YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 15

15
အာဗြံနှင့်ပဋိညာဉ်ဖွဲ့တော်မူခြင်း
1ဤ​အရာ​များ​ဖြစ်​ပြီးသည့်နောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် စိတ်အာရုံ​အားဖြင့် အာဗြံ​ထံသို့​ရောက်လာ​၍ “​အာဗြံ​၊ မ​ကြောက်​နှင့်​။ ငါ​သည် သင်​၏​ဒိုင်းလွှား​ဖြစ်​၏​။ သင်​ရရှိ​မည့်​ဆုလာဘ်​သည် အလွန်​ကြီးမား​၏​”​ဟု မိန့်​တော်မူ​၏​။
2အာဗြံ​က​လည်း “​ဘုရားရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​သည် သားသမီး​မ​ထွန်းကား​ဘဲ​နေ​ရ​သဖြင့် ဒမတ်စကပ်​မြို့သား​ဧလျေဇာ​သည် အကျွန်ုပ်​၏​အိမ်​ကို​အမွေဆက်ခံသူ​ဖြစ်​ရ​ပါ​၏​။ သို့ဖြစ်၍ အကျွန်ုပ်​အား မည်သည့်​အရာ​ကို​ပေး​တော်မူ​မည်နည်း​”​ဟု လျှောက်​လေ​၏​။ 3တစ်ဖန် အာဗြံ​က “​ကိုယ်တော်​သည် အကျွန်ုပ်​အား မျိုးဆက်​ကို​ပေး​တော်​မ​မူ​သဖြင့် အကျွန်ုပ်​၏​ကျွန်သပေါက်​သည် အကျွန်ုပ်​၏​အမွေခံ​ဖြစ်​ရ​ပါ​လိမ့်မည်​”​ဟု လျှောက်​လေ​၏​။
4ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် အာဗြံ​ထံသို့​ရောက်လာ​၍ “​ထို​သူ​သည် သင်​၏​အမွေခံ​မ​ဖြစ်​ရ​။ သင့်​ကိုယ်​မှ​ပေါက်ဖွား​သော​သူ#15:4 သို့မဟုတ် “သင့်သားအရင်း”။​သာလျှင် သင်​၏​အမွေခံ​ဖြစ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 5ထို့နောက် ကိုယ်တော်​သည် သူ့​ကို အပြင်​သို့​ခေါ်ဆောင်​သွား​ပြီးလျှင် “​မိုးကောင်းကင်​ကို​မော့ကြည့်​လော့​။ ကြယ်​များ​ကို ရေတွက်​နိုင်​လျှင် ရေတွက်​လော့​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ကိုယ်တော်​က “​သင်​၏​သားစဉ်မြေးဆက်​သည် ထိုသို့​ဖြစ်​လိမ့်မည်​”#ရော 4:18။​ဟု သူ့​အား​မိန့်​တော်မူ​၏​။
6အာဗြံ​သည် ထာဝရဘုရား​ကို ယုံကြည်​သဖြင့် ထို​ယုံကြည်​ခြင်း​ကို သူ​၏​ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏​။#ရော 4:3,22၊ ဂလ 3:6၊ ယာ 2:23။
7တစ်ဖန် ကိုယ်တော်​က “​ငါ​သည် သင့်​အား ဤ​ပြည်​ကို​ပေး​၍​ပိုင်ဆိုင်​စေရန် ခါလဒဲ​လူမျိုး​တို့​ပိုင်​သော​ဥရ​မြို့​မှ သင့်​ကို​ထုတ်ဆောင်​ခဲ့​သော​ထာဝရဘုရား​ဖြစ်​၏​”​ဟု အာဗြံ​အား မိန့်​တော်မူ​၏​။ 8အာဗြံ​က​လည်း “​ဘုရားရှင်​ထာဝရဘုရား​၊ ဤ​ပြည်​ကို အကျွန်ုပ်​ပိုင်ဆိုင်​ရ​မည်​ကို မည်သို့​သိ​နိုင်​ပါ​မည်နည်း​”​ဟု မေးလျှောက်​လေ​၏​။ 9ကိုယ်တော်​က​လည်း “​သုံးနှစ်သား​နွားမတမ်း​တစ်​ကောင်​၊ သုံးနှစ်သား​ဆိတ်မ​တစ်​ကောင်​၊ သုံးနှစ်သား​သိုးထီး​တစ်​ကောင်​၊ ချိုးငှက်​တစ်​ကောင်​နှင့် ခိုငယ်​တစ်​ကောင်​တို့​ကို ငါ့​ထံသို့ ယူ​ခဲ့​လော့​”​ဟု မိန့်​တော်မူ​၏​။
10ထိုအခါ အာဗြံ​သည် ထာဝရဘုရား​ထံ​တော်​သို့ ထို​တိရစ္ဆာန်​အပေါင်း​တို့​ကို​ယူ​ခဲ့​၍ ၎င်း​တို့​ကို ထက်ဝက်​စီ​ခြမ်း​ပြီးလျှင် တစ်ဖက်တစ်ချက်​၌ ယှဉ်​ထား​လေ​၏​။ ငှက်​တို့​ကို​မူကား မ​ခြမ်း​ဘဲ​ထား​လေ​၏​။ 11အသားစားငှက်​တို့​သည် ထို​အသေကောင်​တို့​အပေါ်​သို့ ဆင်းလာ​သောအခါ အာဗြံ​သည် ၎င်း​တို့​ကို မောင်းထုတ်​လေ​၏​။ 12နေဝင်​သောအခါ အာဗြံ​သည် အိပ်မောကျ​၍ ကြောက်ရွံ့ထိတ်လန့်ဖွယ်​သော​အမှောင်ထု​ကြီး​သည် သူ့​အပေါ်​သို့​ကျရောက်​လေ​၏​။
13ထိုအခါ ထာဝရဘုရား​က အာဗြံ​အား “​သင်​၏​သားမြေးစဉ်ဆက်​တို့​သည် မိမိ​တို့​မ​ပိုင်​သော​ပြည်​၌ ဧည့်သည်​ဖြစ်​ရ​၍ ထို​ပြည်​၌ ကျွန်ခံ​ရ​ကြ​မည်​ဖြစ်ကြောင်း​နှင့် ထို​ပြည်သား​တို့​သည် သူ​တို့​ကို အနှစ်​လေး​ရာ​ပတ်လုံး နှိပ်စက်​ကြ​မည်​ဖြစ်ကြောင်း အမှန်​သိမှတ်​လော့​။ 14သို့သော် သူ​တို့​ကို ကျွန်ပြု​မည့်​လူမျိုး​ကို ငါ​စစ်ကြောစီရင်​မည်​။ ထို့နောက်မှ သူ​တို့​သည် များစွာ​သော​ဥစ္စာ​နှင့်တကွ ထွက်လာ​ကြ​လိမ့်မည်​။ 15သင်​မူကား သင်​၏​ဘိုးဘေး​တို့​ထံသို့ ငြိမ်ဝပ်​စွာ​သွား​ရ​မည်​။ အိုမင်းရင့်ရော်​ပြီးမှ သေဆုံး​၍​သင်္ဂြိုဟ်​ခြင်း​ကို​ခံရ​လိမ့်မည်​။ 16သူ​တို့​သည် မျိုးဆက်​လေးဆက်မြောက်​မှ ဤ​အရပ်​သို့​ပြန်လာ​ကြ​လိမ့်မည်​။ အကြောင်းမူကား အာမောရိ​လူမျိုး​တို့​၏​ဒုစရိုက်​သည် မ​ပြည့်စုံ​သေး​”​ဟု မိန့်​တော်မူ​၏​။
17နေဝင်​၍ မှောင်​လာ​သောအခါ မီးခိုး​ထွက်​နေ​သော​မီးဖို​နှင့် မီးတောက်​နေ​သော​မီးတိုင်​သည် ထို​ပိုင်း​ထား​သော​အသေကောင်​တို့​အလယ်​၌ ဖြတ်သွား​၏​။ 18ထို​နေ့​၌ ထာဝရဘုရား​က အာဗြံ​အား “​အီဂျစ်​မြစ်​မှစ၍ ယူဖရေးတီး​မြစ်#15:18 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​ကြီး​တိုင်အောင် ဤ​ပြည်​ကို သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​၏​။ 19ထို​ပြည်​မှာ ကေနိ​လူမျိုး​၊ ကေနဇိ​လူမျိုး​၊ ကာဒမောနိ​လူမျိုး​၊ 20ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ရေဖိမ်​လူမျိုး​၊ 21အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​နှင့် ယေဗုသိ​လူမျိုး​တို့​၏​ပြည်​ဖြစ်​၏​”​ဟု မိန့်ဆို​၍ ပဋိညာဉ်​ပြု​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦးကျမ်း 15: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။