YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 10:1-18

ဟေဗြဲဩဝါဒစာ 10:1-18 MSBU

ပညတ်​တရား​သည် နောင်​လာ​မည့်​ကောင်း​သော​အရာ​များ​၏​အရိပ်​မျှသာ​ဖြစ်​ပြီး ၎င်း​တို့​၏​ပုံသဏ္ဌာန်​အစစ်အမှန်​မ​ဟုတ်​သောကြောင့် နှစ်စဉ် အမြဲမပြတ်​ပူဇော်​နေ​သည့် တူညီ​သော​ယဇ်​များ​အားဖြင့် အထံ​တော်​သို့​ချဉ်းကပ်​သော​သူ​တို့​ကို မ​စုံလင်​စေ​နိုင်​ပေ။ အကယ်၍ စုံလင်​စေ​နိုင်​ခဲ့​လျှင် ဝတ်ပြု​သော​သူ​တို့​သည် တစ်ခါတည်း​နှင့် စင်ကြယ်​ခြင်း​သို့​ရောက်​လျက် အပြစ်​ရှိ​သည်​ဟူသော​အသိစိတ်​မ​ရှိ​တော့​သဖြင့် ယဇ်​ပူဇော်​ခြင်း​ကို​ရပ်တန့်​ကြ​လိမ့်မည်​မ​ဟုတ်​လော။ သို့သော် ထိုသို့​ယဇ်​ပူဇော်​ခြင်း​အားဖြင့် အပြစ်​များ​ကို​နှစ်စဉ် ပြန်လည်​အောက်မေ့​ကြ​၏။ အကြောင်းမူကား နွားလား​နှင့်​ဆိတ်​တို့​၏​သွေး​သည် အပြစ်​များ​ကို​မ​ဖယ်ရှား​နိုင်​ပေ။ ထို့ကြောင့် ခရစ်တော်​သည် ဤ​လောက​သို့​ကြွလာ​သောအခါ “ကိုယ်တော်​သည် ယဇ်ကောင်​နှင့်​ပူဇော်သက္ကာ​တို့​ကို​အလို​မ​ရှိ​ဘဲ အကျွန်ုပ်​အတွက် ကိုယ်ခန္ဓာ​ကို​ပြင်ဆင်​ထား​တော်မူ​၏။ ကိုယ်တော်​သည် မီးရှို့​ရာ​ယဇ်​နှင့်​အပြစ်​ဖြေ​ရာ​ယဇ်​တို့​ကို နှစ်သက်​တော်​မ​မူ။ ထိုအခါ အကျွန်ုပ်​က ‘ကျမ်း​စာအုပ်​၌ အကျွန်ုပ်​ကို​ရည်ညွှန်း​၍​ရေး​ထား​သည့်​အတိုင်း ကိုယ်တော်​၏​အလို​တော်​ကို​ဆောင်ရွက်​ရန် အကျွန်ုပ်​လာ​ပါ​၏​ဘုရား’​ဟု လျှောက်​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။ ပထမ​အနေဖြင့် “ကိုယ်တော်​သည် ပညတ်​တရား​အရ​ပူဇော်​သော​အရာ​များ​တည်းဟူသော ယဇ်ကောင်​နှင့်​ပူဇော်သက္ကာ​များ၊ မီးရှို့​ရာ​ယဇ်​နှင့်​အပြစ်​ဖြေ​ရာ​ယဇ်​များ​ကို အလို​မ​ရှိ။ နှစ်သက်​တော်မူ​ခြင်း​လည်း​မ​ရှိ”​ဟု ဆို​၏။ ထို့နောက် “ကိုယ်တော်​၏​အလို​တော်​ကို​ဆောင်ရွက်​ရန် အကျွန်ုပ်​လာ​ပါ​၏”​ဟု ဆို​၏။ ဤသို့ဖြင့် ကိုယ်တော်​သည် ဒုတိယ​ပူဇော်​ခြင်း​ကို​တည်​စေရန် ပထမ​ပူဇော်​ခြင်း​ကို ပယ်ဖျက်​တော်မူ​၏။ ထို​အလို​တော်​နှင့်အညီ ယေရှု​ခရစ်တော်​၏​ကိုယ်ခန္ဓာ​ကို တစ်ကြိမ်တည်း​နှင့်​အပြီး ပူဇော်​ခြင်း​အားဖြင့် ငါ​တို့​သည် သန့်ရှင်း​စေ​ခြင်း​ခံရ​ကြ​၏။ ယဇ်ပုရောဟိတ်​အားလုံး​သည် နေ့စဉ်​ရပ်​လျက် ဝတ်ပြု​ကာ အပြစ်​များ​ကို​မ​ဖယ်ရှား​နိုင်​သည့် တူညီ​သော​ယဇ်​ကို အကြိမ်ကြိမ်​ပူဇော်​နေ​ကြ​၏။ သို့သော် ခရစ်တော်​သည် တစ်ခုတည်း​သော​ယဇ်​ကို အပြစ်​များ​အတွက် ထာဝစဉ်​ပူဇော်​ပြီးလျှင် ထို​အချိန်​မှစ၍ ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​ထိုင်​လျက် မိမိ​၏​ရန်သူ​တို့​သည် မိမိ​ခြေ​တင်​ခုံ​အဖြစ်​ချ​ထား​ခြင်း​ခံရ​သည့်​တိုင်အောင် စောင့်ဆိုင်း​နေ​တော်မူ​၏။ အကြောင်းမူကား ကိုယ်တော်​သည် တစ်ခုတည်း​သော​ပူဇော်သက္ကာ​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​တို့​အား ထာဝစဉ်​စုံလင်​စေ​တော်မူ​၏။ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည်​လည်း ငါ​တို့​အား​သက်သေခံ​၍ “ထာဝရ​ဘုရား​က ‘ထို​နေ့ရက်​များ​နောက်တွင် သူ​တို့​နှင့် ငါ​ပြု​မည့်​ပဋိညာဉ်​ကား ဤသို့​တည်း။ ငါ​သည် ငါ​၏​ပညတ်​တရား​တို့​ကို သူ​တို့​၏​စိတ်နှလုံး​ထဲတွင် ထည့်သွင်း​၍ သူ​တို့​၏​အသိဉာဏ်​ပေါ်မှာ ရေး​ထား​မည်’​ဟု မိန့်​တော်မူ​၏”​ဟူ၍ မြွက်ဆို​ပြီးနောက် တစ်ဖန် “ငါ​သည် သူ​တို့​၏​အပြစ်​များ​နှင့်​တရားမဲ့​ခြင်း​များ​ကို လုံးဝ​သတိရ​တော့မည်​မ​ဟုတ်”​ဟု မြွက်ဆို​တော်မူ​၏။ ထိုသို့ အပြစ်​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ရှိ​သည့်​နေရာ​တွင် အပြစ်​အတွက်​ပူဇော်သက္ကာ​မ​လိုအပ်​တော့​ပေ။