YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 11:1-13

ဟေဗြဲဩဝါဒစာ 11:1-13 MSBU

ယုံကြည်​ခြင်း​ဆို​သည်​မှာ မျှော်လင့်​ထား​သော​အရာ​များ​အပေါ်​စိတ်ချ​မှု​ရှိ​ခြင်း၊ မ​မြင်​ရ​သော​အရာ​တို့​အမှန်တကယ်​ရှိ​သည်​ဟု​မှတ်ယူ​ခြင်း​ဖြစ်​၏။ ရှေး​လူကြီး​တို့​သည် ဤ​ယုံကြည်​ခြင်း​ကြောင့် ချီးကျူး​ခံရ​ကြ​၏။ ဤ​လောကဓာတ်​ကို ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် ဖန်ဆင်း​တော်မူ​သည်​ဖြစ်၍ ယခု​မြင်​ရ​သော​အရာ​သည် ထင်ရှား​လျက်​ရှိ​သော​အရာ​များ​မှ​ဖြစ်လာ​သည်​မ​ဟုတ်​ကြောင်း ယုံကြည်​ခြင်း​အားဖြင့် ငါ​တို့​သိ​ရ​ကြ​၏။ ယုံကြည်​ခြင်း​အားဖြင့် အာဗေလ​သည် ကာဣန​ထက် မြတ်​သော​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​ခဲ့​ပြီး ထို​ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သော​သူ​အဖြစ် အသိအမှတ်ပြု​ခြင်း​ခံရ​၏။ အကြောင်းမူကား ဘုရားသခင်​သည် သူ​၏​ပူဇော်သက္ကာ​များ​ကို အသိအမှတ်ပြု​တော်မူ​၏။ သူ​သည် သေလွန်​သော်လည်း ထို​ယုံကြည်​ခြင်း​အားဖြင့် ယခု​တိုင်အောင် စကား​ပြော​နေ​သေး​၏။ ယုံကြည်​ခြင်း​အားဖြင့် ဧနောက်​သည် သေ​ခြင်း​နှင့်​မ​ကြုံတွေ့​ရ​ဘဲ ဘဝ​ပြောင်း​ခွင့်​ရ​၏။ ဘုရားသခင်​သည် သူ့​အား​ဘဝ​ပြောင်း​စေ​တော်မူ​သောကြောင့် သူ့​ကို​မ​တွေ့​ရ​ကြ​တော့ချေ။ သူ​သည် ဘဝ​မ​ပြောင်း​မီ ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​ဖြစ်​ကြောင်း အသိအမှတ်​ပြု​ခြင်း​ကို​ခံရ​၏။ ယုံကြည်​ခြင်း​မ​ရှိ​လျှင် ဘုရားသခင်​၏​စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အကြောင်းမူကား ဘုရားသခင်​ထံ​ချဉ်းကပ်​သော​သူ​သည် ဘုရားသခင်​ရှိ​တော်မူ​ကြောင်း​ကို​လည်းကောင်း၊ ဘုရားသခင်​သည် မိမိ​ကို​ရှာ​သော​သူ​တို့​အား အကျိုး​ပေး​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း​ကို​လည်းကောင်း ယုံကြည်​ရ​မည်။ နောဧ​သည် မ​မြင်​ရ​သေး​သော​အရာ​များ​နှင့်​ပတ်သက်၍ ဗျာဒိတ်​တော်​ရ​သောအခါ ကြောက်ရွံ့​ရိုသေ​သော​စိတ်​ရှိ​၍ မိမိ​အိမ်သူအိမ်သား​တို့​ကယ်တင်​ခြင်း​ခံရ​ရန်​အတွက် ယုံကြည်​ခြင်း​အားဖြင့် သင်္ဘော​ကို​တည်ဆောက်​လေ​၏။ ထို​ယုံကြည်​ခြင်း​အားဖြင့် သူ​သည် လောက​၏​အပြစ်​ကို​ထင်ရှား​စေ​၍ ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ကို အမွေ​ဆက်ခံ​သူ​ဖြစ်လာ​၏။ အာဗြဟံ​သည် အမွေ​အဖြစ်​ဆက်ခံ​ရ​မည့်​ပြည်​သို့​ထွက်ခွာ​သွား​ရန် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သောအခါ မည်သည့်​အရပ်​သို့​သွား​ရ​မည်​ကို​မ​သိ​ဘဲ​လျက် ယုံကြည်​ခြင်း​အားဖြင့်​နာခံ​၍ ထွက်သွား​လေ​၏။ သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ကတိ​ထား​တော်မူ​သော​ပြည်​၌ တိုင်းတစ်ပါးသား​ကဲ့သို့ ဧည့်သည်​အဖြစ်​နေထိုင်​၍ တစ်ခုတည်း​သော​ကတိ​တော်​ကို အတူတကွ​အမွေ​ဆက်ခံ​သူ​များ​ဖြစ်​ကြ​သော ဣဇက်၊ ယာကုပ်​တို့​နှင့်အတူ တဲ​များ​တွင်​နေထိုင်​ကြ​၏။ အကြောင်းမူကား သူ​သည် ဘုရားသခင်​ရေးဆွဲ​စီမံ​၍ တည်ဆောက်​တော်မူ​သော ခိုင်ခံ့​သည့်​အုတ်မြစ်​ရှိ​သော​မြို့​ကို မျှော်လင့်​နေ​၏။ ထိုနည်းတူ အမြုံ​ဖြစ်​သော​စာရာ​သည်​လည်း အသက်အရွယ်​လွန်​ပြီး​သောအခါ ယုံကြည်​ခြင်း​အားဖြင့် ပဋိသန္ဓေ​တည်​နိုင်​သော​အစွမ်း​ကို​ရရှိ​၏။ အကြောင်းမူကား ကတိ​ပေး​တော်မူ​သော​အရှင်​သည် သစ္စာရှိ​သည်​ဟု​မှတ်ယူ​သောကြောင့်​ဖြစ်​၏။ ဤသို့ဖြင့် ကောင်းကင်​ကြယ်​များ​ကဲ့သို့​လည်းကောင်း၊ ပင်လယ်​ကမ်းခြေ​မှ မ​ရေတွက်​နိုင်​သော​သဲပွင့်​များ​ကဲ့သို့​လည်းကောင်း များစွာ​သော​သူ​တို့​သည် သေသူ​ကဲ့သို့​ဖြစ်​နေ​သော​လူ​တစ်​ဦး​ထံမှ ပေါက်ဖွား​လာ​ကြ​၏။ ထို​သူ​အပေါင်း​တို့​သည် ကတိ​ပေး​တော်မူ​သော​အရာ​များ​ကို မ​ခံစား​ရ​သော်လည်း ၎င်း​တို့​ကို အဝေး​မှ​လှမ်းမြင်​၍ ကြိုဆို​လက်ခံ​ကာ မိမိ​တို့​သည် မြေကြီး​ပေါ်၌ အာဂန္တု​များ​နှင့်​သူစိမ်း​ဧည့်သည်​များ​သာ​ဖြစ်​ကြောင်း ဝန်ခံ​လျက် ယုံကြည်​ရင်း​သေလွန်​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။