YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 39:6-20

ကမ္ဘာဦးကျမ်း 39:6-20 MSBU

ထို့ကြောင့် သခင်​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို ယောသပ်​လက်​သို့​အပ်​၍ မိမိ​စား​သော​အစားအစာ​မှတစ်ပါး မိမိ​ပိုင်​သော​မည်သည့်​အရာ​ကို​မျှ မ​သိ​မ​မှတ်​ဘဲ​နေ​၏​။ ယောသပ်​သည် အဆင်းသဏ္ဌာန်​လှ​၍ ရုပ်ရည်​ချောမော​သော​သူ​ဖြစ်​၏​။ နောက်ပိုင်းတွင် သခင်​၏​မယား​သည် ယောသပ်​ကို​နှစ်သက်တပ်မက်​၍ “​ငါ​နှင့်​အိပ်​ပါ​”​ဟု ဆို​လျှင် ယောသပ်​သည် ငြင်းဆန်​၍ သူ့​သခင်​၏​မယား​အား “​အကျွန်ုပ်​၏​သခင်​သည် အိမ်​၌​ရှိ​သော​အရာ​တို့​ကို​မ​သိ​မ​မှတ်​ပါ​။ သူ​၌​ရှိသမျှ​သော​အရာ​တို့​ကို အကျွန်ုပ်​လက်​သို့​အပ်​ပါ​ပြီ​။ ဤ​အိမ်​၌ အကျွန်ုပ်​ထက်​ကြီးမြတ်​သော​သူ​မ​ရှိ​ပါ​။ သခင်မ​သည် အကျွန်ုပ်​သခင်​၏​မယား​ဖြစ်​သောကြောင့် အကျွန်ုပ်​၏​သခင်​သည် သခင်မ​မှတစ်ပါး မည်သည့်​အရာ​ကို​မျှ​အကျွန်ုပ်​အား မ​ဟန့်တား​ပါ​။ သို့ဖြစ်၍ အကျွန်ုပ်​သည် ဤမျှလောက်​ကြီးမား​သော​မကောင်းမှု​ကို​ပြု​၍ ဘုရားသခင်​ကို ပြစ်မှား​ရ​ပါ​မည်လော​”​ဟု ဆို​လေ​၏​။ ထို​သခင်မ​သည် ယောသပ်​အား သူ​နှင့်အတူ​အိပ်​ရန်​၊ သူ​နှင့်အတူ​နေ​ရန် နေ့စဉ်နေ့တိုင်း ပြောဆို​နေ​သော်လည်း ယောသပ်​သည် သူ့​ကို​နား​မ​ထောင်​ပေ​။ တစ်နေ့တွင် ယောသပ်​သည် အလုပ်​လုပ်​ရန်​အိမ်​ထဲသို့​ဝင်သွား​ရာ အိမ်​ထဲ၌ အိမ်သား​ယောက်ျား​တစ်ယောက်မျှ​မ​ရှိ​ချေ​။ ထိုအခါ သခင်မ​သည် ယောသပ်​၏​အဝတ်​ကို​ဖမ်းဆွဲ​၍ “​ငါ​နှင့်​အိပ်​ပါ​”​ဟု ဆို​လေ​၏​။ သို့သော် ယောသပ်​သည် မိမိ​အဝတ်​ကို သခင်မ​လက်​ထဲ၌​စွန့်ထား​ခဲ့​၍ အပြင်ဘက်​သို့​ပြေး​ထွက်သွား​လေ​၏​။ ထိုသို့ ယောသပ်​သည် သူ့​အဝတ်​ကို သခင်မ​လက်​ထဲ၌​စွန့်ထား​ခဲ့​၍ အပြင်ဘက်​သို့​ထွက်ပြေး​သွား​သည်​ကို သခင်မ​ကြည့်​ပြီး မိမိ​၏​အိမ်သား​ယောက်ျား​တို့​ကို​ခေါ်​၍ သူ​တို့​အား “​ကြည့်​ကြ​ပါ​။ သခင်​ခေါ်လာ​သော ဟေဗြဲ​အမျိုးသား​သည် ငါ​တို့​ကို စော်ကား​ပါ​ပြီ​တကား​။ ငါ​နှင့်​အိပ်​ဖို့ ငါ့​ထံသို့​ဝင်လာ​သဖြင့် ငါ​သည် အသံကုန်​အော်ဟစ်​ရ​ပါ​၏​။ ထိုသို့ ငါ​အသံကုန်​အော်ဟစ်​သည်​ကို သူ​ကြား​သောအခါ သူ့​အဝတ်​ကို ငါ့​လက်​၌​စွန့်ထား​ခဲ့​၍ အပြင်​သို့​ပြေး​ထွက်သွား​လေ​၏​”​ဟု ဆို​ပြီးလျှင် သခင်​အိမ်​သို့​ပြန်ရောက်​သည့်​တိုင်အောင် ယောသပ်​၏​အဝတ်​ကို မိမိ​အနား​တွင် သိမ်းထား​လေ​၏​။ ထို​စကား​အတိုင်း​ပင် သခင်​အား “​အကျွန်ုပ်​တို့​ထံသို့ သခင်​ခေါ်လာ​ခဲ့​သော ဤ​ဟေဗြဲ​ကျွန်​သည် ကျွန်မ​ထံသို့​ဝင်လာ​၍ ကျွန်မ​ကို စော်ကား​ပါ​ပြီ​။ ကျွန်မ​သည် အသံကုန်​အော်ဟစ်​သောကြောင့် သူ​သည် ကျွန်မ​အနား​တွင် သူ့​အဝတ်​ကို​စွန့်ထား​ခဲ့​၍ အပြင်​သို့​ထွက်ပြေး​သွား​၏​”​ဟု ပြောပြ​လေ​၏​။ “​သခင်​၏​ကျွန်​သည် ကျွန်မ​၌ ဤသို့သော​အမှု​ကို​ပြု​ခဲ့​ပါ​၏​”​ဟု မိမိ​မယား​ပြော​သော​စကား​ကို သခင်​ကြား​သောအခါ အမျက်ထွက်​လေ​၏​။ ထိုအခါ ယောသပ်​၏​သခင်​သည် ယောသပ်​ကို​ခေါ်ဆောင်​သွား​၍ ရှင်ဘုရင်​အကျဉ်းချ​ထား​သော​သူ​များ​ကို ချုပ်နှောင်​ထား​သည့်​နေရာ​ဖြစ်​သော အကျဉ်းထောင်​ထဲ၌ ထည့်​ထား​လေ​၏​။ သို့ဖြစ်၍ ယောသပ်​သည် အကျဉ်းထောင်​ထဲ၌​နေ​ရ​၏​။