YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 43:15-34

ကမ္ဘာဦးကျမ်း 43:15-34 MSBU

ထို့ကြောင့် သူ​တို့​သည် လက်ဆောင်​တို့​ကို​ယူဆောင်​သွား​၍ သူ​တို့​လက်​ထဲ၌ ငွေ​နှစ်ဆ​နှင့်တကွ ဗင်္ယာမိန်​ကို​လည်း ခေါ်ဆောင်​သွား​ကြ​၏​။ သူ​တို့​သည် ထ​၍​အီဂျစ်​ပြည်​သို့​ဆင်းသွား​ကာ ယောသပ်​ရှေ့​၌ အခစားဝင်​ကြ​၏​။ ယောသပ်​သည် သူ​တို့​နှင့်အတူ ဗင်္ယာမိန်​ကို​မြင်​သောအခါ မိမိ​အိမ်ထိန်း​အား “​ဤ​သူ​တို့​ကို အိမ်​သို့​ခေါ်သွား​လော့​။ တိရစ္ဆာန်​ကို​သတ်​၍​ပြင်ဆင်​ချက်ပြုတ်​ထား​လော့​။ ဤ​သူ​တို့​သည် ငါ​နှင့်အတူ နေ့လယ်​စာ စားသောက်​ကြ​လိမ့်မည်​”​ဟု မှာကြား​လေ​၏​။ သို့ဖြစ်၍ အိမ်ထိန်း​သည် ယောသပ်​မှာကြား​သည့်​အတိုင်း ပြု​၏​။ သူ​တို့​ကို​လည်း ယောသပ်​၏​အိမ်​သို့​ခေါ်ဆောင်​သွား​၏​။ သူ​တို့​ကို ယောသပ်​အိမ်​သို့​ခေါ်ဆောင်​သွား​သောကြောင့် သူ​တို့​သည် ကြောက်ရွံ့​လျက် “​ယခင်တစ်ကြိမ်​တွင် ငါ​တို့​အိတ်​ထဲ၌​ပြန်ထည့်​ပေး​လိုက်​သည့်​ငွေ​နှင့်​ပတ်သက်၍ သူ​သည် ငါ​တို့​ကို​ရန်ရှာ​ပြီး ငါ​တို့​ကို​နှိပ်စက်​တော့​မည်​။ ငါ​တို့​နှင့် ငါ​တို့​၏​မြည်း​တို့​ကို​လည်း ဖမ်းဆီး​ပြီး​ကျွန်​ပြု​တော့​မည်”​ဟု ပြောဆို​ကြ​ပြီးလျှင် ယောသပ်​၏​အိမ်ထိန်း​အနား​သို့​သွား​၍ အိမ်​တံခါးဝ​တွင် သူ​နှင့်​စကားပြော​ကြ​၏​။ သူ​တို့​က “​အို အကျွန်ုပ်​တို့​၏​သခင်​၊ စင်စစ် အကျွန်ုပ်​တို့​သည် အစားအစာ​ဝယ်​ရန် ယခင်တစ်ခါ ရောက်လာ​ခဲ့​ပါ​၏​။ အပြန်​တွင် အကျွန်ုပ်​တို့​သည် စခန်းချ​ရာ​နေရာ​သို့​ရောက်​၍ အကျွန်ုပ်​တို့​၏​အိတ်​များ​ကို​ဖွင့်​သောအခါ အသီးသီး​၏​ငွေ​သည် မိမိ​တို့​အိတ်​ဝ​၌​ရှိ​ပါ​၏​။ အကျွန်ုပ်​တို့​၏​ငွေ​သည် အလျှင်းမလျော့​ပါ​။ ထို​ငွေ​ကို အကျွန်ုပ်​တို့ ပြန်ယူဆောင်​လာ​ခဲ့​ပါ​၏​။ အစားအစာ​ဝယ်ယူ​ရန် နောက်ထပ်​ငွေ​ကို​လည်း အကျွန်ုပ်​တို့​ယူဆောင်​လာ​ခဲ့​ပါ​၏​။ အကျွန်ုပ်​တို့​၏​အိတ်​များ​ထဲ၌ အကျွန်ုပ်​တို့​၏​ငွေ​ကို မည်သူ​ပြန်ထည့်​ထား​သည်​ကို အကျွန်ုပ်​တို့​မ​သိ​ပါ​”​ဟု သူ့​အား ပြောဆို​ကြ​၏​။ ထိုအခါ အိမ်ထိန်း​က “​စိတ်အေးအေးထား​ပါ​။ မ​ကြောက်​နှင့်​။ သင်​တို့​၏​ဘုရားသခင်​၊ သင်​တို့​အဖ​၏​ဘုရားသခင်​သည် သင်​တို့​၏​အိတ်​များ​ထဲ၌ သင်​တို့​အတွက်​ဘဏ္ဍာ​ကို ထည့်ပေး​တော်မူ​ပြီ​။ သင်​တို့​၏​ငွေ​ကို​ကား ငါ​ရရှိ​ပြီ​”​ဟု ဆို​ပြီးလျှင် ရှိမောင်​ကို သူ​တို့​ထံသို့​ခေါ်ဆောင်​ခဲ့​၏​။ အိမ်ထိန်း​သည် သူ​တို့​ကို​ယောသပ်​အိမ်​ထဲသို့​ခေါ်ဆောင်​သွား​ပြီးမှ ရေ​ပေး​၍ သူ​တို့​သည် ခြေ​ဆေး​ကြ​၏​။ သူ​တို့​၏​မြည်း​များ​ကို​လည်း အစာ​ကျွေး​၏​။ သူ​တို့​သည် ယောသပ်​အိမ်​၌ နေ့လယ်စာ​စား​ရ​မည်​ကို ကြားသိ​ထား​သဖြင့် ယောသပ်​ရောက်​မ​လာ​မီ လက်ဆောင်​ကို​ပြင်ဆင်​ထား​ကြ​၏​။ ယောသပ်​အိမ်​သို့​ပြန်ရောက်​သောအခါ သူ​တို့​သည် မိမိ​တို့​၏​လက်ဆောင်​ကို အိမ်​ထဲသို့​ယူဆောင်​လာ​၍ ယောသပ်​ရှေ့​၌ ပျပ်ဝပ်​ကြ​၏​။ ထိုအခါ ယောသပ်​သည် သူ​တို့​အား သာကြောင်းမာကြောင်း​နှုတ်ခွန်းဆက်​ပြီးလျှင် “​အသက်ကြီး​ပြီ​ဟု သင်​တို့​ပြော​သည့် သင်​တို့​၏​ဖခင်​သည် ကျန်းမာ​ပါ​၏​လော​။ အသက်ရှင်​သေး​၏​လော​”​ဟု မေး​လေ​၏​။ သူ​တို့​က​လည်း “​သခင့်​အစေအပါး​အကျွန်ုပ်​တို့​၏​ဖခင်​သည် ကျန်းမာ​ပါ​၏​။ အသက်ရှင်​ပါ​သေး​၏​”​ဟု ပြန်လျှောက်​ပြီးလျှင် ဦးညွှတ်​ပျပ်ဝပ်​ကြ​၏​။ ယောသပ်​သည် လှမ်းကြည့်​၍ မိမိ​မိခင်​၏​သား​၊ မိမိ​၏​ညီ ဗင်္ယာမိန်​ကို​မြင်​သောအခါ “​ဤ​သူ​သည် သင်​တို့​ပြော​သည့် သင်​တို့​၏​ညီ​အငယ်ဆုံး​လော​”​ဟု ဆို​ပြီး “​ငါ့​သား​၊ ဘုရားသခင် သင့်​ကို​သနား​တော်မူ​ပါစေသော​”​ဟု ဆို​လေ​၏​။ ယောသပ်​သည် မိမိ​ညီ​ကို အလွန်​ကရုဏာသက်​သောကြောင့် အလျင်အမြန်​ထွက်သွား​၍ ငိုကြွေး​ရန်​နေရာ​ရှာ​ပြီး အတွင်းခန်း​ထဲသို့​ဝင်​၍ ငိုကြွေး​လေ​၏​။ ထို့နောက် သူ​သည် မျက်နှာ​သစ်​၍ အပြင်​သို့​ထွက်လာ​ပြီးလျှင် စိတ်​ကို​ထိန်း​လျက် “​အစားအစာ​ပြင်ဆင်​လော့​”​ဟု အမိန့်ပေး​၏​။ ထိုအခါ ယောသပ်​အတွက်​တစ်​ပွဲ​၊ ယောသပ်​၏​ညီအစ်ကို​တို့​အတွက်​တစ်​ပွဲ​၊ ယောသပ်​နှင့်အတူ​စား​သော​အီဂျစ်​လူမျိုး​တို့​အတွက်​တစ်​ပွဲ သီးသန့်စီ​ပြင်ဆင်​ကြ​၏​။ အကြောင်းမှာ အီဂျစ်​လူမျိုး​တို့​သည် ဟေဗြဲ​လူမျိုး​တို့​နှင့်အတူ အစားအစာ​မ​စား​ရ​။ အတူတူ​စား​ခြင်း​သည် အီဂျစ်​လူမျိုး​တို့​အတွက် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။ ယောသပ်​ရှေ့​၌ ယောသပ်​၏​ညီအစ်ကို​တို့​ကို အကြီးဆုံး​မှ​အငယ်ဆုံး​တိုင်အောင် အသက်အရွယ်​အလိုက် နေရာချ​ထား​၏​။ သူ​တို့​သည် အချင်းချင်း​တစ်ယောက်​ကို​တစ်ယောက်​ကြည့်​လျက် အံ့အားသင့်​နေ​ကြ​၏​။ ယောသပ်​သည် မိမိ​စားပွဲ​မှ​အစားအစာ​များ​ကို ညီအစ်ကို​တို့​ထံသို့​ပေးလိုက်​၏​။ ဗင်္ယာမိန်​ရ​သော​အစားအစာ​သည် အစ်ကို​အသီးသီး​တို့​ထက် ငါး​ဆ​များ​၏​။ သူ​တို့​သည် ယောသပ်​နှင့်အတူ စားသောက်​ပျော်ပါး​ကြ​၏​။