YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟဂ္ဂဲအနာဂတ္တိကျမ်း 1

1
အိမ်တော်ကိုပြန်လည်တည်ဆောက်ရန် မိန့်တော်မူခြင်း
1ဒါရိ​မင်းကြီး​နန်းစံ ဒုတိယ​နှစ်​၊ ဆဋ္ဌမ​လ​၊ တစ်ရက်နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ဟဂ္ဂဲ​မှတစ်ဆင့် ရှာလသေလ​၏​သား ယုဒ​ဘုရင်ခံ​ဇေရုဗဗေလ​နှင့် ယောဇဒက်​၏​သား ယဇ်ပုရောဟိတ်​မင်း​ယောရှု​တို့​ထံသို့ ရောက်လာ​သည်​မှာ ဤသို့​တည်း​။
2ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ ‘ထာဝရဘုရား​၏​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ချိန် မ​ရောက်​သေး’​ဟူ၍ ဤ​လူ​တို့ ဆို​တတ်​ကြ​သည်”​ဟု မိန့်​တော်မူ​၏​။
3ထို့နောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ဟဂ္ဂဲ​မှတစ်ဆင့် ရောက်လာ​၍ 4“ဤ​အိမ်​တော် ပျက်စီး​နေ​ချိန်​တွင် သင်​တို့​ကိုယ်တိုင် အိမ်ကြီးအိမ်ကောင်း​များ​နှင့် နေထိုင်​ရ​သလော​။ 5ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​များ​ကို ဆင်ခြင်​ကြ​လော့​။ 6သင်​တို့​သည် မျိုးစေ့​များစွာ​ကြဲ​သော်လည်း သီးနှံ​အနည်းငယ်​သာ​ရိတ်​ရ​၏​။ အစာ​စား​ရ​သော်လည်း ဝလင်​စွာ​မ​စား​ရ​။ သောက်​ရ​သော်လည်း ဝ​စွာ​မ​သောက်​ရ​။ အဝတ်​ဝတ်​ရ​သော်လည်း နွေးထွေး​မှု​မ​ရှိ​။ လုပ်အားခ​ရ​သော်လည်း အိတ်​ပေါက်​ထဲသို့​သာ ထည့်​ရ​၏’​ဟု မိန့်​တော်မူ​၏​။
7ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​များ​ကို ဆင်ခြင်​ကြ​လော့’​ဟု မိန့်ဆို​ပြီ​။ 8‘တောင်​ပေါ်သို့​တက်သွား​၍ သစ်​ကို​ယူဆောင်​လာ​ပြီးလျှင် အိမ်​တော်​ကို ဆောက်​ကြ​လော့​။ ထို​အိမ်​တော်​ကို​ငါ​နှစ်သက်​၍ ငါ့​ဘုန်း​တော်​ကို​လည်း ထင်ရှား​စေ​မည်’​ဟု ထာဝရဘုရား​မိန့်ဆို​ပြီ​။ 9ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​သည် များများ​ရ​မည်​ဟု​မျှော်လင့်​သော်လည်း နည်းနည်း​သာ ရ​၏​။ သင်​တို့​အိမ်​သို့​ယူဆောင်​လာ​သော​အရာ​ကို ငါ​မှုတ်ထုတ်​ပစ်​လိုက်​၏​။ အဘယ်ကြောင့်​နည်း​ဟူမူကား ငါ့​အိမ်​တော်​မှာ​ပျက်စီးယိုယွင်း​လျက်​နှင့် သင်​တို့​အသီးသီး​သည် ကိုယ့်​အိမ်​ဖို့​သာ အလုပ်များ​နေ​ကြ​သောကြောင့်​ဖြစ်​၏’​ဟု မိန့်​တော်မူ​၏​။ 10ထို့ကြောင့် သင်​တို့​အဖို့ မိုး​နှင်း​မကျ​။ မြေကြီး​လည်း အသီးအနှံ မ​ဖြစ်ထွန်း​။ 11မြေကြီး​နှင့် တောင်​များ​အပေါ်​၌​လည်းကောင်း​၊ ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ မြေ​၌ ပေါက်​သော​အပင်​များ​၊ လူ​နှင့်​တိရစ္ဆာန်​များ​နှင့် ပင်ပန်းခက်ခဲ​စွာ​လုပ်ဆောင်​ထား​သော​အရာ​အားလုံး​အပေါ်​၌​လည်းကောင်း မိုးခေါင်​ခြင်း​ဘေး​ကျရောက်​စေ​လေ​ပြီ”​ဟု မိန့်ဆို​၏​။
လူအပေါင်းတို့၏တုံ့ပြန်မှု
12ထိုအခါ ရှာလသေလ​၏​သား ဇေရုဗဗေလ​၊ ယောဇဒက်​၏​သား ယဇ်ပုရောဟိတ်​မင်း​ယောရှု​နှင့် ကြွင်းကျန်​သော​လူ​အပေါင်း​တို့​သည် မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို​လည်းကောင်း​၊ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​စေလွှတ်​တော်မူ​သော​ပရောဖက်​ဟဂ္ဂဲ ဆင့်ဆို​သည့်​စကား​ကို​လည်းကောင်း နားထောင်​ကြ​၏​။ လူ​အပေါင်း​တို့​သည်​လည်း ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​ကြ​၏​။
13ထို့နောက် ထာဝရဘုရား​၏​စေတမန်​ဟဂ္ဂဲ​က လူ​တို့​အား “​ထာဝရဘုရား​က သင်​တို့​နှင့်အတူ ငါ​ရှိ​၏​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို ဆင့်ဆို​၏​။
14ဤသို့ဖြင့် ထာဝရဘုရား​သည် ရှာလသေလ​၏​သား ယုဒ​ဘုရင်ခံ​ဇေရုဗဗေလ​၏​စိတ်​ကို​လည်းကောင်း​၊ ယောဇဒက်​၏​သား ယဇ်ပုရောဟိတ်​မင်း​ယောရှု​၏​စိတ်​ကို​လည်းကောင်း​၊ ကြွင်းကျန်​သော​သူ​အပေါင်း​၏​စိတ်​ကို​လည်းကောင်း လှုံ့ဆော်​သဖြင့် သူ​တို့​သည် လာ​၍ မိမိ​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အိမ်​တော်​ကို တည်ဆောက်​ကြ​၏​။ 15ထို​အချိန်​သည် ဒါရိ​မင်းကြီး​နန်းစံ​ဒုတိယ​နှစ်​၊ ဆဋ္ဌမ​လ​၊ နှစ်ဆယ့်​လေး​ရက်​နေ့ ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

ဟဂ္ဂဲအနာဂတ္တိကျမ်း 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ