YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 3:1-19

ဟေဗြဲဩဝါဒစာ 3:1-19 MSBU

သို့ဖြစ်၍ ကောင်းကင်​နှင့်ဆိုင်သော ခေါ်ယူ​တော်မူ​ခြင်း​၌​ပါဝင်​သည့် သန့်ရှင်း​သော​ညီအစ်ကို​တို့၊ ငါ​တို့​ယုံကြည်​ဝန်ခံ​သည့် တမန်တော်​နှင့်​ယဇ်ပုရောဟိတ်​မင်း​တည်းဟူသော ယေရှု​အကြောင်း​ကို ဆင်ခြင်​အောက်မေ့​ကြ​လော့။ မောရှေ​သည် ဘုရားသခင်​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​သကဲ့သို့ ယေရှု​သည်​လည်း မိမိ​ကို​ခန့်ထား​သော​ဘုရားသခင်​အပေါ်​သစ္စာရှိ​တော်မူ​၏။ အိမ်​ဆောက်​သူ​သည် ထို​အိမ်​ထက် သာ၍​ဂုဏ်သရေ​ရှိ​သကဲ့သို့ ယေရှု​သည် မောရှေ​ထက် သာ၍​မြင့်မြတ်​သော​ဘုန်း​အသရေ​ကို​ရ​ထိုက်​သည်​ဟု မှတ်ယူ​ခြင်း​ခံရ​၏။ အကြောင်းမူကား အိမ်​တိုင်း​ကို တစ်စုံတစ်ယောက်​က တည်ဆောက်​ရ​၏။ သို့သော် အရာ​ခပ်သိမ်း​ကို​တည်ဆောက်​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။ မောရှေ​သည် နောင်​အခါ​ဟောပြော​မည့်​အရာ​တို့​အတွက် သက်သေ​ဖြစ်​ရန် အစေခံ​အဖြစ် ဘုရားသခင်​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​၏။ ခရစ်တော်​မူကား သား​တော်​အဖြစ် ဘုရားသခင်​၏​အိမ်​တော်​အပေါ်​သစ္စာရှိ​တော်မူ​၏။ ငါ​တို့​သည် ယုံကြည်​စိတ်ချ​ခြင်း​နှင့် မျှော်လင့်​ခြင်း​၌​ဂုဏ်ယူ​ဝါကြွား​ခြင်း​တို့​ကို စွဲကိုင်​ထား​လျှင် ဘုရားသခင်​၏​အိမ်​တော်​ဖြစ်​ကြ​၏။ ထို့ကြောင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​က “ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင် တော​ကန္တာရ​တွင် စမ်းသပ်​စစ်ဆေး​ရာ​ကာလ​၌ ဆန့်ကျင်​ဘက်​ပြု​ကြ​စဉ်​က​ကဲ့သို့ သင်​တို့​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်။ ထို​အရပ်​တွင် သင်​တို့​ဘိုးဘေး​များ​သည် ငါ့​ကို​စမ်းသပ်​လျက် စစ်ဆေး​ကြ​ကာ အနှစ်​လေးဆယ်​အတွင်း ငါ​ပြု​သော​အမှု​များ​ကို တွေ့မြင်​ခဲ့​ကြ​၏။ သို့ဖြစ်၍ ထို​မျိုးဆက်​ကို ငါ​အမျက်ထွက်​ပြီး ‘သူ​တို့​သည် စိတ်နှလုံး​ထဲ၌ အစဉ်​လမ်းလွဲ​၍ ငါ​၏​လမ်း​ကို မ​သိ​ကြ’​ဟု ငါ​ဆို​၏။ ထို့ကြောင့် အမျက်​တော်​အားဖြင့် ငါ​တိုင်တည်​ပြောဆို​သကဲ့သို့ သူ​တို့​သည် ငါ​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​သည့်​အတိုင်း ညီအစ်ကို​တို့၊ သင်​တို့​တွင် မ​ယုံကြည်​တတ်​သော​ဆိုးညစ်​သည့်​စိတ်နှလုံး​ရှိ​သဖြင့် အသက်ရှင်​သော​ဘုရားသခင်​ထံ​တော်​မှ ထွက်ခွာ​သွား​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိပြု​ကြ​လော့။ သင်​တို့​တွင် အပြစ်​တရား​၏​လှည့်ဖြား​မှု​ကြောင့် မည်သူမျှ စိတ်နှလုံး​မာကျော​ခြင်း​မ​ရှိ​စေရန် ယနေ့​ဟု​ခေါ်​ရ​သော​အချိန်​ရှိ​နေ​သရွေ့ နေ့စဉ် အချင်းချင်း​တိုက်တွန်း​နှိုးဆော်​ကြ​လော့။ အကြောင်းမူကား ငါ​တို့​သည် အစ​၌​ရှိ​သော​စိတ်ချ​မှု​ကို အဆုံး​တိုင်အောင် ခိုင်မြဲ​စွာ​စွဲကိုင်​ထား​လျှင် ခရစ်တော်​နှင့်​စပ်ဆိုင်​သော​သူ​များ​ဖြစ်​ကြ​၏။ ကျမ်းစာ​၌ “ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင် ဆန့်ကျင်​ဘက်​ပြု​ကြ​စဉ်​က​ကဲ့သို့ သင်​တို့​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်”​ဟု ဆို​ထား​၏။ ထိုသို့​ကြား​ရ​လျက်​နှင့် ဆန့်ကျင်​ခဲ့​သူ​များ​ကား မည်သူ​တို့​နည်း။ မောရှေ​၏​ဦးဆောင်​မှု​အားဖြင့် အီဂျစ်​ပြည်​မှ​ထွက်လာ​သော​သူ​အပေါင်း​တို့​ပင်​မ​ဟုတ်​လော။ တစ်ဖန် အနှစ်​လေးဆယ်​အတွင်း မည်သူ​တို့​အပေါ် အမျက်ထွက်​တော်မူ​ခဲ့​သနည်း။ အပြစ်​ပြု​၍ တော​ကန္တာရ​၌ ခန္ဓာ​ကြွေ​ရ​သူ​များ​အပေါ်​မ​ဟုတ်​လော။ ထို့ပြင် “ကိုယ်တော်​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု မည်သူ​တို့​အား တိုင်တည်​၍​မိန့်​တော်မူ​ခဲ့​သနည်း။ နာခံ​ခြင်း​မ​ရှိ​သော​သူ​များ​ကို​ပင်​မ​ဟုတ်​လော။ သို့ဖြစ်၍ သူ​တို့​သည် မ​ယုံကြည်​မှု​ကြောင့် မ​ဝင်​နိုင်​သည်​ကို ငါ​တို့​သိမြင်​ရ​ကြ​၏။