YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 42

42
ယဇ်ပုရောဟိတ်အခန်းများ
1ထို့နောက် ငါ့​အား မြောက်ဘက်​ထွက်ပေါက်လမ်း​မှ အပြင်​ဝင်း​သို့ ခေါ်ဆောင်​သွား​ပြီး မြေကွက်လပ်​ဘက် မျက်နှာမူ​ထား​သော မြောက်ဘက်​အဆောက်အအုံ​နှင့်​မျက်နှာချင်းဆိုင် အခန်း​များ​သို့ ခေါ်ဆောင်​သွား​၏​။ 2မြောက်ဘက်​တံခါးပေါက်​သို့ မျက်နှာမူ​သော​အဆောင်​မှာ အလျား​အတောင်​တစ်ရာ#42:2 “2100 လက်မ သို့မဟုတ် 5250 စင်တီမီတာ”​။​ရှိ​၏​။ အနံ​မှာ အတောင်​ငါးဆယ်#42:2 “1050 လက်မ သို့မဟုတ် 2625 စင်တီမီတာ”​။​ရှိ​၏​။ 3အတွင်း​ဝင်း​ရှိ အတောင်​နှစ်ဆယ်​ကျယ်​သော​မြေကွက်လပ်​နား​ရှိ သုံး​ထပ်​ဆောင်​နှင့် အပြင်​ဝင်း​ရှိ ကျောက်ခင်းစင်္ကြံ​နှင့်​မျက်နှာချင်းဆိုင် သုံး​ထပ်​ဆောင်​တို့​၏​လျှောက်လမ်း​တို့​သည် မျက်နှာချင်းဆိုင်​လျက်​ရှိ​၏​။ 4အဆောင်ခန်း​များ​၏​မျက်နှာစာ​တွင် အလျား​အတောင်​တစ်ရာ​ရှည်​၍ အနံ​ဆယ်​တောင်#42:4 “210 လက်မ သို့မဟုတ် 525 စင်တီမီတာ”​။​ကျယ်​သော​လမ်း​ရှိ​၏​။ အခန်း​တံခါးပေါက်​များ​ကား မြောက်ဘက်​တွင်​ရှိ​၏​။ 5အပေါ်ဆုံး​ထပ်​၏​အခန်း​များ​မှာ ကျဉ်း​၏​။ အကြောင်းမှာ အဆောင်​အပေါ်ဆုံး​ထပ်​၏​လျှောက်လမ်း​သည် အောက်ဆုံးထပ်​နှင့် အလယ်ထပ်​တို့​ထက် နေရာယူ​ထား​သောကြောင့်​ဖြစ်​၏​။ 6အဆောင်​နှစ်​ဆောင်​တို့​သည် အထပ်​သုံး​ထပ်​ရှိ​သော်လည်း အခြား​အဆောင်​များ​ကဲ့သို့ တိုင်​များ​မ​ပါရှိ​ချေ​။ ထို့ကြောင့် အပေါ်ဆုံး​ထပ်​သည် အောက်ထပ်​နှင့် အလယ်ထပ်​တို့​ထက်​ကျဉ်း​၏​။ 7အပြင်​ဝင်း​အရှေ့​၊ အဆောင်ခန်း​များ​နှင့်​မျက်နှာချင်းဆိုင်​၊ အဆောင်ခန်း​များ​နှင့်​အပြိုင်​တွင် အတောင်​ငါးဆယ်​ရှည်​သော အပြင်ဘက်​တံတိုင်း​ရှိ​၏​။ 8အပြင်​ဝင်း​အနီး​တွင်​ရှိ​သော အဆောင်​၏​အရှည်​မှာ အတောင်​ငါးဆယ်​ရှိ​၏​။ ဗိမာန်တော်​အနီး​တွင်​ရှိ​သော အဆောင်​၏​အရှည်​မှာ အလျား​အတောင်​တစ်ရာ​ရှိ​၏​။ 9အခန်း​များ​၏​အောက်ခြေ​အရှေ့ဘက်​တွင် အပြင်​ဝင်း​မှ အခန်း​များ​သို့​လာ​သော ဝင်ပေါက်​ရှိ​၏​။ 10တောင်ဘက်#42:10 တိုက်ရိုက်ပြန်ဆိုလျှင် “အရှေ့ဘက်”။​တွင်​လည်း ဝင်းတံတိုင်း​အရှည်​တစ်လျှောက် မြေကွက်လပ်​ဘက်​မျက်နှာမူ​ထား​သော တောင်ဘက်​အဆောက်အအုံ​နှင့် မျက်နှာချင်းဆိုင်​တွင် အဆောင်ခန်း​များ​ရှိ​၏​။ 11မြောက်ဘက်​ကဲ့သို့ပင် ထို​အဆောင်ခန်း​များ​၏​အရှေ့​ဘက်​တွင် လမ်း​တစ်​လမ်း​ရှိ​၏​။ ထို​အဆောင်ခန်း​တို့​၏​အလျား​အနံ​၊ ဝင်ပေါက်​ထွက်ပေါက်​၊ အဆောက်အအုံ​ပုံစံ​နှင့် တံခါး​တို့​မှာ​လည်း မြောက်ဘက်ခြမ်း​နှင့် အတူတူ​ပင်​ဖြစ်​၏​။ 12တောင်ဘက်​အဆောင်ခန်း​များ​သို့ ဝင်​ရ​သော​အပေါက်​သည် တစ်ပေါက်တည်း​ရှိ​၍ အရှေ့ဘက်​ရှိ​တံတိုင်း​ဘေး​တွင်​ရှိ​၏​။
13သူ​က ငါ့​အား “​နေရာလွတ်​နှင့်​မျက်နှာချင်းဆိုင် မြောက်ဘက်​ရှိ​အခန်း​များ​နှင့် တောင်ဘက်​ရှိ​အခန်း​များ​သည် သန့်ရှင်း​သော​အခန်း​များ​ဖြစ်​၏​။ ထာဝရဘုရား​ထံ​ချဉ်းကပ်​ရ​သော ယဇ်ပုရောဟိတ်​တို့​သည် ထို​အခန်း​တို့​တွင် အထူး​သန့်ရှင်း​သော​အစာ​ကို​စား​ရ​၏​။ ထို​အခန်း​တို့​သည် သန့်ရှင်း​သောကြောင့် ထို​နေရာ​တွင် အထူး​သန့်ရှင်း​သော​ပူဇော်သက္ကာ​များ​ဖြစ်​သည့် ဘောဇဉ်ပူဇော်သက္ကာ​၊ အပြစ်ဖြေရာယဇ်​၊ အပြစ်ဒဏ်ဖြေရာယဇ်​တို့​ကို ထားရှိ​၏​။ 14ယဇ်ပုရောဟိတ်​တို့​သည် ထို​သန့်ရှင်းသောနေရာ​ထဲသို့​ဝင်​ပြီး အပြင်​ဝင်း​သို့ ပြန်ထွက်​သောအခါ အမှု​တော်​ထမ်းဆောင်​စဉ် ဝတ်​ခဲ့​သော​အဝတ်​တို့​ကို ချွတ်​ထား​ခဲ့​ရ​မည်​။ မ​ချွတ်​ထား​ခဲ့​ဘဲ ထွက်​မ​လာ​ရ​။ အကြောင်းမှာ ထို​အဝတ်​တို့​သည် သန့်ရှင်း​၏​။ အဝတ်​လဲ​ပြီးမှ လူ​အများ​ရှိ​ရာ​သို့ သွား​ရ​၏”​ဟု ဆို​၏​။
အိမ်တော်အပြင်တံတိုင်းပတ်ပတ်လည် အတိုင်းအတာ
15ထို​သူ​သည် အိမ်​တော်​အတွင်းပိုင်း​ကို တိုင်းတာ​ပြီးနောက် ငါ့​အား အရှေ့ဘက်​မုခ်ဆောင်​တံခါး​အပြင်ဘက်​သို့ ခေါ်ဆောင်​သွား​ပြီး ပတ်ပတ်လည်​ကို တိုင်းတာ​၏​။
16သူ​သည် တိုင်းစရာ​ကျူချောင်း​ဖြင့် အရှေ့ဘက်ခြမ်း​တစ်လျှောက်​ကို​တိုင်း​ရာ ကျူချောင်း​အပြန်​ငါး​ရာ​ရှိ​၏​။ 17ထို့နောက် မြောက်ဘက်ခြမ်း​တစ်လျှောက်​ကို​တိုင်း​ရာ ကျူချောင်း​အပြန်​ငါး​ရာ​ရှိ​၏​။ 18ထို့အတူ တောင်ဘက်ခြမ်း​ကို​တိုင်း​ရာ ကျူချောင်း​အပြန်​ငါး​ရာ​ရှိ​၏​။ 19ထို့နောက် သူ​သည် လှည့်​၍ အနောက်ဘက်ခြမ်း​ကို​လည်း​တိုင်း​ရာ ကျူချောင်း​အပြန်​ငါး​ရာ​ရှိ​၏​။ 20သူ​သည် လေးဖက်စလုံး​ကို​တိုင်း​၏​။ ပတ်ပတ်လည်​တံတိုင်း​ကာ​ထား​၍ အလျား​ကျူချောင်း​အပြန်​ငါး​ရာ​၊ အနံ​ကျူချောင်း​အပြန်​ငါး​ရာ​ရှိ​၏​။ ထို​တံတိုင်း​သည် သန့်ရှင်းသောနေရာ​နှင့် မသန့်ရှင်း​သော​နေရာ​ကို ခြား​ထား​ပေး​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 42: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ