​တရား​ကို​ပယ်ဖျက်​ရန် ကပ်​ကာလ​အဆုံး​၌ တစ်ကြိမ်တည်း​ပေါ်ထွန်း​တော်မူ​၏။ 27လူ​တို့​သည် တစ်ကြိမ်တည်း​သေ​၍ သေ​ပြီး​သည့်​နောက် တရား​စီရင်​ခြင်း​ကို​ခံရ​သကဲ့သို့ 28ခရစ်တော်​သည်​လည်း များစွာ​သော​လူ​တို့​၏​အပြစ်​များ​ကို​ဆောင်ယူ​သွား​ရန် မိမိ​ကိုယ်​ကို​တစ်ကြိမ်တည်း​ပူဇော်​ပြီးမှ ဒုတိယ​အကြိမ်​၌​ကား အပြစ်​အတွက်​မ​ဟုတ်​ဘဲ မိမိ​ကို​စောင့်မျှော်​နေ​သော​သူ​တို့​အား ကယ်တင်​ရန်​အတွက် ပေါ်ထွန်း​တော်မူ​လိမ့်မည်။

လက်ရှိရွေးချယ်ထားမှု

ဟေဗြဲဩဝါဒစာ 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ