YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 4:1-9

ကမ္ဘာဦးကျမ်း 4:1-9 MSBU

ထို့နောက် လူ​သည် မိမိ​မယား​ဧဝ​နှင့်​ဆက်ဆံ​သဖြင့် ဧဝ​သည် ကိုယ်ဝန်ဆောင်​၍ ကာဣန​ကို​မွေးဖွား​ပြီးလျှင် “​ငါ​သည် ထာဝရဘုရား​ထံ​တော်​မှ သား​တစ်ဦး​ကို​ရရှိ​ပြီ​”​ဟု ဆို​လေ​၏​။ တစ်ဖန် သူ့​ညီ​အာဗေလ​ကို​မွေးဖွား​လေ​၏​။ အာဗေလ​သည် သိုးထိန်း​ဖြစ်​၏​။ ကာဣန​မူကား မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော​သူ​ဖြစ်​၏​။ အချိန်စေ့​သောအခါ​၊ ကာဣန​သည် မြေ​မှ​ရ​သော​အသီးအနှံ​ကို ပူဇော်သက္ကာ​အဖြစ် ထာဝရဘုရား​ထံ​ယူဆောင်​လာ​၏​။ အာဗေလ​သည်​လည်း မိမိ​သိုးအုပ်​ထဲမှ သိုး​သားဦး​များ​နှင့် သိုး​တို့​၏​အဆီ​များ​ကို​ယူဆောင်​လာ​၏​။ ထာဝရဘုရား​သည် အာဗေလ​နှင့် သူ​၏​ပူဇော်သက္ကာ​ကို ပမာဏပြု​တော်မူ​၏​။ ကာဣန​နှင့် သူ​၏​ပူဇော်သက္ကာ​ကို​မူကား ပမာဏပြု​တော်​မ​မူ​။ ထို့ကြောင့် ကာဣန​သည် အလွန်​စိတ်ဆိုး​လျက် မျက်နှာသုန်မှုန်​နေ​လေ​၏​။ ထိုအခါ ထာဝရဘုရား​က ကာဣန​အား “​သင်​သည် အဘယ်ကြောင့်​စိတ်ဆိုး​သနည်း​။ အဘယ်ကြောင့်​မျက်နှာသုန်မှုန်​နေ​သနည်း​။ သင်​သည် ကောင်းမွန်​စွာ​ပြု​လျှင် လက်​မ​ခံ​ဘဲ​နေ​မည်လော​။ ကောင်းမွန်​စွာ​မ​ပြု​လျှင် အပြစ်​သည် တံခါး​နား​မှာ​ဝပ်ချောင်း​လျက်​နေ​၍ သင့်​ကို လွှမ်းမိုး​လို​၏​။ သို့သော် သင်​သည် သူ့​ကို​အနိုင်ယူ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ကာဣန​က မိမိ​ညီ​အာဗေလ​အား “​လယ်​ထဲ​သွား​ကြ​စို့​”​ဟု ဆို​လေ​၏​။ လယ်​၌ သူ​တို့​ရှိ​ကြ​စဉ် ကာဣန​သည် မိမိ​ညီ​အာဗေလ​ကို​ရန်ပြု​၍ သူ့​ကို​သတ်​လေ​၏​။ ထို့နောက် ထာဝရဘုရား​က ကာဣန​အား “​သင့်​ညီ​အာဗေလ​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု မေး​တော်မူ​လျှင် ကာဣန​က “​အကျွန်ုပ်​မ​သိ​ပါ​။ အကျွန်ုပ်​သည် ညီ​ကို​စောင့်ရှောက်​သူ​ဖြစ်​ပါ​သလော​”​ဟု ပြန်လျှောက်​လေ​၏​။