YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 13

13
အာဗြံနှင့်လောတခွဲနေခြင်း
1အာဗြံ​သည် သူ​၏​မယား​၊ သူ​ပိုင်ဆိုင်​သော​အရာ​အားလုံး​နှင့်တကွ လောတ​ပါ​လျက် အီဂျစ်​ပြည်​မှ​ထွက်​၍ နေဂေ့​အရပ်​သို့ သွား​လေ​၏​။ 2အာဗြံ​သည် တိရစ္ဆာန်​မှစ၍ ရွှေ​၊ ငွေ​တို့​ဖြင့် အလွန်​ကြွယ်ဝ​၏​။ 3သူ​သည် နေဂေ့​အရပ်​မှ ဗေသလ​မြို့​သို့ ခရီး​ဆက်သွား​၍ ဗေသလ​မြို့​နှင့်​အာဣ​မြို့​ကြား​၊ ယခင်​က သူ​တဲ​ဆောက်​ခဲ့​ရာ​အရပ်​၊ 4ယခင်​က ယဇ်ပလ္လင်​တည်​ခဲ့​ရာ​အရပ်​သို့ ရောက်​လေ​၏​။ ထို​အရပ်​တွင် အာဗြံ​သည် ထာဝရဘုရား​၏​နာမ​တော်​ကို ခေါ်ဆို​ပတ္ထနာပြု​လေ​၏​။
5အာဗြံ​နှင့်အတူ​လိုက်လာ​သော​လောတ​တွင်​လည်း သိုးအုပ်​၊ နွားအုပ်​နှင့် တဲ​များ​ရှိ​သဖြင့် 6ထို​သူ​နှစ်​ဦး​တို့​သည် အတူတကွ​နေထိုင်​ရန် မြေ​မ​လုံလောက်​ပေ​။ အကြောင်းမူကား သူ​တို့​၏​ဥစ္စာ​အလွန်​များပြား​သဖြင့် သူ​တို့​သည် အတူတကွ​နေထိုင်​ရန် မ​ဖြစ်နိုင်​တော့​ချေ​။ 7အာဗြံ​၏​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​နှင့် လောတ​၏​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​ကြား​၌ ခိုက်ရန်ဖြစ်ပွား​ခြင်း​ရှိ​ကြ​၏​။ (​ထို​ကာလ​တွင် ခါနာန်​လူမျိုး​နှင့်​ဖေရဇိ​လူမျိုး​တို့​သည် ထို​ပြည်​၌​နေထိုင်​လျက်​ရှိ​ကြ​၏​။​)
8ထို့ကြောင့် အာဗြံ​က လောတ​အား “​ငါ​တို့​သည် ဆွေမျိုးသားချင်း#13:8 သို့မဟုတ် “ညီအစ်ကိုချင်း”။​ဖြစ်​ကြ​သောကြောင့် ငါ​နှင့်​သင့်​ကြား​၌​လည်းကောင်း​၊ ငါ​၏​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​နှင့် သင်​၏​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​ကြား​၌​လည်းကောင်း ခိုက်ရန်​ဖြစ်ပွား​ခြင်း​မ​ရှိ​ပါစေ​နှင့်​။ 9မြေ​တစ်ပြင်လုံး​သည် သင့်​ရှေ့​၌​ရှိ​သည်​မ​ဟုတ်​လော​။ ယခု ငါ​နှင့်​ခွဲ​၍​နေ​ပါ​။ သင်​သည် လက်ဝဲ​ဘက်​သို့​သွား​လျှင် ငါ​သည် လက်ယာ​ဘက်​သို့​သွား​မည်​။ သင်​သည် လက်ယာ​ဘက်​သို့​သွား​လျှင် ငါ​သည် လက်ဝဲ​ဘက်​သို့​သွား​မည်​”​ဟု ဆို​၏​။
10လောတ​သည် မျှော်ကြည့်​ရာ ဇောရ​မြို့​သို့​သွား​သော​လမ်း​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်ဝှမ်း​တစ်ဝှမ်းလုံး​သည် ထာဝရဘုရား​၏​ဥယျာဉ်​တော်​ကဲ့သို့​လည်းကောင်း​၊ အီဂျစ်​ပြည်​ကဲ့သို့​လည်းကောင်း ရေပေါများ​လျက်​ရှိ​သည်​ကို​မြင်​လေ​၏​။ (​ထို​အချိန်​က သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​တို့​ကို ထာဝရဘုရား​ဖျက်ဆီး​တော်​မ​မူ​သေး​ချေ​။​) 11ထို့ကြောင့် လောတ​သည် ဂျော်ဒန်​မြစ်ဝှမ်း​တစ်ဝှမ်းလုံး​ကို မိမိ​အတွက် ရွေးချယ်​လေ​၏​။ ထို့နောက် လောတ​သည် အရှေ့ဘက်​သို့​ရွှေ့ပြောင်း​သဖြင့် သူ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး ခွဲခွာ​သွား​ကြ​၏​။ 12အာဗြံ​သည် ခါနာန်​ပြည်​၌​နေ​လေ​၏​။ လောတ​မူကား သောဒုံ​မြို့​တိုင်အောင် တဲ​ကို​ရွှေ့​၍ မြစ်ဝှမ်း​ရှိ​မြို့​တို့​တွင်​နေထိုင်​လေ​၏​။ 13သောဒုံ​မြို့သား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ အလွန်​ဆိုးညစ်​၍ အပြစ်​များ​သော​သူ​များ​ဖြစ်​ကြ​၏​။
14လောတ​သည် အာဗြံ​နှင့်​ခွဲခွာ​သွား​ပြီးနောက် ထာဝရဘုရား​က အာဗြံ​အား “​ယခု​မျှော်ကြည့်​လော့​။ သင်​ရှိ​ရာ​အရပ်​မှ အရှေ့​၊ အနောက်​၊ တောင်​၊ မြောက်​သို့​ကြည့်​လော့​။ 15အကြောင်းမူကား သင်​မြင်​ရ​သော​မြေ​အားလုံး​ကို ငါ​သည် သင်​နှင့်​သင်​၏​သားစဉ်မြေးဆက်​အား ကာလ​အစဉ်အဆက် ပိုင်ဆိုင်​စေ​မည်​။ 16ငါ​သည် သင်​၏​သားစဉ်မြေးဆက်​ကို မြေမှုန့်​ကဲ့သို့​များပြား​စေ​မည်​။ သို့ဖြစ်၍ တစ်စုံတစ်ယောက်​သည် မြေမှုန့်​ကို​ရေတွက်​နိုင်​လျှင် သင်​၏​သားစဉ်မြေးဆက်​ကို​လည်း ရေတွက်​နိုင်​လိမ့်မည်​။ 17ထ​လော့​၊ ဤ​မြေ​ကို အလျား​တစ်လျှောက်​၊ အနံ​တစ်လျှောက် လျှောက်သွား​လော့​။ ထို​မြေ​ကို သင့်​အား ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။
18ထို့ကြောင့် အာဗြံ​သည် သူ​၏​တဲ​ကို​ရွှေ့​၍ ဟေဗြုန်​မြို့​ရှိ မံရေ​ဝက်သစ်ချပင်​များ​အနီး​၌ သွားရောက်​နေထိုင်​၏​။ သူ​သည် ထို​အရပ်​၌ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦးကျမ်း 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။