YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 46

46
သတ်မှတ်ထားသည့်နေ့များတွင် ပေးလှူပူဇော်ရမည့်ယဇ်များ
1ဘုရားရှင်​ထာဝရဘုရား​က ‘အလုပ်​လုပ်​နေ​သော​ခြောက်​ရက်​အတွင်း​တွင် အရှေ့ဘက်​ရှိ အတွင်း​ဝင်း​တံခါး​ကို ပိတ်​ထား​ရ​မည်​။ သို့သော် ဥပုသ်နေ့​တွင် ဖွင့်​ထား​ရ​မည်​။ လဆန်း​နေ့​တွင်​လည်း ဖွင့်​ထား​ရ​မည်​။ 2မင်းသား​သည် အပြင်​မုခ်ဆောင်​၏​ဆင်ဝင်​မှ​ဝင်​၍ တံခါး​တိုင်​နားတွင် ရပ်​နေ​ရ​မည်​။ ယဇ်ပုရောဟိတ်​တို့​သည် မင်းသား​ပေး​သော မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​ရ​မည်​။ မင်းသား​သည် တံခါးခုံ​နား​တွင် ပျပ်ဝပ်ရှိခိုး​ပြီးမှ ထွက်သွား​ရ​မည်​။ တံခါး​ကို နေဝင်ချိန်​ထိ ဖွင့်​ထား​ရ​မည်​။ 3ပြည်သူပြည်သား​တို့​သည်​လည်း လဆန်းနေ့​၊ ဥပုသ်နေ့​တို့​၌ ထို​မုခ်ဆောင်​တံခါး​ဝ​တွင် ပျပ်ဝပ်ရှိခိုး​ကြ​ရ​မည်​။
4ဥပုသ်နေ့​တွင် မင်းသား​သည် အပြစ်အနာအဆာကင်း​သော သိုးသငယ်​ခြောက်​ကောင်​နှင့် အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​ကို မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ယူဆောင်​လာ​ရ​မည်​။ 5ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် သိုးထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ#46:5 “22 လီတာ”။​၊ သိုးသငယ်​ခြောက်​ကောင်​အတွက် တတ်နိုင်​သလောက်​၊ အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​အတွက် ဆီ​တစ်​ဟိန်#46:5 “4 လီတာ”။​ကို​လည်း ယူဆောင်​လာ​ရ​မည်​။ 6လဆန်းနေ့​တွင် တိရစ္ဆာန်အုပ်​ထဲမှ အပြစ်အနာအဆာကင်း​သော​နွားထီး​တစ်​ကောင်​၊ သိုးသငယ်​ခြောက်​ကောင်​၊ သိုးထီး​တစ်​ကောင်​ကို ယူဆောင်​လာ​ရ​မည်​။ ထို​အကောင်​တို့​သည် အပြစ်အနာအဆာကင်း​ရ​မည်​။ 7ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် နွားထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၊ သိုးထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၊ သိုးသငယ်​များ​အတွက် တတ်နိုင်​သလောက်​၊ အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​အတွက် ဆီ​တစ်​ဟိန်​ကို စီစဉ်​ပေး​ရ​မည်​။ 8မင်းသား​ဝင်လာ​မည်​ဆိုလျှင် မုခ်ဆောင်​ဆင်ဝင်လမ်း​မှ ဝင်လာ​ရ​မည်​။ ထို​လမ်း​အတိုင်း ပြန်ထွက်​ရ​မည်​။
9ပြည်သူပြည်သား​တို့​သည် သတ်မှတ်​ထား​သော​ပွဲတော်​အချိန်​တွင် ထာဝရဘုရား​ရှေ့​တော်​သို့ လာရောက်​ပျပ်ဝပ်ရှိခိုး​ကြ​သောအခါ မြောက်ဘက်​မုခ်ဆောင်​မှ ဝင်​သော​သူ​သည် တောင်ဘက်​မုခ်ဆောင်​မှ ပြန်ထွက်​ရ​မည်​။ တောင်ဘက်​မုခ်ဆောင်​မှ ဝင်​သော​သူ​သည် မြောက်ဘက်​မုခ်ဆောင်​မှ ပြန်ထွက်​ရ​မည်​။ ဝင်လာ​သော​မုခ်ဆောင်​မှ ပြန်​မ​ထွက်​ရ​။ ဆန့်ကျင်​ဘက်​မုခ်ဆောင်​မှ ထွက်​ရ​မည်​။ 10မင်းသား​သည် ထို​သူ​တို့​ဝင်​သောအခါ လိုက်ဝင်​၍ ထို​သူ​တို့ ထွက်​သောအခါ လိုက်ထွက်​ရ​မည်​။ 11ပွဲတော်​အချိန်​၊ တွေ့ဆုံစည်းဝေး​ရ​သော​အချိန်​တို့​တွင် ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် နွားထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၊ သိုးထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၊ သိုးသငယ်​များ​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တတ်နိုင်​သလောက်​၊ ဂျုံမှုန့်​တစ်​ဧဖာ​စီ​အတွက် ဆီ​တစ်​ဟိန်​စီ စီစဉ်​ပေး​ရ​မည်​။
12စေတနာ​အလျောက်​ပူဇော်​သော မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို မင်းသား​သည် ထာဝရဘုရား​ထံ စေတနာ​အလျောက်​ဆက်သ​သောအခါ အရှေ့​မုခ်ဆောင်​တံခါး​ကို ဖွင့်​ထား​ရ​မည်​။ သူ​သည် ဥပုသ်နေ့​တွင် မီးရှို့ရာယဇ်​နှင့် မိတ်သဟာယယဇ်​တို့​ကို ဆက်သ​သကဲ့သို့ ဆက်သ​ရ​မည်​။ ဆက်သ​ပြီး ပြန်ထွက်သွား​သောအခါ တံခါး​ကို ပြန်ပိတ်​ထား​ရ​မည်​။
13သင်​သည် ထာဝရဘုရား​ထံ​ပူဇော်​ရန် မီးရှို့ရာယဇ်​အဖြစ် အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​ကို နေ့စဉ် နံနက်တိုင်း စီစဉ်​ပေး​ရ​မည်​။ 14ထို​သိုးသငယ်​နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ခြောက်ပုံတစ်ပုံ#46:14 “4 လီတာ”။​နှင့် အကောင်းဆုံး​ဂျုံမှုန့်​နှင့်​နယ်​ရန် ဆီ​တစ်​ဟိန်​၏​သုံးပုံတစ်ပုံ#46:14 “1.3 လီတာ”။​ကို နံနက်တိုင်း စီစဉ်​ပေး​ရ​မည်​။ ဤသည်မှာ ထာဝရဘုရား​ထံ ဘောဇဉ်ပူဇော်သက္ကာ​ကို ပူဇော်​သောအခါ အမြဲ​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​ဖြစ်​၏​။ 15မီးရှို့ရာယဇ်​အဖြစ် သိုးသငယ်​တစ်​ကောင်​၊ ဘောဇဉ်ပူဇော်သက္ကာ​နှင့် ဆီ​တို့​ကို​လည်း နံနက်တိုင်း အစဉ်​ပူဇော်​ရ​မည်’​ဟု မိန့်​တော်မူ​၏​။
မင်းသားကိုမြေပြန်လွှဲအပ်ခြင်း
16တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘မင်းသား​သည် မိမိ​သား​တစ်ယောက်ယောက်​အား မိမိ​အမွေ​ကို လက်ဆောင်​အဖြစ်​ပေး​မည်​ဆိုလျှင် ထို​လက်ဆောင်​သည် ထို​သား​၏​သားမြေး​တို့​သာ​ပိုင်​သော​အမွေ ဖြစ်​ရ​မည်​။ 17မင်းသား​သည် မိမိ​ကျွန်​တစ်ယောက်ယောက်​အား မိမိ​အမွေ​အချို့​ကို လက်ဆောင်​အဖြစ်​ပေး​မည်​ဆိုလျှင် ထို​ကျွန်​လွတ်မြောက်​ခွင့်​ရ​သည့်​နှစ်​အထိ ထို​အမွေ​ကို ပိုင်ဆိုင်​ရ​မည်​။ မိမိ​လွတ်မြောက်​သောအခါ ထို​အမွေ​ကို မင်းသား​အား ပြန်ပေး​ရ​မည်​။ ထို​အမွေ​ကို မင်းသား​၏​သားမြေး​သာ ပိုင်​ရ​မည်​။ 18မင်းသား​သည် ပြည်သူ​တို့​ပိုင်ဆိုင်​သော​အမွေမြေ​ကို အနိုင်အထက်​မ​လုယူ​ရ​။ သူ့​သား​များ​အား သူ​ပိုင်ဆိုင်​သော​မြေ​ထဲမှ အမွေခွဲဝေ​ပေး​ရ​မည်​။ သို့မှ ငါ့​လူမျိုး​တော်​တစ်စုံတစ်ယောက်​မျှ သူ​တို့​ပိုင်ဆိုင်​သော​အမွေမြေ​မှ ကွဲလွင့်​သွား​ရ​တော့​မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။
အိမ်တော်မီးဖိုဆောင်များ
19ထို​သူ​သည် ငါ့​အား မုခ်ဆောင်​ဘေး​ရှိ​ဝင်ပေါက်​မှတစ်ဆင့် မြောက်ဘက်​ရှိ ယဇ်ပုရောဟိတ်​တို့​၏​သန့်ရှင်း​သော​အခန်း​များ​သို့ ခေါ်သွား​၏​။ အနောက်ဘက်​စွန်း​တွင် နေရာ​တစ်​ခု​ရှိ​သည်​ကို တွေ့​ရ​၏​။ 20ထို​သူ​က ငါ့​အား “​ဤ​နေရာ​သည် ယဇ်ပုရောဟိတ်​တို့​က အပြစ်ဒဏ်ဖြေရာယဇ်​နှင့် အပြစ်ဖြေရာယဇ်​တို့​ကို ပြုတ်​ရ​သော​နေရာ​၊ ဘောဇဉ်ပူဇော်သက္ကာ​ကို ဖုတ်​ရာ​နေရာ​ဖြစ်​၏​။ လူ​တို့​ထံ သန့်ရှင်း​ခြင်း​ကူး​မ​သွား​စေရန် ထို​ယဇ်​တို့​ကို အပြင်​ဝင်း​သို့ ယူဆောင်​မ​သွား​ရ”​ဟု ဆို​၏​။ 21ထို့နောက် ငါ့​အား အပြင်​ဝင်း​သို့​ခေါ်သွား​ပြီး ဝင်း​၏​ထောင့်​လေး​ထောင့်​ကို လှည့်ပတ်​ကြည့်​စေ​၏​။ ထောင့်​တစ်ထောင့်စီ​တွင် ဝင်းငယ်​တစ်ခုစီ​ရှိ​သည်​ကို တွေ့​ရ​၏​။ 22ဝင်း​၏​ထောင့်​လေး​ထောင့်​တွင်​ရှိ​သော ဝင်းငယ်​တို့​သည် အလျား​အတောင်​လေးဆယ်​၊ အနံ​အတောင်​သုံးဆယ်​ရှိ​၏​။ ထို​ထောင့်​ရှိ​ဝင်းငယ်​တို့​သည် အလျားအနံ တူ​ကြ​၏​။ 23ထို​ဝင်းငယ်​လေး​ခု​၏​အတွင်းဘက်​ပတ်ပတ်လည်​တွင် စင်​ရှိ​၏​။ ထို​စင်​အောက်​ပတ်ပတ်လည်​တွင် မီးဖို​ဆောက်​ထား​၏​။ 24ထို​သူ​က ငါ့​အား “ဤ​နေရာ​သည် လူ​တို့​ပေးလှူ​သော​ယဇ်ကောင်​ကို အိမ်​တော်​အမှုထမ်း​တို့ ချက်ပြုတ်​ပေး​ရ​သော မီးဖိုဆောင်​ဖြစ်​၏​”​ဟု ပြောပြ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 46: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ