YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 35:1-29

ကမ္ဘာဦးကျမ်း 35:1-29 MSBU

ထို့နောက် ဘုရားသခင်​က ယာကုပ်​အား “​ထ​လော့​။ ဗေသလ​အရပ်​သို့​သွား​၍ ထို​အရပ်​၌ နေထိုင်​လော့​။ သင်​၏​အစ်ကို​ဧသော​ထံ​မှ သင်​ထွက်ပြေး​စဉ်က သင့်​အား ကိုယ်ထင်ရှားပြ​သော​ဘုရားသခင်​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို​တည်​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ယာကုပ်​သည် မိမိ​၏​အိမ်သူအိမ်သား​တို့​မှစ၍ မိမိ​နှင့်အတူ​ရှိ​သော​သူ​အပေါင်း​တို့​အား “​သင်​တို့​၌​ရှိ​သော​တိုင်းတစ်ပါးသား​၏​ဘုရား​များ​ကို ဖယ်ရှား​ကြ​လော့​။ သင်တို့ကိုယ်သင်တို့ စင်ကြယ်​စေ​၍ သင်​တို့​၏​အဝတ်အစား​များ​ကို လဲ​ကြ​လော့​။ ထ​၍​ဗေသလ​အရပ်​သို့​သွား​ကြ​စို့​။ ငါ​ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ငါ့​ကို​ထူး​တော်မူ​၍ ငါ​သွား​သော​လမ်းခရီး​၌ ငါ​နှင့်အတူ​ရှိ​တော်မူ​သော ဘုရားသခင်​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို ငါ​တည်​မည်​”​ဟု ဆို​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​လက်​ထဲ၌​ရှိ​သော တိုင်းတစ်ပါးသား​တို့​၏​ဘုရား​ရှိသမျှ​ကို​လည်းကောင်း​၊ မိမိ​တို့​နား​၌​ပန်​ထား​သော နားကွင်း​များ​ကို​လည်းကောင်း ယာကုပ်​အား​ပေး​ကြ​၏​။ ယာကုပ်​သည်​လည်း ၎င်း​တို့​ကို ရှေခင်​မြို့​အနီး​ရှိ သပိတ်ပင်​အောက်​၌​မြှုပ်​လေ​၏​။ ထို့နောက် သူ​တို့​သည် ခရီးပြု​ကြ​၏​။ ဘုရားသခင်​ကို​ကြောက်ရွံ့ထိတ်လန့်​ခြင်း​သည် သူ​တို့​ပတ်လည်​၌​ရှိ​သော​မြို့​များ​အပေါ်​သို့ ကျရောက်​သဖြင့် ထို​မြို့သား​တို့​သည် ယာကုပ်​၏​သား​တို့​ကို မ​လိုက်​ဝံ့​ကြ​ချေ​။ ယာကုပ်​သည် သူ​နှင့်အတူ​ရှိ​သော​လူ​အပေါင်း​တို့​နှင့်တကွ ခါနာန်​ပြည်​ရှိ လုဇ​မြို့​တည်းဟူသော ဗေသလ​အရပ်​သို့​ရောက်လာ​၏​။ သူ​သည် ထို​အရပ်​၌ ယဇ်ပလ္လင်​ကို​တည်​၍ ထို​အရပ်​ကို ဧလ​ဗေသလ ဟု​ခေါ်​၏​။ အကြောင်းမူကား သူ​သည် မိမိ​အစ်ကို​ထံ​မှ​ထွက်ပြေး​စဉ်က ထို​အရပ်​၌ ဘုရားသခင်​ထင်ရှား​တော်မူ​၏​။ ထို့နောက် ရေဗက္ကာ​၏​အထိန်း ဒေဗောရ​သည် သေဆုံး​၍ ဗေသလ​အရပ်​အနိမ့်ပိုင်း​၊ ဝက်သစ်ချပင်​အောက်​၌ သူ့​ကို​သင်္ဂြိုဟ်​လေ​၏​။ ထို့ကြောင့် ထို​အပင်​၏​အမည်​ကို အာလုမ္ဘာကုတ် ဟု​ခေါ်​၏​။ ယာကုပ်​သည် ပါဒန်အာရံ​ပြည်​မှ​ပြန်လာ​ပြီးနောက် ဘုရားသခင်​သည် သူ့​အား တစ်ဖန်​ကိုယ်ထင်ရှားပြ​၍ ကောင်းချီးပေး​တော်မူ​၏​။ ဘုရားသခင်​က “​သင်​၏​အမည်​သည် ယာကုပ် ဖြစ်​၏​။ သို့သော် သင့်​ကို ယာကုပ် ဟု​ခေါ်​တော့​မည်​မ​ဟုတ်​။ ယခု​မှစ၍ သင်​၏​အမည်​သည် အစ္စရေး ဖြစ်​ရ​မည်​”​ဟု သူ့​အား​မိန့်​တော်မူ​လျက် သူ​၏​အမည်​ကို အစ္စရေး ဟု​မှည့်ခေါ်​တော်မူ​၏​။ တစ်ဖန် ဘုရားသခင်​က “​ငါ​သည် အနန္တတန်ခိုးရှင်​ဘုရားသခင်​ဖြစ်​၏​။ တိုးပွား​များပြား​လော့​။ သင့်​ထံမှ လူမျိုး​တစ်​မျိုး​သာမက လူမျိုးပေါင်း​များစွာ ဆင်းသက်​လာ​ကြ​လိမ့်မည်​။ သင်​၏​အမျိုးအနွယ်​ထဲမှ ရှင်ဘုရင်​များ​လည်း ပေါ်ထွန်း​လိမ့်မည်​။ အာဗြဟံ​နှင့်​ဣဇက်​အား ငါ​ပေး​သော​ပြည်​ကို သင့်​အား ငါ​ပေး​မည်​။ ထို​ပြည်​ကို နောင်လာမည့် သင်​၏​သားစဉ်မြေးဆက်​အား​လည်း ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။ ထို့နောက် ဘုရားသခင်​သည် သူ​နှင့်​မိန့်မြွက်​တော်မူ​သော​ထို​အရပ်​မှ ကြွသွား​တော်မူ​၏​။ ယာကုပ်​သည် မိမိ​အား​ဘုရားသခင်​မိန့်မြွက်​တော်မူ​သော​အရပ်​၌ ကျောက်တိုင်​တစ်​တိုင်​ကို စိုက်ထူ​လေ​၏​။ သူ​သည် ၎င်း​အပေါ်​၌ သွန်းလောင်းရာပူဇော်သက္ကာ​ကို​သွန်းလောင်း​၍ ဆီ​ကို​လည်း​လောင်း​၏​။ ယာကုပ်​သည် မိမိ​အား​ဘုရားသခင်​မိန့်မြွက်​တော်မူ​သော​အရပ်​၏​အမည်​ကို ဗေသလ ဟု​ခေါ်​၏​။ ထို့နောက် သူ​တို့​သည် ဗေသလ​အရပ်​မှ​ခရီးပြု​၏​။ ဧဖရတ်​မြို့​သို့​ရောက်​ရန် အတန်ငယ်​ဝေး​သေး​သော​နေရာ​တွင် ရာခေလ​သည် သားဖွား​မည့်​အချိန်​ရောက်​၍ သားဖွားရ​ခက်​နေ​၏​။ ထိုသို့ သူ​သည် သားဖွားရ​ခက်​နေစဉ် ဝမ်းဆွဲ​က “​မ​စိုးရိမ်​နှင့်​။ သင်​သည် သား​နောက်တစ်ယောက်​ရ​ပြီ​”​ဟု သူ့​အား​ဆို​လျှင် ရာခေလ သေဆုံး​လေ​၏​။ သို့သော် အသက်ထွက်​အံ့ဆဲဆဲ​တွင် သား​၏​အမည်​ကို ဗေနောနိ ဟု​မှည့်ခေါ်​၏​။ ဖခင်​မူကား ထို​သား​ကို ဗင်္ယာမိန် ဟု​မှည့်ခေါ်​၏​။ ရာခေလ​သည် သေဆုံး​၍ ဗက်လင် ခေါ် ဧဖရတ်​မြို့​သို့​သွား​ရာ​လမ်း​၌ သူ့​ကို​သင်္ဂြိုဟ်​လေ​၏​။ ယာကုပ်​သည် ရာခေလ​၏​သင်္ချိုင်း​၌ မှတ်တိုင်​ကို​စိုက်ထူ​လေ​၏​။ ၎င်း​သည် ယနေ့​တိုင်အောင် ရာခေလ​၏​သင်္ချိုင်း​မှတ်တိုင်​ဖြစ်​၏​။ ထို့နောက် အစ္စရေး​သည် ခရီးပြု​၍ ဧဒါ​မျှော်စင်​အလွန်​တွင် တဲ​ကို​ဆောက်​လေ​၏​။ အစ္စရေး​သည် ထို​ပြည်​၌​နေထိုင်​စဉ် ရုဗင်​သည်​သွား​၍ မိမိ​ဖခင်​၏​မယားငယ်​ဗိလဟာ​နှင့်​အိပ်​လေ​၏​။ အစ္စရေး​သည် ထို​အကြောင်း​ကို ကြား​၏​။ ယာကုပ်​၌ သား​တစ်ဆယ့်​နှစ်​ယောက်​ရှိ​၏​။ လေအာ​၏​သား​များ​မှာ ရုဗင်​(​ယာကုပ်​၏​သားဦး​)​၊ ရှိမောင်​၊ လေဝိ​၊ ယုဒ​၊ ဣသခါ​၊ ဇာဗုလုန် တို့​ဖြစ်​ကြ​၏​။ ရာခေလ​၏​သား​များ​မှာ ယောသပ်​၊ ဗင်္ယာမိန် တို့​ဖြစ်​ကြ​၏​။ ရာခေလ​၏​ကျွန်မ​ဗိလဟာ​၏​သား​များ​မှာ ဒန်​၊ နဿလိ တို့​ဖြစ်​ကြ​၏​။ လေအာ​၏​ကျွန်မ​ဇိလပ​၏​သား​များ​မှာ ဂဒ်​၊ အာရှာ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား ပါဒန်အာရံ​ပြည်​၌​မွေးဖွား​သော ယာကုပ်​၏​သား​များ​ဖြစ်​ကြ​၏​။ ထို့နောက် ယာကုပ်​သည် မံရေ​မြို့​တည်းဟူသော ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​ရှိ မိမိ​ဖခင်​ဣဇက်​ထံသို့​သွား​၏​။ ထို​မြို့​သည် အာဗြဟံ​နှင့်​ဣဇက်​တို့​တည်းခိုနေထိုင်​သော​မြို့​ဖြစ်​၏​။ ဣဇက်​သည်​နှစ်​ပေါင်း တစ်ရာ့​ရှစ်ဆယ်​အသက်ရှင်​ခဲ့​၏​။ ဣဇက်​သည် အသက်ကြီး​၍​သက်တမ်းစေ့​သဖြင့် နောက်ဆုံး​ထွက်သက်ထွက်​၍​သေဆုံး​ပြီး မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ ရောက်​လေ​၏​။ သူ​၏​သား​ဧသော​နှင့်​ယာကုပ်​တို့​သည် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။