ဂလာတိဩဝါဒစာ 5
5
ခရစ်ယာန်၏လွတ်လပ်မှု
1လွတ်လပ်မှုကိုရရှိစေရန် ခရစ်တော်သည် ငါတို့ကို လွတ်မြောက်စေတော်မူပြီ။ ထို့ကြောင့် ခိုင်မြဲစွာရပ်တည်လျက် ကျွန်ထမ်းပိုးတွင် နောက်တစ်ဖန် ချည်နှောင်ခြင်းမခံကြနှင့်။
2နားထောင်ကြလော့။ ငါပေါလုက သင်တို့အားဆိုသည်ကား သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင် ခရစ်တော်သည် သင်တို့အတွက် မည်သည့်အကျိုးမျှရှိမည်မဟုတ်။ 3အရေဖျားလှီးခြင်းကိုခံသောသူတိုင်းအား တစ်ဖန် ငါသတိပေးသည်ကား ထိုသူသည် ပညတ်တရားအလုံးစုံကို ကျင့်သုံးရမည့်တာဝန်ရှိ၏။ 4ပညတ်တရားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံလိုသောသင်တို့သည် ခရစ်တော်ထံမှ ဖယ်ရှားခြင်းခံရ၍ ကျေးဇူးတော်ထံမှ ရွေ့လျောသွားကြပြီ။ 5အကြောင်းမူကား ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကိုရရှိမည်ဟူသည့်မျှော်လင့်ခြင်းကို ဝိညာဉ်တော်၌အမှီပြုလျက် စောင့်မျှော်နေကြ၏။ 6ခရစ်တော်ယေရှု၌မူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်။ မေတ္တာအားဖြင့်လုပ်ဆောင်သော ယုံကြည်ခြင်းကသာ စွမ်းဆောင်နိုင်၏။
7သင်တို့သည် ကောင်းစွာပြေးခဲ့ကြ၏။ သမ္မာတရားကိုမလိုက်နာစေရန် မည်သူက သင်တို့ကို အနှောင့်အယှက်ပေးသနည်း။ 8ဤသွေးဆောင်မှုသည် သင်တို့ကိုခေါ်ယူတော်မူသောအရှင်ထံမှလာသည်မဟုတ်။ 9အနည်းငယ်သောတဆေးသည် မုန့်ညက်တစ်ပုံလုံးကို ဖောင်းပွစေတတ်၏။ 10သင်တို့တွင် ခြားနားသောအယူအဆတစ်စုံတစ်ခုမျှ ရှိမည်မဟုတ်ဟု သခင်ဘုရား၌ သင်တို့ကို ငါယုံကြည်စိတ်ချ၏။ သင်တို့ကို မငြိမ်မသက်ဖြစ်စေသောသူသည် မည်သူပင်ဖြစ်ပါစေ ပြစ်ဒဏ်စီရင်ခြင်းကိုခံရလိမ့်မည်။ 11ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောနေသေးသည်ဆိုလျှင် အဘယ်ကြောင့် ညှဉ်းဆဲခြင်းကို ခံနေရသေးသနည်း။ သို့ဖြစ်လျှင် လက်ဝါးကပ်တိုင်နှင့်ဆိုင်သောမှားယွင်းစရာအကြောင်းသည် ဖယ်ရှားခြင်းခံရပြီ။ 12သင်တို့ကို မွှေနှောက်ရှုပ်ထွေးစေသောသူတို့သည် မိမိတို့ကိုယ်ကိုပင် သင်းကွပ်လိုက်လျှင် ကောင်းလိမ့်မည်။
13ညီအစ်ကိုတို့၊ သင်တို့သည် လွတ်လပ်မှုအတွက် ခေါ်ယူတော်မူခြင်းခံရကြ၏။ သို့သော် ထိုလွတ်လပ်မှုကို သွေးသားဇာတိအတွက် အခွင့်အရေးတစ်ခုအနေဖြင့် မသုံးဘဲ မေတ္တာအားဖြင့် အချင်းချင်းအစေခံကြလော့။ 14အကြောင်းမူကား ပညတ်တရားအားလုံးသည် “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”#ဝတ် 19:18။ဟူသောစကားတစ်ခွန်းတည်း၌ပြည့်စုံ၏။ 15သို့သော် သင်တို့သည် အချင်းချင်းကိုက်ဖြတ်ဝါးမျိုကြလျှင် အချင်းချင်းကြောင့် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်ရသဖြင့် သတိပြုကြလော့။
ဝိညာဉ်တော်နှင့်သွေးသားဇာတိ
16ငါဆိုသည်ကား ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျှောက်လှမ်းကြလော့။ သို့ပြုလျှင် သွေးသားဇာတိ၏တပ်မက်ခြင်းကို လုံးဝမဖြည့်ဆည်းဘဲ နေကြလိမ့်မည်။ 17အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိသည် ဝိညာဉ်တော်နှင့်ဆန့်ကျင်သောအရာကို တောင့်တ၍ ဝိညာဉ်တော်သည် သွေးသားဇာတိနှင့်ဆန့်ကျင်သောအရာကို တောင့်တ၏။ ဤသို့ဖြင့် ၎င်းတို့သည် တစ်ပါးနှင့်တစ်ပါးဆန့်ကျင်ကြသည်ဖြစ်၍ သင်တို့သည် ပြုလိုသောအရာများကို မပြုနိုင်ကြပေ။ 18သို့ရာတွင် ဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကိုခံရလျှင် သင်တို့သည် ပညတ်တရားအောက်၌ ရှိကြသည်မဟုတ်။
19သွေးသားဇာတိနှင့်ဆိုင်သော လုပ်ဆောင်မှုတို့မူကား သိသာထင်ရှား၏။ ၎င်းတို့မှာ တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ 20ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊ 21မလိုမုန်းထားခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်းတို့မှစ၍ ထိုကဲ့သို့သောလုပ်ဆောင်မှုများဖြစ်ကြ၏။ ထိုသို့သောအရာများကို ပြုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရကြမည်မဟုတ်ဟု ယခင်က ငါပြောခဲ့သည့်အတိုင်း ယခုလည်း သင်တို့အား ကြိုတင်ပြောထားမည်။
22ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ 23နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သောတရားမရှိ။ 24ခရစ်တော်ယေရှုနှင့်ဆိုင်သောသူတို့သည် သွေးသားဇာတိကို ၎င်း၏စိတ်ပြင်းပြမှုများ၊ တပ်မက်မှုများနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားကြပြီ။ 25ငါတို့သည် ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြလျှင် ဝိညာဉ်တော်နှင့်ထက်ကြပ်မကွာလိုက်လျှောက်ကြကုန်စို့။ 26စိတ်ကြီးဝင်၍ အချင်းချင်းရန်လိုသောစိတ်၊ အချင်းချင်းမလိုမုန်းထားသောစိတ်မရှိဘဲနေကြကုန်စို့။
လက်ရှိရွေးချယ်ထားမှု
ဂလာတိဩဝါဒစာ 5: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative