ဟာဗက္ကုတ်အနာဂတ္တိကျမ်း 3
3
ဟဗက္ကုတ် တတိယအကြိမ်ဆုတောင်းခြင်း
1ပရောဖက်ဟဗက္ကုတ်သီကျူးသောရှိဂျောနုတ်ဆုတောင်းသီချင်းကား ဤသို့တည်း။ 2အို ထာဝရဘုရား၊ ကိုယ်တော့်အကြောင်းကိုကြားရ၍ အကျွန်ုပ်ကြောက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုများကို အကျွန်ုပ်တို့ခေတ်ကာလတွင် ထပ်မံပြုတော်မူပါ။ အကျွန်ုပ်တို့ခေတ်ကာလတွင် ထင်ရှားစေတော်မူပါ။ အမျက်ထွက်သော်လည်း ကရုဏာတော်ကို ပြန်လည်အောက်မေ့တော်မူပါ။ 3ဘုရားသခင်သည် တေမန်မြို့မှ ကြွလာတော်မူ၏။ သန့်ရှင်းတော်မူသောအရှင်သည် ပါရန်တောင်မှ ကြွလာတော်မူ၏။ ကိုယ်တော်၏ဘုန်းတော်သည် ကောင်းကင်တစ်ပြင်လုံးကိုဖုံးလွှမ်း၍ ဂုဏ်တော်ချီးမွမ်းသံသည်လည်း မြေတစ်ပြင်လုံး ပျံ့နှံ့လေ၏။ (စေလာ#3:3 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။) 4ရောင်ခြည်တော်သည် အရုဏ်တက်အလင်းကဲ့သို့ဖြစ်၏။ လက်တော်မှအလင်းဖြာထွက်၍ ထိုအထဲတွင် ကိုယ်တော်၏တန်ခိုးတော် ကိန်းအောင်းလျက်နေ၏။ 5ကပ်ရောဂါသည် ကိုယ်တော့်ရှေ့မှသွား၍ ပူလောင်ခြင်းသည် ခြေတော်ရာနောက်မှထက်ကြပ်မကွာလိုက်၏။ 6ရပ်တော်မူလျှင် မြေကြီးလှုပ်၍ ကြည့်တော်မူလျှင် တိုင်းနိုင်ငံတို့ တုန်လှုပ်ကြလေ၏။ ရှေးတောင်ကြီးများလည်း ကွဲလွင့်၍ ရှေးတောင်ကုန်းများလည်း နိမ့်ဝင်ကုန်၏။ နည်းလမ်းတော်တို့မူကား ထာဝရတည်၏။ 7ကုရှန်ပြည်၏တဲတို့သည် စုတ်ပြတ်၍ မိဒျန်ပြည်၏ရွက်ထည်တို့သည် လှုပ်ခတ်နေသည်ကို ငါမြင်ရ၏။ 8အို ထာဝရဘုရား၊ ကိုယ်တော်သည် အောင်ပွဲခံမြင်းတော်၊ ရထားတော်တို့ကို စီးတော်မူသည်မှာ ချောင်းတို့ကို စိတ်ဆိုး၍လော။ မြစ်တို့ကို အမျက်ထွက်၍လော။ ပင်လယ်ကို ဒေါသထွက်၍လော။ 9ကိုယ်တော်သည် လေးကိုထုတ်တော်မူပြီ။ မြားတို့ကိုလည်း အသင့်ပြင်ထားတော်မူပြီ။ (စေလာ#3:9 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။) ကိုယ်တော်သည် မြေကြီးကို မြစ်ရေများဖြင့် တိုက်ခွဲတော်မူပြီ။ 10တောင်များသည် ကိုယ်တော်ကိုမြင်လျှင် တုန်လှုပ်ကြပါ၏။ မိုးသက်မုန်တိုင်းလည်း တိုက်ခတ်ပါ၏။ နက်ရှိုင်းရာအရပ်သည် ဟုန်းသံပေး၍ မိမိလက်များကိုလည်း အထက်သို့မြှောက်ပါ၏။ 11မြားတော်တို့မှ လင်းလက်သောအရောင်နှင့် လှံတော်မှ ဖြာထွက်သောအလင်းရောင်ခြည်တို့ကြောင့် နေ၊ လတို့သည် ကောင်းကင်တွင် တန့်လျက်နေပါ၏။ 12ကိုယ်တော်သည် မြေတစ်ပြင်လုံးသို့ အမျက်နှင့်ချီသွား၍ ဒေါသနှင့် လူမျိုးတကာတို့ကိုနင်းချေတော်မူပါ၏။ 13ကိုယ်တော်၏လူမျိုးတော်ကိုကယ်တင်ရန်နှင့် ကိုယ်တော်ဘိသိက်ပေးထားသောသူကိုကယ်တင်ရန် ကြွလာတော်မူပြီ။ အိမ်ကို အုတ်မြစ်မှအမိုးတိုင်အောင်လှန်ပစ်သကဲ့သို့ ဆိုးယုတ်သောအမျိုးအနွယ်၏အကြီးအမှူးကို ချေမှုန်းတော်မူ၏။ (စေလာ#3:13 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။) 14အဖိနှိပ်ခံရသောသူတို့ကို ကွယ်ရာ၌ ဝါးမျိုရသည်ကို အားရနှစ်သက်၍ အကျွန်ုပ်တို့ကိုကွဲလွင့်သွားအောင် လေပွေသဖွယ်တိုက်ခိုက်လာသောသူ၏စစ်သည်တို့ဦးခေါင်းကို သူ၏လှံဖြင့်ပင် ထိုးဖောက်တော်မူ၏။ 15ကိုယ်တော်သည် မြင်းတော်များဖြင့် လှိုင်းထန်နေသောပင်လယ်ပြင်ကြီးကို ဖြတ်သွားတော်မူ၏။
ဟဗက္ကုတ် ဘုရားသခင်၌စိတ်ချယုံကြည်မှုကိုဖော်ပြခြင်း
16အကျွန်ုပ်သည် အသံတော်ကိုကြားရသောအခါ ရင်တုန်ရပါ၏၊ အသံတော်ကြောင့် နှုတ်ခမ်းလည်း တုန်ခါပါ၏။ အရိုးများလည်း ဆွေးမြည့်ပါ၏။ ခြေများလည်း မခိုင်တော့ပါ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခရောက်၍ အကျွန်ုပ်တို့အား ကျူးကျော်တိုက်ခိုက်သောလူမျိုးတို့ရောက်လာသောနေ့တိုင်အောင် အကျွန်ုပ်သည် နေရစ်ရပါမည်။ 17သဖန်းပင် မပွင့်၊ စပျစ်ပင် မသီး၊ သံလွင်ပင်လည်း မဖြစ်ထွန်း၊ လယ်ယာသီးနှံလည်း မထွက်၊ သိုးခြံမှ သိုးပြတ်၍ တင်းကုပ်များ၌ နွားတစ်ကောင်မျှမရှိသော်လည်း 18ငါသည် ထာဝရဘုရား၌ ဝမ်းမြောက်မည်။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်၌ ရွှင်လန်းမည်။ 19ဘုရားရှင်ထာဝရဘုရားသည် ငါ့ခွန်အား ဖြစ်တော်မူ၏။ ငါ၏ခြေတို့ကို သမင်၏ခြေကဲ့သို့ဖြစ်စေ၍ မြင့်မြတ်ကောင်းမွန်သောနေရာတို့၌ ငါ့ကို သွားလာစေတော်မူ၏။ (ဂီတမှူးအတွက်၊ ကြိုးတပ်တူရိယာသံစဉ်)။
လက်ရှိရွေးချယ်ထားမှု
ဟာဗက္ကုတ်အနာဂတ္တိကျမ်း 3: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative