YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟာဗက္ကုတ်အနာဂတ္တိကျမ်း 1

1
1ပရောဖက်​ဟဗက္ကုတ်​မြင်​ရ​သော ဗျာဒိတ်​တော်​။
ဟဗက္ကုတ် ပထမအကြိမ်ဆုတောင်းခြင်း
2အို ထာဝရဘုရား​၊ မည်မျှ​ကြာ​အောင် အကျွန်ုပ် အကူအညီ​အော်ဟစ်​တောင်းခံ​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​အော်ဟစ်​သော်လည်း ကိုယ်တော် နားညောင်း​တော်​မ​မူ​။ “အကြမ်းဖက်​ခံရ​ပါ​၏”​ဟု အော်ဟစ်​သော်လည်း ကိုယ်တော် မ​ကယ်တင်​ပါ​တကား​။ 3အကျွန်ုပ်​ကို အဘယ်ကြောင့် အပြစ်ဒုစရိုက်​နှင့် ကြုံတွေ့​စေ​သနည်း​။ အဘယ်ကြောင့် အခက်အခဲ​ပြဿနာ​များ​နှင့် တွေ့​စေ​သနည်း​။ ဖျက်ဆီး​ခြင်း​၊ အကြမ်းဖက်​ခြင်း​သည် အကျွန်ုပ်​ရှေ့​တွင် ရှိ​နေ​ပါ​၏​။ ခိုက်ရန်ဖြစ်ပွားမှု​၊ အငြင်းပွားမှု​များ​လည်း ဖြစ်ပွား​နေ​ပါ​၏​။ 4တရားတော်​သည် လျော့ရဲ​သဖြင့် တရားမျှတမှု ပျောက်ကွယ်​လေ​ပြီ​။ ဆိုးယုတ်​သော​သူ​တို့​သည် ဖြောင့်မတ်​သော​သူ​တို့​ကို ဝိုင်းရံ​ထား​သည်​ဖြစ်၍ စီရင်ချက်​အလွဲ​များ​သာ ထွက်ပေါ်​လာ​၏​။
ဘုရားသခင်ပေးသောပထမအဖြေ
5“လူမျိုးတကာ​တို့​ကို ကြည့်ရှု​၍ ဆင်ခြင်​ကြ​လော့​။ အံ့အားသင့်​လျက်​နေ​လော့​။ အကြောင်းမူကား သင်​တို့​ကြား​၍ မ​ယုံ​နိုင်​သော​အမှု​ကို သင်​တို့​လက်ထက်​တွင် ငါ​ဖြစ်ပျက်​စေ​မည်​။ 6ကြည့်ရှု​လော့​။ ရက်စက်ကြမ်းကြုတ်​၍ စိတ်လိုက်မာန်ပါ​လုပ်​တတ်​သော​ခါလဒဲ​လူမျိုး​တို့​ကို ငါ​ထကြွ​စေ​မည်​။ သူ​တို့​သည် သူ​တို့​ပိုင်နက်​မ​ဟုတ်​သော​မြေ​တစ်ပြင်လုံး​သို့ စစ်ချီ​၍ သိမ်းပိုက်​လိမ့်မည်​။ 7သူ​တို့​သည် ထိတ်လန့်​ကြောက်ရွံ့ဖွယ်​ကောင်း​သော​သူ​များ​ဖြစ်​ပြီး သူ​တို့​ကိုယ်တိုင် ဥပဒေ​ကို​ပြဋ္ဌာန်း​၍ အာဏာ​ပြ​ကြ​၏​။ 8သူ​တို့​၏​မြင်း​များ​သည် ကျားသစ်​များ​ထက် လျင်မြန်​၏​။ နေဝင်ချိန်​ရောက်​မှ သွားလာ​တတ်​သော​ဝံပုလွေ​များ​ထက် ရက်စက်​၏​။ သူ​တို့​၏​မြင်းစီးသူရဲ​တို့ ဒုန်းစိုင်း​ချီတက်​လာ​ပြီ​။ မြင်းစီးသူရဲ​တို့ အဝေး​မှ ဒုန်းစိုင်း​ပြေးလာ​နေ​သည်​မှာ တစ်ဟုန်ထိုး ထိုးသုတ်​ဖမ်းစား​တတ်​သည့် လင်းယုန်​ကဲ့သို့ပင် ဖြစ်​၏​။ 9သူ​တို့​အားလုံး အကြမ်းဖက်မှု​ပြု​ရန် ရှေ့​တည့်တည့်​သို့ မျက်နှာမူ​လျက် ချီတက်​လာ​ကြ​ပြီ​။ သုံ့ပန်း​များ​ကို​လည်း သဲလုံး​နှင့်အမျှ သိမ်းပိုက်​နိုင်​လေ​ပြီ​။ 10သူ​တို့​သည် ရှင်ဘုရင်​များ​ကို ပြောင်လှောင်​ကြ​၏​။ အုပ်ချုပ်​သူ​တို့​ကို သရော်​ကြ​၏​။ ခံတပ်​ရှိသမျှ​ကို ဟားတိုက်​ရယ်မော​ကြ​၏​။ မြေဖို့​ပြီး ခံတပ်​များ​ကို တိုက်ခိုက်သိမ်းယူ​ကြ​၏​။ 11လေ​အဟုန်​ကဲ့သို့ ချီတက်​တိုက်ခိုက်​ကြ​၏​။ သူ​တို့​၏​ခွန်အား​ကို သူ​တို့​၏​ဘုရား​ဟု မှတ်ယူ​ကြ​၏​။ စင်စစ် သူ​တို့​သည် အပြစ်ဒဏ်​ကို ခံရ​မည်​။”
ဟဗက္ကုတ် ဒုတိယအကြိမ်ဆုတောင်းခြင်း
12အို အကျွန်ုပ်​၏​သန့်ရှင်း​သော​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ရှေးကာလ​ကပင် တည်ရှိ​တော်မူ​သည် မ​ဟုတ်​လော​။ အကျွန်ုပ်​တို့ သေ​ရ​မည်​မ​ဟုတ်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ထို​သူ​တို့​ကို တရားစီရင်​ရန် ချမှတ်​တော်မူ​ပြီ​။ အို ကျောက်ဆောင်​၊ ကိုယ်တော်​သည် သူ​တို့​ကို ဆုံးမ​ရန် စီရင်​တော်မူ​ပြီ​။ 13ကိုယ်တော်​သည် မကောင်းမှု​များ​ကို မ​မြင်​ထိုက်​၊ ဆိုးညစ်မှု​များ​ကို မ​ကြည့်​ထိုက်​အောင် သန့်ရှင်းစင်ကြယ်​သော​မျက်လုံး​များ ရှိ​တော်မူ​ပါ​၏​။ သို့သော် သစ္စာမရှိ​သော​သူ​တို့​ကို အဘယ်ကြောင့် ကြည့်​နေ​နိုင်​ပါ​သနည်း​။ ဆိုးယုတ်​သော​သူ​တို့​က မိမိ​ထက်​ဖြောင့်မတ်​သော​သူ​တို့​အား ဝါးမျို​နေ​သည်​ကို အဘယ်ကြောင့် ဆိတ်ဆိတ်​နေ​တော်မူ​ပါ​သနည်း​။ 14ကိုယ်တော်​သည် လူ​တို့​ကို ပင်လယ်​ငါး​ကဲ့သို့​လည်းကောင်း​၊ အုပ်စိုး​သော​သူ​မ​ရှိ​သော တွားသွားသတ္တဝါ​ကဲ့သို့​လည်းကောင်း ဖြစ်​စေ​၏​။ 15သူ​တို့​သည် ထို​သူ​အပေါင်း​တို့​ကို ငါးမျှားချိတ်​နှင့်​မျှား​လျက်​၊ ပိုက်ကွန်​နှင့်​ဖမ်း​လျက်​၊ ပိုက်​နှင့်​ဆွဲ​လျက် ဝမ်းမြောက်​ရွှင်လန်း​ကြ​၏​။ 16ထို့ကြောင့် သူ​တို့​သည် မိမိ​တို့​ကွန်​များ​ထံ ယဇ်ပူဇော်​၍ မိမိ​တို့​ပိုက်​များ​ထံ နံ့သာပေါင်း​ကို ပူဇော်​ကြ​၏​။ အကြောင်းမှာ ထို​အရာ​များ​အားဖြင့် သူ​တို့​၏​ဥစ္စာ​ပြည့်စုံကြွယ်ဝ​ကြ​ပြီး စားစရာ​လည်း ပေါများ​၏​။ 17ဤသို့ဖြင့် သူ​တို့​သည် မိမိ​တို့​ပိုက်ကွန်​ကို အမြဲ​သွန်ချ​နေ​ရ​မည်လော​။ လူမျိုးတကာ​တို့​ကို မ​ညှာ​မ​တာ အမြဲ​သတ်ဖြတ်​နေ​ရ​မည်လော​။

လက်ရှိရွေးချယ်ထားမှု

ဟာဗက္ကုတ်အနာဂတ္တိကျမ်း 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ