YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 12:18-29

ဟေဗြဲဩဝါဒစာ 12:18-29 MSBU

သင်​တို့​သည် တို့ထိ​စမ်းသပ်​နိုင်​သော​တောင်​တည်းဟူသော မီး​တောက်လောင်​ခြင်း၊ မှုန်မှိုင်း​ခြင်း၊ မှောင်မည်း​ခြင်း၊ မိုးသက်မုန်တိုင်း၊ တံပိုးမှုတ်သံ​နှင့် နှုတ်ကပတ်တော်​အသံ​တို့​ရှိ​ရာ​တောင်​သို့ ချဉ်းကပ်​ကြ​သည်​မ​ဟုတ်။ ထို​အသံ​တော်​ကို​ကြား​ရ​သော​သူ​တို့​သည် မိမိ​တို့​အား ထပ်မံ​၍​မိန့်​တော်​မ​မူ​ရန် တောင်းပန်​ကြ​၏။ အကြောင်းမူကား “တိရစ္ဆာန်​ပင် ထို​တောင်​ကို​ထိမိ​လျှင် ခဲ​နှင့်​ပေါက်​သတ်​ရ​မည်”​ဟူသော​အမိန့်​တော်​ကို သူ​တို့​မ​ခံ​နိုင်​ခဲ့​ကြ​ချေ။ ထို​မြင်ကွင်း​သည် အလွန်​ကြောက်မက်​ဖွယ်​ကောင်း​သဖြင့် မောရှေ​က “ငါ​သည် အလွန်​ကြောက်ရွံ့​လျက် တုန်လှုပ်​နေ​၏”​ဟု ဆို​လေ​၏။ သို့သော် သင်​တို့​သည် ဇိအုန်​တောင်​သို့​လည်းကောင်း၊ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​မြို့​တော်​တည်းဟူသော အထက်​ကောင်းကင်​အရပ်​ရှိ ဂျေရုဆလင်​မြို့​သို့​လည်းကောင်း၊ အတိုင်းမသိ​များစွာ​သော ကောင်းကင်​တမန်​တို့​စုဝေး​ရာ​အခမ်းအနား​သို့​လည်းကောင်း၊ ကောင်းကင်​ဘုံ​စာရင်း​ဝင်​သော သားဦး​တို့​၏​အသင်းတော်​သို့​လည်းကောင်း၊ လူ​အပေါင်း​တို့​ကို​တရား​စီရင်​တော်မူ​သော ဘုရားသခင်​ထံသို့​လည်းကောင်း၊ စုံလင်​ခြင်း​သို့​ရောက်​သည့် ဖြောင့်မတ်​သော​သူ​တို့​၏​ဝိညာဉ်​များ​ထံသို့​လည်းကောင်း၊ ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏​သွေး​ထက် သာ၍​မြတ်​သော​အရာ​ကို​မြွက်ဆို​သည့် ပက်ဖျန်း​သော​သွေး​တော်​ထံသို့​လည်းကောင်း ချဉ်းကပ်​ကြ​၏။ သင်​တို့​သည် မိန့်​တော်မူ​သော​အရှင်​ကို မ​ငြင်းပယ်​မိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား မြေကြီး​ပေါ်တွင် ဗျာဒိတ်​တော်​ပေး​သော​သူ​ကို ငြင်းပယ်​သော​သူ​တို့​သည် အပြစ်ဒဏ်​မှ​မ​လွတ်​ပါက ကောင်းကင်​ဘုံ​မှ​ဗျာဒိတ်​တော်​ပေး​သော​သူ​ကို ငါ​တို့​ငြင်းပယ်​လျှင် ပို၍​ပင် လွတ်​စရာ​အကြောင်း​မ​ရှိ။ ထိုစဉ်က ကိုယ်တော်​၏​အသံ​တော်​သည် မြေကြီး​ကို​တုန်လှုပ်​စေ​၏။ ယခု​မူကား ကိုယ်တော်​က “ငါ​သည် နောက်တစ်ဖန် မြေကြီး​ကို​သာမက​ဘဲ ကောင်းကင်​ကို​ပါ တုန်လှုပ်​စေ​မည်”​ဟု ကတိ​ထား​တော်မူ​၏။ “နောက်တစ်ဖန်”​ဟူသော​စကား​သည် မ​တုန်လှုပ်​နိုင်​သော​အရာ​တို့​ကို​တည်မြဲ​စေရန် ဖန်ဆင်း​ခြင်း​ခံရ​သည့် တုန်လှုပ်​တတ်​သော​အရာ​များ​ကို​ဖယ်ရှား​မည့်​အကြောင်း​ကို ဆိုလို​၏။ ထို့ကြောင့် ငါ​တို့​သည် မ​တုန်လှုပ်​နိုင်​သော​နိုင်ငံ​တော်​ကို​ရရှိ​သည်​ဖြစ်၍ ကျေးဇူး​တော်​ကို​ချီးမွမ်း​ကြ​စို့။ ထိုသို့ ကျေးဇူး​တော်​ချီးမွမ်း​လျက် ကြည်ညို​ခြင်း​နှင့်​ရိုသေ​ခန့်ညား​ခြင်း​တို့​ဖြင့် ဘုရားသခင်​နှစ်သက်​တော်မူ​သည့်​အတိုင်း ဝတ်ပြု​ကြ​ကုန်​စို့။ အကြောင်းမူကား ငါ​တို့​၏​ဘုရားသခင်​သည် လောင်ကျွမ်း​သော​မီး​ဖြစ်​တော်မူ​၏။