YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 13:1-8

ဟေဗြဲဩဝါဒစာ 13:1-8 MSBU

ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​၌ ဆက်၍​တည်​ကြ​လော့။ ဧည့်ဝတ်​ပြု​ခြင်း​ကို မ​မေ့လျော့​ကြ​နှင့်။ အကြောင်းမူကား အချို့​တို့​သည် ထို​ဝတ်​ကို​ပြု​ခြင်း​အားဖြင့် ကောင်းကင်​တမန်​များ​ကို အမှတ်မထင်​ဧည့်ခံ​ခဲ့​ကြ​၏။ အကျဉ်းသား​များ​ကို သူ​တို့​နှင့်အတူ​အချုပ်အနှောင်​ခံ​နေ​ရ​သကဲ့သို့ သတိရ​ကြ​လော့။ မတရား​ပြုမူ​ဆက်ဆံ​ခြင်း​ခံရ​သော​သူ​တို့​ကို သင်တို့​လည်း မိမိ​ကိုယ်ခန္ဓာ​၌ ထိုနည်းတူ​ခံရ​သကဲ့သို့ သတိရ​ကြ​လော့။ မင်္ဂလာဆောင်​ခြင်း​အမှု​ကို လူ​တိုင်း​လေးစား​မြတ်နိုး​ရ​မည်။ ထိမ်းမြား​ခြင်း​အိပ်ရာ​ကို​လည်း ညစ်ညူး​ခြင်း​မ​ရှိ​စေ​ရ။ အကြောင်းမူကား တရားနှင့်မညီ​မေထုန်ပြု​သူ​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​တို့​ကို ဘုရားသခင်​စီရင်​တော်မူ​လိမ့်မည်။ အသက်ရှင်​နေထိုင်​မှု​တွင် ငွေ​ကို​တပ်မက်​ခြင်း​မ​ရှိ​ဘဲ မိမိ​၌​ရှိ​သော​အရာ​နှင့် ရောင့်ရဲ​ကြ​လော့။ အကြောင်းမူကား “ငါ​သည် မည်သည့်​အခါ​မျှ သင့်​ကို​စွန့်ခွာ​မည်​မ​ဟုတ်။ မည်သည့်​အခါ​မျှ သင့်​ကို​ပစ်ပယ်​မည်​မ​ဟုတ်”​ဟု ကိုယ်တော်​မိန့်​တော်မူ​၏။ ထို့ကြောင့် “ထာဝရ​ဘုရား​သည် ငါ့​ကို​ကူညီမစ​တော်မူ​သော​အရှင်​ဖြစ်၍ ငါ​သည် ကြောက်ရွံ့​မည်​မ​ဟုတ်။ လူ​သည် ငါ့​ကို မည်သို့​ပြု​နိုင်​မည်နည်း”​ဟု ငါ​တို့​သည် ယုံကြည်​စိတ်ချ​စွာ​ပြောဆို​ရ​ကြ​၏။ ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို သင်​တို့​အား​ဟောပြော​ခဲ့​သည့် သင်​တို့​၏​ခေါင်းဆောင်​များ​ကို သတိရ​ကြ​လော့။ သူ​တို့​၏​အသက်ရှင်​နေထိုင်​မှု​မှ​ထွက်ပေါ်လာ​သည့် အကျိုးတရား​ကို​ကြည့်ရှု​ဆင်ခြင်​လျက် သူ​တို့​၏​ယုံကြည်​ခြင်း​ကို အတုယူ​ကြ​လော့။ ယေရှု​ခရစ်တော်​သည် မနေ့၊ ယနေ့​နှင့် နောင်​ကာလ​အစဉ်အဆက် ပြောင်းလဲ​ခြင်း​မ​ရှိ။