YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 25

25
အာဗြဟံ၏အခြားမိန်းမနှင့်သားများ
1အာဗြဟံ​သည် မိန်းမ​နောက်ထပ်​တစ်​ယောက်​ယူ​၏​။ သူ​၏​အမည်​မှာ ကေတုရ ဖြစ်​၏​။ 2ထို​မိန်းမ​သည် အာဗြဟံ​အတွက် သား​ဇိမရံ​၊ ယုတ်ရှန်​၊ မေဒန်​၊ မိဒျန်​၊ ဣရှဗက်​နှင့် ရှုအာ တို့​ကို​မွေးဖွား​ပေး​၏​။ 3ယုတ်ရှန်​သည် သား​ရှေဘ​နှင့်​ဒေဒန်​ကို​ရ​၏​။ ဒေဒန်​မှ​ဆင်းသက်​လာ​သော​သူ​များ​မှာ အာရှုရိမ်​လူမျိုး​၊ လေတုရှိမ်​လူမျိုး​နှင့် လုမ်မိမ်​လူမျိုး တို့​ဖြစ်​ကြ​၏​။ 4မိဒျန်​၏​သား​များ​မှာ ဧဖာ​၊ ဧဖေရ​၊ ဟာနုတ်​၊ အဘိဒ​နှင့် ဧလဒါ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​အပေါင်း​တို့​သည် ကေတုရ​၏​သားမြေး​များ​ဖြစ်​ကြ​၏​။ 5အာဗြဟံ​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို ဣဇက်​အား ပေး​၏​။ 6မိမိ​မယားငယ်​တို့​၏​သား​တို့​ကို​ကား အာဗြဟံ​သည် လက်ဆောင်ပစ္စည်း​များ​ပေး​၍ မိမိ​အသက်ရှင်​စဉ်တွင် သူ​တို့​ကို မိမိ​သား​ဣဇက်​နှင့်​ဝေးရာ အရှေ့​ပြည်​သို့ လွှတ်လိုက်​လေ​၏​။
အာဗြဟံသေဆုံးခြင်း
7အာဗြဟံ​အသက်ရှင်​ခဲ့​သော​နေ့ရက်​နှစ်ကာလ​မှာ တစ်ရာ​ခုနစ်ဆယ့်​ငါး​နှစ်​ဖြစ်​၏​။ 8အာဗြဟံ​သည် အိုမင်းရင့်ရော်​၍ သက်တမ်းစေ့​သောအခါ နောက်ဆုံး​ထွက်သက်ထွက်​၍​သေဆုံး​ပြီး မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ ရောက်​လေ​၏​။ 9သူ​၏​သား ဣဇက်​နှင့်​ဣရှမေလ​တို့​သည် မံရေ​မြို့​အရှေ့ဘက်​၊ ဟိတ္တိ​လူမျိုး​ဇောဟာ​၏​သား ဧဖရုန်​၏​လယ်​၌​ရှိ​သော မပ္ပေလ​လိုဏ်ဂူ​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ 10ထို​လယ်​သည် ဟေသ​အမျိုးသား​တို့​ထံမှ အာဗြဟံ​ဝယ်ယူ​ထား​သော​လယ်​ဖြစ်​၏​။ အာဗြဟံ​ကို သူ​၏​မယား​စာရာ​နှင့်အတူ ထို​အရပ်​တွင် သင်္ဂြိုဟ်​ကြ​လေ​၏​။ 11အာဗြဟံ​ကွယ်လွန်​ပြီးနောက် သူ​၏​သား​ဣဇက်​ကို ဘုရားသခင်​ကောင်းချီးပေး​တော်မူ​၏​။ ဣဇက်​သည် ဗေရလဟဲရော​အရပ်​၌ နေထိုင်​၏​။
ဣရှမေလ၏ဆွေစဉ်မျိုးဆက်
12စာရာ​၏​ကျွန်မ​၊ အီဂျစ်​အမျိုးသမီး ဟာဂရ​က မွေးဖွား​ပေး​သော အာဗြဟံ​၏​သား ဣရှမေလ​၏​ဆွေစဉ်မျိုးဆက်​မှာ ဤသို့​ဖြစ်​၏​။ 13ဣရှမေလ​၏​သား​တို့​အမည်​ကား ဤသို့​တည်း​။ သူ​တို့​၏​အမည်​များ​ကို ကြီးစဉ်ငယ်လိုက်​စဉ်​သော်
ဣရှမေလ​၏​သားဦး​မှာ နဗာယုတ်​၊ ထို့နောက် ကေဒါ​၊ အာဒဗေလ​၊ မိဗသံ​၊ 14ထို့နောက် မိရှမ​၊ ဒုမာ​၊ မာစ​၊ 15ဟာဒဒ်​၊ တေမ​၊ ယေတုရ​၊ နာဖိရှ​နှင့် ကေဒမာ​ဖြစ်​၏​။ 16ဤ​သူ​တို့​ကား ဣရှမေလ​၏​သား​များ​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​၏​အမည်​များ​ကို သူ​တို့​၏​ရွာ​များ​၊ သူ​တို့​စခန်းချ​ရာ​အရပ်​များ​အလိုက်​ခေါ်တွင်​ကြ​၏​။ သူ​တို့​သည် မိမိ​တို့​မျိုးနွယ်စု​များ​အလိုက် ခေါင်းဆောင်​တစ်ဆယ့်​နှစ်​ပါး​ဖြစ်​ကြ​၏​။ 17(​ဣရှမေလ​အသက်ရှင်​ခဲ့​သော​နှစ်ကာလ​မှာ တစ်ရာ​သုံးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။ သူ​သည် နောက်ဆုံး​ထွက်သက်ထွက်​၍​သေဆုံး​ပြီး မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ ရောက်​လေ​၏​။​) 18သူ​တို့​သည် ဟဝိလ​အရပ်​မှ အီဂျစ်​ပြည်​၏​အရှေ့​ဘက်​၊ အဆီးရီယား​ပြည်​သို့​သွား​သော​လမ်း​၌​ရှိ​သည့် ရှုရ​အရပ်​တိုင်အောင် နေထိုင်​ကြ​၏​။ သူ​တို့​သည် မိမိ​ညီအစ်ကို​အပေါင်း​တို့​နှင့် ရန်ဘက်ပြု​လျက်#25:18 သို့မဟုတ် “မျက်နှာချင်းဆိုင်လျက်” သို့မဟုတ် “သူသည် မိမိညီအစ်ကိုအပေါင်းတို့ရှေ့တွင်သေဆုံး၏”။ နေထိုင်​ကြ​၏​။
ယာကုပ်နှင့်ဧသောမွေးဖွားလာခြင်း
19အာဗြဟံ​သား​ဣဇက်​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ အာဗြဟံ​သည် သား​ဣဇက်​ကို​ရ​၏​။ 20ဣဇက်​သည် ပါဒန်အာရံ​ပြည်​မှ အာရံ​လူမျိုး​ဗေသွေလ​၏​သမီး​၊ လာဗန်​၏​ညီမ ရေဗက္ကာ​ကို မိမိ​မယား​အဖြစ်​ယူ​သောအခါ အသက်​လေးဆယ်​ရှိ​၏​။ 21ဣဇက်​သည် မိမိ​မယား​မြုံ​သောကြောင့် သူ့​အတွက် ထာဝရဘုရား​ထံ​ဆုတောင်း​၏​။ ထာဝရဘုရား​သည် သူ​၏​ဆုတောင်း​သံ​ကို​နားညောင်း​တော်မူ​၍ သူ​၏​မယား​ရေဗက္ကာ​သည် ကိုယ်ဝန်ဆောင်​လေ​၏​။ 22သို့သော် ကလေး​တို့​သည် ဝမ်း​ထဲ၌​အချင်းချင်း​တိုးဝှေ့​ကြ​သဖြင့် ရေဗက္ကာ​က “​ကျွန်မ​၌ အဘယ်ကြောင့် ဤသို့​ဖြစ်​ရ​သနည်း​”​ဟု ဆို​လျက် ထာဝရဘုရား​အား မေးမြန်း​ရန် သွား​လေ​၏​။ 23ထာဝရဘုရား​က “​သင်​၏​ဝမ်း​ထဲ၌ လူမျိုး​နှစ်​မျိုး​ရှိ​၏​။ သင့်​အထဲ​မှ လူမျိုး​နှစ်​မျိုး​ခွဲထွက်​လာ​လိမ့်မည်​။ လူမျိုး​တစ်​မျိုး​သည် အခြား​တစ်​မျိုး​ထက်​အင်အားကြီးမား​လိမ့်မည်​။ အကြီး​သည် အငယ်​ကို​အစေခံ​ရ​လိမ့်မည်​”#ရော 9:12။​ဟု သူ့​အား မိန့်​တော်မူ​၏​။
24ထို့နောက် ရေဗက္ကာ​သည် သားဖွား​ရန်​နေ့​လ​စေ့​လေ​၏​။ သူ​၏​ဝမ်း​ထဲ၌ သား​အမြွှာ​ရှိ​၏​။ 25အဦးဆုံး​မွေး​လာ​သော​သား​သည် အသားအရေ​နီ​၍ သူ​၏​တစ်ကိုယ်လုံး​သည် သားမွေးခြုံထည်​ကဲ့သို့​ဖြစ်​၏​။ သူ​၏​အမည်​ကို ဧသော ဟု​မှည့်ခေါ်​လေ​၏​။ 26ထို့နောက်မှ သူ​၏​ညီ​သည် ဧသော​၏​ဖနောင့်​ကို မိမိ​လက်​ဖြင့်​ဆုပ်ကိုင်​လျက်​မွေး​လာ​၏​။ သို့ဖြစ်၍ သူ​၏​အမည်​ကို ယာကုပ်#25:26 “ခြေဖနောင့်ကိုဆုပ်ကိုင်” သို့မဟုတ် “လှည့်စား”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​မှည့်ခေါ်​လေ​၏​။ ထို​သား​တို့​မွေးဖွား​ကြ​သောအခါ ဣဇက်​သည် အသက်​ခြောက်ဆယ်​ရှိ​ပြီ​ဖြစ်​၏​။
ဧသောက သားဦးအရာကိုရောင်းစားခြင်း
27သူငယ်​တို့​သည် ကြီးပြင်း​လာ​သောအခါ ဧသော​သည် တော​၌​ကျင်လည်​သော​မုဆိုးကောင်း​ဖြစ်​၏​။ ယာကုပ်​မူကား လူရိုးလူအေး​တစ်​ယောက်​ဖြစ်၍ တဲ​၌​နေ​လေ့​ရှိ​၏​။ 28ဣဇက်​သည် တောကောင်သား​ကို​ခံတွင်းတွေ့​သောကြောင့် ဧသော​ကို​ချစ်​၏​။ ရေဗက္ကာ​မူကား ယာကုပ်​ကို​ချစ်​၏​။
29တစ်နေ့တွင် ယာကုပ်​သည် ဟင်း​ချက်ပြုတ်​နေစဉ် ဧသော​သည် တော​မှ မောပန်း​လျက်​ပြန်လာ​၏​။ 30ဧသော​က ယာကုပ်​အား “​ငါ​သည် မောပန်း​နေ​သဖြင့် ငါ့​ကို ထို​ဟင်းနီနီ​လေး​ကျွေး​ပါ​”​ဟု ဆို​၏​။ (​ထို့ကြောင့် သူ​၏​အမည်​ကို ဧဒုံ#25:30 “အနီရောင်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​ခေါ်​ကြ​၏​။​) 31ယာကုပ်​က​လည်း “​သင်​၏​သားဦးအရိုက်အရာ​ကို ငါ့​အား ယခု​ရောင်း​ပါ​လော့​”​ဟု ဆို​၏​။ 32ဧသော​က​လည်း “​ငါ​သေ​လု​ပြီ​ဖြစ်၍ ဤ​သားဦးအရိုက်အရာ​သည် ငါ့​အတွက် မည်သည့်​အကျိုးရှိ​မည်နည်း​”​ဟု ဆို​၏​။
33ယာကုပ်​က​လည်း “​ယခု​ကျိန်ဆို​ပါ​”​ဟု ဆို​သဖြင့် ဧသော​သည် ကျိန်ဆို​၏​။ ဤသို့ဖြင့် ဧသော​သည် မိမိ​၏​သားဦးအရိုက်အရာ​ကို ယာကုပ်​အား​ရောင်း​လေ​၏​။ 34ထိုအခါ ယာကုပ်​သည် မုန့်​နှင့်​ပဲနီ​ဟင်း​ကို ဧသော​အား​ပေး​သဖြင့် သူ​သည် စား​သောက်​ပြီးမှ ထ​၍ ထွက်သွား​လေ​၏​။ ထိုသို့ ဧသော​သည် သားဦးအရိုက်အရာ​ကို မထီမဲ့မြင်ပြု​၏​။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦးကျမ်း 25: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ