YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 4:1-11

ဟေဗြဲဩဝါဒစာ 4:1-11 MSBU

ထို့ကြောင့် ဘုရားသခင်​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​မည့်​ကတိ​တော်​ရှိ​နေ​သေး​လျက်​နှင့် သင်​တို့​ထဲမှ မ​ဝင်​လိုက်​ရ​ဘဲ​နေ​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိထား​ကြ​ကုန်စို့။ အကြောင်းမူကား ငါ​တို့​သည်​လည်း ကောင်းမြတ်​သော​သတင်း​ကို ထို​သူ​တို့​နည်းတူ ကြား​ရ​ကြ​ပြီ။ သို့သော် သူ​တို့​ကြား​ရ​သော​နှုတ်ကပတ်တော်​သည် သူ​တို့​၌ ယုံကြည်​ခြင်း​နှင့်​မ​ပေါင်းစပ်​သောကြောင့် သူ​တို့​အတွက် အကျိုး​မ​ရှိ​ခဲ့​ချေ။ ယုံကြည်​သော​ငါ​တို့​မူကား ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​၏။ ဤသည်ကား “အမျက်​တော်​အားဖြင့် ငါ​တိုင်တည်​ပြောဆို​သကဲ့သို့ သူ​တို့​သည် ငါ​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​သည့်​အတိုင်း​ဖြစ်​၏။ သို့ရာတွင် အမှု​တော်​များ​သည် ကမ္ဘာ​တည်​ကတည်းက ပြီးမြောက်​ပြီ​ဖြစ်​၏။ အကြောင်းမူကား သတ္တမ​နေ့​နှင့်​ပတ်သက်၍ “သတ္တမ​နေ့​တွင် ဘုရားသခင်​သည် မိမိ​လုပ်ဆောင်​သော​အမှု​ရှိသမျှ​တို့​ကို​ရပ်​လျက် ငြိမ်ဝပ်​စွာ​နေ​တော်မူ​၏”​ဟု ကျမ်း​တစ်​နေရာ​၌​ဆို​ထား​၏။ တစ်ဖန် “သူ​တို့​သည် ငါ​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု ထို​နေရာ​၌​ဆို​ထား​၏။ သို့ဖြစ်၍ ထို​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့​ဝင်​ရ​သော​အခွင့်​သည် အချို့​သော​သူ​တို့​အတွက်​ရှိသေး​၏။ ကောင်းမြတ်​သော​သတင်း​ကို ရှေးဦးစွာ​ကြား​ရ​သော​သူ​တို့​သည် မ​နာခံ​မှု​ကြောင့် မ​ဝင်​ခဲ့​ရ​ကြ​ချေ။ ထို့ကြောင့် ဘုရားသခင်​သည် နေ့​တစ်​နေ့​ကို “ယနေ့”​ဟူ၍ တစ်ဖန် ချမှတ်​တော်မူ​ပြီး နောင်​နှစ်​ပေါင်း​များစွာ​ကြာ​သောအခါ အထက်​က​ဖော်ပြ​ခဲ့​သည့်​အတိုင်း “ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင် သင်​တို့​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်”​ဟု ဒါဝိဒ်​အားဖြင့် မိန့်​တော်မူ​၏။ အကယ်၍ ယောရှု​သည် သူ​တို့​အား ငြိမ်ဝပ်​ချမ်းသာ​ခြင်း​ကို​ပေး​ခဲ့​သည်​မှန်​လျှင် နောက်မှ အခြား​နေ့ရက်​အကြောင်း​ကို ဘုရားသခင်​မြွက်ဆို​တော်မူ​မည်​မ​ဟုတ်။ သို့ဖြစ်၍ ဘုရားသခင်​၏​လူမျိုး​တော်​အတွက် ငြိမ်ဝပ်​ချမ်းသာ​ခြင်း​တစ်​မျိုး​ရှိသေး​၏။ အကြောင်းမူကား ဘုရားသခင်​သည် မိမိ​လုပ်ဆောင်​သော​အမှု​များ​ကို​ရပ်​လျက် ငြိမ်ဝပ်​စွာ​နေ​တော်မူ​သကဲ့သို့ ကိုယ်တော်​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​သော​သူ​သည်​လည်း မိမိ​လုပ်ဆောင်​သော​အမှု​များ​ကို​ရပ်​လျက် ငြိမ်ဝပ်​စွာ​နေ​ရ​၏။ ထို့ကြောင့် သူ​တို့​၏​မ​နာခံ​မှု​ပုံစံ​ကို​လိုက်​၍ ပြိုလဲ​မည့်သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​ဘဲ ထို​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​နိုင်​မည့်အကြောင်း ငါ​တို့​ကြိုးစား​အားထုတ်​ကြ​ကုန်​စို့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။