YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဇရမှတ်စာ 4

4
ဗိမာန်တော်ပြန်လည်တည်ဆောက်ရာတွင် နှောင့်ယှက်ခံရခြင်း
1သုံ့ပန်း​အဖြစ်​ပါသွား​သူ​တို့​၏​သားမြေး​များ​သည် ထာဝရဘုရား​အဖို့ ဗိမာန်တော်​တည်ဆောက်​ကြောင်း​ကို ယုဒ​အမျိုး​၊ ဗင်္ယာမိန်​အမျိုး​တို့​၏​ရန်သူ​တို့ ကြားသိ​ရ​လျှင် 2ဇေရုဗဗေလ​နှင့် အိမ်ထောင်စု​အကြီးအမှူး​တို့​ထံ​လာ​၍ “​ငါ​တို့​သည်​လည်း သင်​တို့​ကဲ့သို့ပင် သင်​တို့​ဘုရား​ကို ကိုးကွယ်​သည်​ဖြစ်၍ သင်​တို့​နှင့်အတူ တည်ဆောက်​ပါရစေ​။ ငါ​တို့​ကို ဤ​နေရာ​သို့​ပို့ဆောင်​လာ​သော အဆီးရီးယား​ဘုရင် ဧသရဟဒ္ဒုန်​မင်းကြီး​လက်ထက်​ကစ၍ ငါ​တို့​သည် ထို​ဘုရား​ကို ယဇ်ပူဇော်​ကြ​ပါ​၏​”​ဟု ဆို​ကြ​၏​။
3ထိုအခါ ဇေရုဗဗေလ​၊ ယေရွှာ​နှင့် အစ္စရေး​အိမ်ထောင်စု​အကြီးအမှူး​တို့​က “​ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​ကို တည်ဆောက်​ခြင်း​အမှု​သည် သင်​တို့​နှင့်​မ​ဆိုင်​၊ ငါ​တို့​နှင့်​သာ ဆိုင်​၏​။ ပါးရှား​ဘုရင် ကုရု​မင်းကြီး မိန့်မှာ​ထား​သည့်​အတိုင်း အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ငါ​တို့​သာလျှင် တည်ဆောက်​ရ​မည်​”​ဟု ပြန်ပြော​၏​။ 4ထိုအခါ ထို​ပြည်သား​တို့​သည် ယုဒ​အမျိုးသား​တို့​ကို စိတ်အားလျော့​စေ​၍ အိမ်​တော်​တည်ဆောက်​ရာ​တွင် အနှောင့်အယှက်​ပေး​ကြ​၏​။ 5ပါးရှား​ဘုရင်​ကုရု​မင်းကြီး​စိုးစံ​သော​အချိန်​မှစ၍ ပါးရှား​ဘုရင်​ဒါရိ​မင်းကြီး​စိုးစံ​သည့်​အချိန်​အထိ အကြံပေး​အရာရှိ​တို့​ကို ငှားရမ်း​၍ ယုဒ​လူမျိုး​တို့​၏​အစီအစဉ်​ပျက်​အောင် ဖျက်ဆီး​ကြ​၏​။
မြို့တော်ပြန်လည်တည်ဆောက်ရာတွင် နှောင့်ယှက်ခံရခြင်း
6အာရွှေရု​မင်းကြီး​စိုးစံ​ချိန် အစောပိုင်း​တွင် ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​အား စွပ်စွဲ​သော​တိုင်စာ​ကို ရေးပို့​ကြ​၏​။ 7အာတဇေရဇ်​မင်းကြီး​လက်ထက်​၌​လည်း ဗိရှလံ​၊ မိသရေဒတ်​၊ တဗေလ​တို့​နှင့် ကျန်​အပေါင်းပါ​တို့​သည် ပါးရှား​ဘုရင်​အာတဇေရဇ်​မင်းကြီး​ထံသို့ စာ​ရေးသား​ပေးပို့​ကြ​၏​။ ထို​စာ​ကို အာရမိတ်​ဘာသာ​သို့ ဘာသာပြန်ဆို ရေးသား​ပေး​လိုက်​၏​။
8ဗိုလ်ချုပ်​ရေဟုံ​နှင့် စာရေးတော်ကြီး​ရှိမရှဲ​တို့​သည်​လည်း ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်သည့်​တိုင်စာ​တစ်​စောင်​ကို အာတဇေရဇ်​မင်းကြီး​ထံ ရေးပို့​ကြ​၏​။ 9ဗိုလ်ချုပ်​ရေဟုံ​၊ စာရေးတော်ကြီး​ရှိမရှဲ​နှင့် ကျန်​အပေါင်းပါ​များ​၊ တရားသူကြီး​များ​၊ အုပ်ချုပ်သူ​များ​၊ အရာရှိ​များ​၊ အဖာရ​ပြည်သား​၊ အာခေဝ​ပြည်သား​၊ ဘေဘီလုံ​ပြည်သား​၊ ဧလံ​လူမျိုး ရှုရှနက်​ပြည်သား​အပါအဝင် 10ကြီးမြတ်​၍​ဂုဏ်သရေ​ရှိ​သော အာသနပါ​မင်းကြီး ခေါ်ဆောင်​လာ​၍ ရှမာရိ​မြို့​များ​နှင့် မြစ်ကြီး​၏​အနောက်ဘက်​ဒေသ​၌ နေရာချ​ထား​သော ကျန်​သည့်​လူမျိုး​များ​က ရေးသား​ပေးပို့​ကြ​ခြင်း​ဖြစ်​၏​။
11အာတဇေရဇ်​မင်းကြီး​ထံ ရေးပို့​လိုက်​သော ထို​စာ​၏​မိတ္တူ​တွင် “​မြစ်​တစ်ဖက်​၌​နေထိုင်​သော​အရှင့်​ကျွန်​တို့​သည် အရှင်မင်းကြီး​ထံ လျှောက်ထား​အပ်​ပါ​၏​။ 12အရှင့်​ထံမှ အကျွန်ုပ်​တို့​ထံသို့​ရောက်လာ​သော​ဂျူး​လူမျိုး​တို့​သည် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​ပြီး ပုန်ကန်မှု​၊ ဆိုးညစ်မှု​နှင့်​ပြည့်​သော​မြို့​ကို ပြန်လည်​တည်ဆောက်​ကာ မြို့ရိုး​တို့​ကို​လက်စသတ်​လျက် အုတ်မြစ်​တို့​ကို​ပြုပြင်​နေ​ကြောင်း သိ​စေ​အပ်​ပါ​သည်​။ 13ထို​မြို့​ကို​ပြန်လည်​တည်ဆောက်​၍ မြို့ရိုး​များ​ကို​လက်စသတ်​လျှင် သူ​တို့​သည် အခွန်​အကောက်​၊ ဆက်ကြေး​တို့​ကို​ပေးဆောင်​တော့​မည်​မ​ဟုတ်​ဘဲ ဘုရင့်​ဘဏ္ဍာ​တော်​ထိခိုက်​မည်​ကို အရှင်မင်းကြီး​သိမှတ်​တော်မူ​ပါ​။ 14အကျွန်ုပ်​တို့​သည် နန်းတော်​၌​အခစား​သူ​များ#4:14 တိုက်ရိုက်ပြန်ဆိုလျှင် “နန်းတော်၏ဆားကိုစားသောသူများ”။​ဖြစ်​သည်​နှင့်အညီ အရှင်မင်းကြီး​၏​ဂုဏ်သရေ​ညှိုးနွမ်း​မည်​ကို မ​မြင်​လို​ပါ​။ ထို့ကြောင့် အရှင်မင်းကြီး​ထံ လျှောက်ထား​အကြောင်း​ကြား​ရ​ခြင်း ဖြစ်​ပါ​၏​။ 15အရှင်မင်းကြီး​၊ ဘိုးဘေး​တော်​တို့​ထားခဲ့​သော​မှတ်တမ်းလွှာ​များ​ကို ရှာဖွေစိစစ်​ကြည့်​ပါ​။ ဤ​မြို့​သည် ပုန်ကန်​တတ်​သော​မြို့​၊ ဘုရင်​များ​နှင့် တိုင်းပြည်​၏​အကျိုး​ကို ဆုတ်ယုတ်​စေ​သော​မြို့​၊ ရှေးယခင်​ကပင် ဆူပူအုံကြွမှု​ဖြစ်စေ​တတ်​သော​မြို့​ဖြစ်​သောကြောင့် ဖျက်ဆီး​ခံ​ခဲ့​ရ​ကြောင်း​ကို မှတ်တမ်းလွှာ​များ​တွင် တွေ့ရှိ​ရ​ပါ​လိမ့်မည်​။ 16အကယ်၍ ဤ​မြို့​ကို ပြန်လည်​တည်ဆောက်​၍ မြို့ရိုး​ကို​လက်စသတ်​ပြီးလျှင် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​သည် အရှင့်​ပိုင်မြေ​ဖြစ်​တော့​မည်​မ​ဟုတ်​ကြောင်း​ကို အရှင်မင်းကြီး​အား အကျွန်ုပ်​တို့​လျှောက်ထား​အပ်​ပါ​သည်​”​ဟု ပါရှိ​၏​။
အာတဇေရဇ်မင်းကြီး၏ပြန်စာ
17ထိုအခါ ရှင်ဘုရင်​က သူ​တို့​ထံသို့ ပြန်စာ​ပို့လိုက်​သည်​မှာ “​ဗိုလ်ချုပ်​ရေဟုံ​၊ စာရေးတော်ကြီး​ရှိမရှဲ​၊ ကျန်ရှိ​သော​ရှမာရိ​မြို့သား​အပေါင်းပါ​များ​နှင့် ကျန်ရှိ​သော​ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​နေ​သူ​များ​အား နှုတ်ဆက်​လိုက်​ပါ​၏​။ 18သင်​တို့​ပို့လိုက်​သော​စာ​ကို ငါ့​ရှေ့မှောက်​တွင် သေသေချာချာ​ဖတ်ပြ​ကြ​ပြီ​။ 19ငါ​သည်​လည်း အမိန့်​ထုတ်ပြန်​၍ ရှာဖွေ​စိစစ်​စေ​ရာ ထို​မြို့​သည် ရှင်ဘုရင်​တို့​ကို ပုန်ကန်မှု​များ ဖြစ်​စေ​တတ်​သော​မြို့​၊ ရှေးယခင်​ကပင် ဆူပူအုံကြွမှု​ဖြစ်စေ​တတ်​သော​မြို့ ဖြစ်ကြောင်း​ကို တွေ့​ရ​ပြီ​။ 20ဂျေရုဆလင်​မြို့​ကို​အစိုးရ​သော တန်ခိုးကြီး​ဘုရင်​တို့​သည် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း တစ်လျှောက်လုံး​ကို​ပါ အုပ်ချုပ်​ရ​ပြီး သူ​တို့​အား အခွန်​အကောက်​၊ ဆက်ကြေး​တို့​ကို ဆက်သ​ရ​သည်​ကို​လည်း သိ​ရ​၏​။ 21ထို့ကြောင့် ယခု ဤ​တည်ဆောက်​ခြင်း​အမှု​ကို ရပ်တန့်​ဖို့ အမိန့်စာ​ထုတ်ပြန်​လော့​။ ငါ့​အမိန့်​တော် မ​ရ​မ​ချင်း ဤ​မြို့​ကို ပြန်လည်​တည်ဆောက်​ခြင်း မ​ပြု​ရ​။ 22ဤ​အမှု​ကို အထူး​ဂရုပြု​လော့​။ မ​ပေါ့ဆ​ကြ​နှင့်​။ အဘယ်ကြောင့် ရှင်ဘုရင်​၏​အကျိုး​ယုတ်လျော့​အောင် ထပ်​ပြု​ကြ​မည်နည်း​”​ဟု ပါရှိ​၏​။
23အာတဇေရဇ်​မင်းကြီး​ထံမှ ပြန်စာ​ကို ရေဟုံ​၊ စာရေးတော်ကြီး​ရှိမရှဲ​နှင့် သူ​တို့​အပေါင်းပါ​ရှေ့​၌ ဖတ်​ပြီးလျှင် ဂျူး​လူမျိုး​တို့​ရှိ​ရာ​ဂျေရုဆလင်​မြို့​သို့ ချက်ချင်း​သွား​၍ အင်အား​သုံး​ပြီး ဆောက်လုပ်ရေး​အမှု​ကို အတင်းအကျပ်​ရပ်ဆိုင်း​စေ​၏​။
အိမ်တော်ပြန်လည်တည်ဆောက်မှုရပ်ဆိုင်းခြင်း
24ဤသို့ဖြင့် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​တည်ဆောက်​ခြင်း​အမှု​ကို ရပ်ဆိုင်း​လိုက်​ရာ ပါးရှား​ဘုရင်​ဒါရိ​မင်းကြီး နန်းစံ​သည့် ဒုတိယ​နှစ်​တိုင်အောင် ရပ်ဆိုင်း​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဧဇရမှတ်စာ 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ