YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 38:1-12

ကမ္ဘာဦးကျမ်း 38:1-12 MSBU

ထို​ကာလ​တွင် ယုဒ​သည် မိမိ​ညီအစ်ကို​တို့​ထံမှ​ထွက်သွား​၍ ဟိရ​အမည်​ရှိ​သော အဒုလံ​မြို့သား​တစ်​ယောက်​နှင့်အတူ​နေထိုင်​လေ​၏​။ ထို​အရပ်​၌ ယုဒ​သည် ရှုအာ​အမည်​ရှိ​သော ခါနာန်​လူမျိုး​တစ်​ယောက်​၏​သမီး​ကို​တွေ့မြင်​ပြီးလျှင် သူ​နှင့်​စုံဖက်​၍ သူ့​ထံသို့​ဝင်​လေ​၏​။ ထို​မိန်းမ​သည် ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​၏​။ ယုဒ​သည် ထို​သား​၏​အမည်​ကို ဧရ ဟု​မှည့်ခေါ်​လေ​၏​။ ထို​မိန်းမ​သည် နောက်တစ်ဖန် ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​ရာ ထို​သား​၏​အမည်​ကို ဩနန် ဟု​မှည့်ခေါ်​လေ​၏​။ နောက်တစ်ဖန်​ထပ်၍ သား​ကို​မွေးဖွား​ရာ ထို​သား​၏​အမည်​ကို ရှေလ ဟု​မှည့်ခေါ်​လေ​၏​။ ရှေလ​ကို​မွေးဖွား​သောအခါ ယုဒ​သည် ခေဇိပ်​မြို့​တွင် ရောက်​နေ​၏​။ ထို့နောက်တွင် ယုဒ​သည် မိမိ​၏​သားဦး​ဧရ​ကို တာမာ​အမည်​ရှိ​သော​အမျိုးသမီး​နှင့် စုံဖက်​ပေး​လေ​၏​။ ယုဒ​၏​သားဦး​ဧရ​သည် ထာဝရဘုရား​မျက်မှောက်​တော်​၌​ဆိုး​သော​သူ​ဖြစ်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ့​ကို​ကွပ်မျက်​တော်မူ​၏​။ ထို့နောက် ယုဒ​က ဩနန်​အား “​သင့်​အစ်ကို​၏​မယား​ထံသို့​ဝင်​လော့​။ မတ်​တစ်​ယောက်​၏​တာဝန်​ကို​ဖြည့်ဆည်း​၍ သင့်​အစ်ကို​၏​မျိုးဆက်​ကို​ဖြစ်ထွန်း​စေ​လော့​”​ဟု ဆို​လေ​၏​။ သို့သော် ဩနန်​က ဤ​မျိုးဆက်​သည် မိမိ​၏​မျိုးဆက်​ဖြစ်​မည်​မ​ဟုတ်​ကြောင်း သိ​၏​။ ထို့ကြောင့် သူ​သည် မိမိ​အစ်ကို​၏​မယား​ထံသို့​ဝင်​သောအခါ မိမိ​အစ်ကို​အတွက် မျိုးဆက်​မ​ဖြစ်ထွန်း​စေရန် သုက်ရည်​ကို အပြင်​သို့​စွန့်ထုတ်​၏​။ သူ​ပြု​သော​အမှု​သည် ထာဝရဘုရား​မျက်မှောက်​တော်​၌ ဆိုး​သော​အမှု​ဖြစ်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ့​ကို​လည်း ကွပ်မျက်​တော်မူ​၏​။ ယုဒ​က မိမိ​၏​သား​ရှေလ​သည်​လည်း သူ​၏​အစ်ကို​များ​ကဲ့သို့ သေ​မည်​ကို​စိုးရိမ်​သဖြင့် မိမိ​၏​ချွေးမ​တာမာ​အား “​ရှေလ​ကြီးပြင်း​သည်​အထိ သင့်​ဖခင်​၏​အိမ်​၌ မုဆိုးမ​အဖြစ်​နှင့်​နေ​လော့​”​ဟု ဆို​လေ​၏​။ ထို့ကြောင့် တာမာ​သည်​သွား​၍ မိမိ​ဖခင်​၏​အိမ်​၌​နေထိုင်​လေ​၏​။ ကာလ​အတန်ကြာ​သော် ရှုအာ​၏​သမီး​ဖြစ်​သော ယုဒ​၏​မယား​သည် သေဆုံး​လေ​၏​။ ယုဒ​သည် စိတ်သက်သာ​ရာ​ရ​ပြီးမှ မိမိ​၏​မိတ်ဆွေ​အဒုလံ​မြို့သား​ဟိရ​နှင့်အတူ မိမိ​၏​သိုးမွေးညှပ်သမား​တို့​ရှိ​ရာ တိမနတ်​မြို့​သို့​တက်သွား​၏​။