YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 4:10-26

ကမ္ဘာဦးကျမ်း 4:10-26 MSBU

ထာဝရဘုရား​က​လည်း “​သင်​သည် မည်သို့​ပြု​ဘိ​သနည်း​။ သင့်​ညီ​အသွေး​၏​အသံ​သည် မြေကြီး​ထဲမှ ငါ့​ထံသို့ အော်ဟစ်​နေ​ပါ​သည်​တကား​။ မြေကြီး​သည် မိမိ​နှုတ်​ကို​ဟ​၍ သင်​၏​လက်​မှ သင့်​ညီ​၏​အသွေး​ကို​ခံယူ​ပြီ​ဖြစ်​သောကြောင့် သင်​သည် မြေကြီး​၏​ကျိန်​ခြင်း​ကို ယခု​ခံရ​ပြီ​။ သင်​သည် မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော်လည်း မြေ​သည် မိမိ​၏​အသီးအနှံ​ကို သင့်​အား ပေး​တော့​မည်​မ​ဟုတ်​။ သင်​သည် ကမ္ဘာမြေကြီး​ပေါ်တွင် အတည်တကျ​နေစရာ​မ​ရှိ​၊ လှည့်လည်သွားလာ​သူ​ဖြစ်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ကာဣန​က​လည်း “​အကျွန်ုပ်​၏​အပြစ်ဒဏ်​သည် အကျွန်ုပ်​ခံနိုင်​သည်​ထက်​ကြီးလေး​ပါ​၏​။ ယနေ့ ကိုယ်တော်​သည် အကျွန်ုပ်​ကို မြေပြင်​ပေါ်​မှ နှင်ထုတ်​တော်မူ​သဖြင့် အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​မှ​ပုန်းရှောင်​လျက် ကမ္ဘာမြေကြီး​ပေါ်တွင် အတည်တကျ​နေစရာ​မ​ရှိ​၊ လှည့်လည်သွားလာ​သူ​ဖြစ်​ရ​ပါ​မည်​။ အကျွန်ုပ်​ကို​တွေ့​သမျှ​သော​သူ​တို့​သည် အကျွန်ုပ်​ကို​သတ်​ပါ​လိမ့်မည်​”​ဟု ထာဝရဘုရား​အား လျှောက်​လေ​၏​။ ထာဝရဘုရား​က​လည်း “​သို့ဖြစ်လျှင် မည်သူမဆို ကာဣန​ကို​သတ်​လျှင် ခုနစ်ဆ​သော​လက်တုံ့ပြန်​ခြင်း​ကို ခံ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ကာဣန​ကို​တွေ့​သော​သူ​တစ်စုံတစ်ယောက်​မျှ သူ့​ကို​မ​သတ်​မည့်​အကြောင်း ထာဝရဘုရား​သည် သူ​၌ အမှတ်လက္ခဏာ​တစ်​ခု​ကို ထား​တော်မူ​၏​။ ကာဣန​သည် ထာဝရဘုရား​၏​ရှေ့​တော်​မှ​ထွက်သွား​၍ ဧဒင်​အရပ်​၏​အရှေ့ဘက်​၊ နောဒ​ပြည်​တွင်​နေထိုင်​လေ​၏​။ ထို့နောက် ကာဣန​သည် မိမိ​မယား​နှင့်​ဆက်ဆံ​သဖြင့် မယား​သည် ကိုယ်ဝန်ဆောင်​၍ ဧနောက်​ကို​မွေးဖွား​လေ​၏​။ ကာဣန​သည် မြို့​ကို တည်​သောအခါ မိမိ​သား​၏​အမည်​ကို​အစွဲပြု​၍ ထို​မြို့​၏​အမည်​ကို ဧနောက်​မြို့ ဟု​ခေါ်​၏​။ ဧနောက်​သည် သား​ဣရဒ်​ကို​ရ​၏​။ ဣရဒ်​သည် သား​မဟုယေလ​ကို​ရ​၏​။ မဟုယေလ​သည် သား​မသုရှလ​ကို​ရ​၏​။ မသုရှလ​သည် သား​လာမက်​ကို​ရ​၏​။ လာမက်​သည် မိန်းမ​နှစ်​ယောက်​ကို မိမိ​မယား​အဖြစ်​ယူ​လေ​၏​။ တစ်​ယောက်​၏​အမည်​မှာ အာဒ ဖြစ်​ပြီး နောက်တစ်ယောက်​၏​အမည်​မှာ ဇိလ ဖြစ်​၏​။ အာဒ​သည် ယာဗလ​ကို​မွေးဖွား​၏​။ ယာဗလ​သည် တဲ​၌​နေ​သော​သူ​၊ တိရစ္ဆာန်​တို့​ကို​လှည့်လည်​ထိန်းကျောင်း​သော​သူ​တို့​၏​ဖခင်​ဖြစ်​၏​။ သူ့​ညီ​၏​အမည်​မှာ ယုဗလ ဖြစ်​၏​။ ယုဗလ​သည် စောင်း​နှင့်​ပလွေ​တို့​ကို တီးမှုတ်​တတ်​သော​သူ​အပေါင်း​တို့​၏​ဖခင်​ဖြစ်​၏​။ ဇိလ​သည်​လည်း တုဗလကာဣန​ကို​မွေးဖွား​၏​။ တုဗလကာဣန​သည် ကြေးထည်​၊ သံထည် ပစ္စည်း​အမျိုးမျိုး​ကို​ထုတ်လုပ်​သူ​ဖြစ်​၏​။ တုဗလကာဣန​၏​ညီမ​ကား နေမ ဖြစ်​၏​။ လာမက်​သည် မိမိ​မယား​တို့​အား “​အာဒ​နှင့်​ဇိလ​တို့​၊ ငါ့​အသံ​ကို​နားထောင်​ကြ​လော့​။ လာမက်​၏​မယား​တို့​၊ ငါ့​စကား​ကို​စူးစိုက်​နားထောင်​ကြ​လော့​။ ငါ့​ကို​အနာတရ​ဖြစ်စေ​သော​လူ​၊ ငါ့​ကို​ဒဏ်ရာ​ရ​စေ​သော​လူငယ်​ကို ငါ​သတ်​ခဲ့​ပြီ​။ ကာဣန​အတွက် ခုနစ်ဆ​သော​လက်တုံ့ပြန်​ခြင်း​ရှိ​လျှင် လာမက်​အတွက် ခုနစ်ဆယ့်​ခုနစ်​ဆ​ရှိ​လိမ့်မည်​”​ဟု ဆို​၏​။ တစ်ဖန် အာဒံ​သည် မိမိ​မယား​နှင့်​ဆက်ဆံ​သဖြင့် မယား​သည် သား​ကို​မွေးဖွား​၍ “​ကာဣန​သည် အာဗေလ​ကို​သတ်​သောကြောင့် ဘုရားသခင်​သည် အာဗေလ​ကိုယ်စား အခြား​သော​မျိုးဆက်​ကို အကျွန်ုပ်​အတွက်​ခန့်ထား​တော်မူ​ပြီ​”​ဟု ဆို​ပြီး သား​၏​အမည်​ကို ရှေသ ဟု​မှည့်ခေါ်​လေ​၏​။ ရှေသ​သည်​လည်း သား​ကို​ရ​၍ သူ​၏​အမည်​ကို ဧနုတ် ဟု​မှည့်ခေါ်​လေ​၏​။ ထို​ကာလ​၌ လူ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို စတင်​၍​ခေါ်ဆို​ပတ္ထနာပြု​ကြ​၏​။