YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 43:1-14

ကမ္ဘာဦးကျမ်း 43:1-14 MSBU

ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ပို၍​ဆိုးရွား​လာ​၏​။ အီဂျစ်​ပြည်​မှ သူ​တို့​ယူဆောင်​လာ​သော​စားနပ်ရိက္ခာ​ကို​စား​၍​ကုန်​သောအခါ ဖခင်​က​သူ​တို့​အား “​တစ်ဖန်​သွား​၍ ငါ​တို့​အတွက် အစားအစာ​အနည်းငယ်​ကို ဝယ်ယူ​ကြ​လော့​”​ဟု ဆို​၏​။ ယုဒ​က​လည်း “​ထို​သူ​က ‘​သင်​တို့​နှင့်အတူ သင်​တို့​ညီ မပါ​လာ​လျှင် ငါ့​မျက်နှာ​ကို သင်​တို့​မြင်​ရ​မည်​မ​ဟုတ်​’​ဟု အကျွန်ုပ်​တို့​ကို အသေအချာ​သတိပေး​ထား​ပါ​၏​။ အကျွန်ုပ်​တို့​၏​ညီ​ကို အကျွန်ုပ်​တို့​နှင့်အတူ​လွှတ်​လျှင် အဖေ့​အတွက် အစားအစာ​ကို အကျွန်ုပ်​တို့​သွား​၍​ဝယ်ယူ​ပါ​မည်​။ မ​လွှတ်​လျှင် အကျွန်ုပ်​တို့​မ​သွား​ပါ​။ အကြောင်းမူကား ထို​သူ​က ‘​သင်​တို့​၏​ညီ​သည် သင်​တို့​နှင့်အတူ​မ​ပါလာ​လျှင် ငါ့​မျက်နှာ​ကို သင်​တို့​မြင်​ရ​မည်​မ​ဟုတ်​’​ဟု အကျွန်ုပ်​တို့​အား​ပြော​ပါ​၏​”​ဟု ဖခင်​အား​ဆို​လေ​၏​။ အစ္စရေး​က​လည်း “​သင်​တို့​သည် သင်​တို့​၌​ညီ​နောက်တစ်ယောက်​ရှိ​သေး​ကြောင်း ထို​သူ​အား​ပြော​ပြီး အဘယ်ကြောင့် ငါ့​ကို​ဒုက္ခရောက်​စေ​သနည်း​”​ဟု ဆို​၏​။ သူ​တို့​က​လည်း “​ထို​သူ​က ‘​သင်​တို့​၏​ဖခင်​အသက်ရှင်​သေး​သလော​။ သင်​တို့​၌​ညီ​ရှိ​သလော​’​ဟု ဆို​လျက် အကျွန်ုပ်​တို့​အကြောင်း​၊ အကျွန်ုပ်​တို့​၏​ဆွေမျိုးသားချင်း​အကြောင်း​ကို စေ့စေ့စပ်စပ်​မေးမြန်း​သောကြောင့် အကျွန်ုပ်​တို့​သည် ထို​စကား​များ​အလိုက် သူ့​ကို​ပြန်ဖြေ​ရ​ပါ​၏​။ ‘​သင်​တို့​ညီ​ကို​ခေါ်ဆောင်​ခဲ့​လော့​’​ဟု သူ​ပြော​လိမ့်မည်​ကို အကျွန်ုပ်​တို့​အမှန် သိ ​နိုင်​ပါ​မည်လော​”​ဟု ပြန်ပြော​ကြ​၏​။ ယုဒ​က​လည်း မိမိ​၏​ဖခင်​အစ္စရေး​အား “​အဖေ​မှစ၍ အကျွန်ုပ်​တို့​နှင့် အကျွန်ုပ်​တို့​၏​ကလေး​တို့​သည် မ​သေ​ဘဲ အသက်ရှင်​မည့်​အကြောင်း သူငယ်​ကို အကျွန်ုပ်​နှင့်အတူ​လွှတ်​ပါ​လော့​။ အကျွန်ုပ်​တို့​သည်​ထ​၍ သွား​ကြ​ပါ​မည်​။ သူ့​အတွက် အကျွန်ုပ်​အာမခံ​ပါ​၏​။ သူ့​ကို အကျွန်ုပ်​တာဝန်ယူ​ပါ​မည်​။ အကယ်၍ အကျွန်ုပ်​သည် သူ့​ကို​အဖေ့​ထံသို့ ပြန်​မ​ခေါ်လာ​၊ အဖေ့​ထံ​ပြန်​မ​အပ်​လျှင် အကျွန်ုပ်​သည် အဖေ့​၏​အပြစ်တင်​ခြင်း​ကို တစ်သက်လုံး​ခံယူ​ပါ​မည်​။ အကျွန်ုပ်​တို့​သည် ဤမျှလောက်​တုံ့ဆိုင်း​မ​နေ​ခဲ့​လျှင် နှစ်ကြိမ်​ပြန်ရောက်​နိုင်​လောက်​ပြီ​”​ဟု ဆို​လေ​၏​။ ထိုအခါ သူ​တို့​၏​ဖခင်​အစ္စရေး​က သူ​တို့​အား “​သို့ဖြစ်လျှင် ဤသို့​ပြု​ကြ​လော့​။ လိမ်းဆေး​အနည်းငယ်​၊ ပျားရည်​အနည်းငယ်​၊ နံ့သာမျိုး​၊ မုရန်စေး​၊ အခွံမာသီး​၊ ဗာဒံသီး စသည့် ဤ​ပြည်​မှ​ထွက်​သော အကောင်းဆုံးအရာ​တို့​ကို သင်​တို့​အိတ်​များ​၌​ထည့်​၍ ထို​သူ​အဖို့​လက်ဆောင်​အဖြစ်​ယူသွား​ကြ​လော့​။ သင်​တို့​လက်​ထဲ၌ ငွေ​နှစ်ဆ​ယူသွား​ကြ​လော့​။ သင်​တို့​၏​အိတ်​ဝ​တွင် ပြန်ထည့်​ပေး​လိုက်​သော​ငွေ​ကို​လည်း ပြန်​ယူသွား​ကြ​လော့​။ မှား​၍​ထည့်ပေး​လိုက်​ခြင်း​ဖြစ်​ကောင်း​ဖြစ်​မည်​။ သင်​တို့​၏​ညီ​ကို​ခေါ်ဆောင်​ပြီး တစ်ဖန် ထို​သူ​ထံသို့ ထ​သွား​ကြ​လော့​။ အနန္တတန်ခိုးရှင်​ဘုရားသခင်​သည် သင်​တို့​ကို သနားစုံမက်​တော်မူ​၍ ထို​သူ​သည် သင်​တို့​၏​ညီအစ်ကို​ရှိမောင်​နှင့်​ဗင်္ယာမိန်​ကို သင်​တို့​နှင့်အတူ​ပြန်လွှတ်​ပေး​ပါစေသော​။ ငါ​သည် သား​များ​ကို​ဆုံးရှုံး​လျှင်​လည်း ဆုံးရှုံး​ရ​ပါ​တော့​မည်​”​ဟု ဆို​လေ​၏​။