YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 38

38
ဂေါဂမင်းကြီးရှုံးနိမ့်ခြင်း
1တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ မေရှက်​အမျိုးသား​၊ တုဗလ​အမျိုးသား​တို့​၏​အကြီးအကဲ​ခေါင်းဆောင်​ဖြစ်​သော မာဂေါဂ​ဘုရင်​ဂေါဂ​မင်းကြီး​ရှိ​ရာ​သို့​မျက်နှာမူ​ပြီး သူ့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။ 3ဘုရားရှင်​ထာဝရဘုရား​က ‘​အို မေရှက်​အမျိုးသား​၊ တုဗလ​အမျိုးသား​တို့​၏​အကြီးအကဲ​ခေါင်းဆောင် ဂေါဂ​မင်းကြီး​၊ သင့်​ကို ငါ​စီရင်​မည်​။ 4သင့်​မေးရိုး​ကို ချိတ်​နှင့်​ချိတ်​ပြီး ပြန်​လှည့်လာ​စေ​မည်​။ သင်​နှင့်အတူ စစ်လက်နက်​အပြည့်အစုံ​ဝတ်ဆင်​ထား​သော သင်​၏​စစ်သည်​အားလုံး​၊ မြင်း​၊ မြင်းစီးသူရဲ​တို့​အပါအဝင် ဒိုင်းလွှားကြီး​ဒိုင်းလွှားငယ်​ကိုင်ဆောင်​သော လူအုပ်ကြီး​၊ ဓားလက်နက်​စွဲကိုင်​သူ​အားလုံး​ကို​ပါ ထုတ်ဆောင်​သွား​မည်​။ 5သူ​တို့​နှင့်အတူ ဒိုင်းလွှား​ကိုင်ဆောင်​သူ​၊ သံခမောက်​ဆောင်း​သူ ပါးရှား​ပြည်သား​၊ အီသီယိုးပီးယား​ပြည်သား​၊ ဖုတ​ပြည်သား​တို့​လည်း​ပါ​မည်​။ 6ဂေါမာ​အမျိုး​နှင့်​သူ​၏​စစ်သည်​များ​၊ မြောက်​ပြည်​စွန်း​မှ တောဂါမ​အမျိုးအနွယ်​နှင့် သူ​၏​စစ်သည်​များ စသော လူ​အမြောက်အမြား​တို့​လည်း သင်​နှင့်အတူ​ပါလာ​မည်​။
7အသင့်ပြင်​ထား​လော့​။ သင်​နှင့်တကွ သင့်​ထံ​စုရုံး​လာ​သော​လူအုပ်​ကို​ပါ အသင့်ရှိ​စေ​လော့​။ သူ​တို့​ကို စောင့်ကြပ်​ထား​လော့​။ 8ကာလ​အတန်ကြာ​ပြီးနောက် သင့်​ကို​ဆင့်ခေါ်​လိမ့်မည်​။ နောင်​ကာလ​တွင် သင်​သည် ဓားဘေး​မှ​လွတ်မြောက်​လာ​သော​သူ​၊ လူမျိုး​တကာ​တို့​ထံမှ ပြန်လည်​စုစည်း​သော​သူ​တို့​၏​ပြည်​ထဲသို့ ကျူးကျော်​ဝင်ရောက်​မည်​။ သူ​တို့​သည် လူမျိုးတကာ​တို့​ထံမှ ပြန်လည်​ထုတ်ဆောင်​လာ​သော​သူ​များ​ဖြစ်၍ ကြာမြင့်​စွာ​ဆိတ်ညံ​နေ​သော အစ္စရေး​တောင်တန်း​တွင် ဘေးကင်းလုံခြုံ​စွာ နေထိုင်​လျက်​ရှိ​သော​သူ​များ​ဖြစ်​၏​။ 9သင်​နှင့်​သင်​၏​စစ်သည်​အပေါင်း​မှစ၍ သင်​နှင့်အတူ​ရှိ​သော​လူအုပ်ကြီး​သည် လေပြင်းမုန်တိုင်း​ကဲ့သို့ ချီတက်​လာ​ပြီး မိုးတိမ်​ကဲ့သို့ ထို​ပြည်​ကို ဖုံးအုပ်​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
10ဘုရားရှင်​ထာဝရဘုရား​က ‘ထို​နေ့ရက်​တွင် သင့်​စိတ်​ထဲသို့ အတွေး​များ​ဝင်လာ​၍ မကောင်း​သော​အကြံအစည်​ကို ကြံစည်​လိမ့်မည်​။ 11ထိုအခါ သင်​က မြို့ရိုး​မ​ရှိ​သော​ကျေးရွာ​များ​ကို ဝင်တိုက်​မည်​။ တံခါး​မ​ရှိ​၊ ကန့်လန့်ကျင်​မ​ရှိ​၊ မြို့ရိုး​မ​ရှိ​သော်လည်း စိတ်ချလက်ချ အေးအေးဆေးဆေး​နေထိုင်​သော ထို​ပြည်သား​တို့​ကို ဝင်တိုက်​မည်​ဟု ပြော​လိမ့်မည်​။ 12ယခင်က ပျက်စီး​ခဲ့​သော်လည်း ယခု လူ​နေထိုင်​ရာ​ပြည်​ကို​လည်းကောင်း​၊ လူမျိုးခြား​တို့​ထံမှ​ပြန်လည်​စုစည်း​၍ ကမ္ဘာမြေ​အလယ်ဗဟို​တွင်​နေထိုင်​သော​၊ တိရစ္ဆာန်​နှင့်​ပစ္စည်းဥစ္စာ​အများအပြား​ပိုင်ဆိုင်​သော လူမျိုး​တို့​ကို​လည်းကောင်း တိုက်ခိုက်လုယူ​ပြီး အပိုင်သိမ်း​ရန် လက်​ကို​ဆန့်​၏​။ 13ရှေဘ​ပြည်​၊ ဒေဒန်​ပြည်​၊ တာရှု​ပြည်​တို့​မှ ကုန်သည်​များ​နှင့် သူ​တို့​၏​ခြင်္သေ့ပျို​တို့​က သင့်​အား သင်​သည် ပစ္စည်း​တို့​ကို​လုယူ​ရန် လာ​သလော​။ ရွှေ​ငွေ​တို့​ကို သယ်ဆောင်​သွား​ရန်​၊ တိရစ္ဆာန်​များ​နှင့် စည်းစိမ်ဥစ္စာ​များ​ကို ယူဆောင်​သွား​ရန်​၊ အမြောက်အမြား​တိုက်ခိုက်လုယက်​ရန်​၊ ဥစ္စာဘဏ္ဍာ​တို့​ကို တိုက်ခိုက်သိမ်းယူ​ရန် သင်​၏​လူအုပ်ကြီး​ကို စုဝေး​စေ​သလော​ဟု မေး​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​၏​။
14ထို့ကြောင့် အချင်း​လူသား​၊ ဂေါဂ​မင်းကြီး​အား ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘ထို​နေ့ရက်​၌ ငါ့​လူမျိုး​တော်​အစ္စရေး​တို့ စိတ်အေးလက်အေး​နေထိုင်​လျက်​ရှိ​သည်​ကို သင်​သိ​ရ​လိမ့်မည်​။ 15ထိုအခါ မြင်းစီးသူရဲ​တပ်ကြီး​၊ စစ်တပ်ကြီး​နှင့် လူအင်အား​အမြောက်အမြား​တို့​သည် သင်​နေထိုင်​ရာ​မြောက်ဘက်​စွန်း​မှ သင်​နှင့်အတူ ချီလာ​ကြ​လိမ့်မည်​။ 16မိုးတိမ်​သည် မြေပြင်​ကို​လွှမ်းမိုး​သကဲ့သို့ သင်​သည် ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို​တိုက်ခိုက်​ရန် စစ်ချီ​လာ​မည်​။ အို ဂေါဂ​မင်းကြီး​၊ နောင်​ကာလ​တွင် ငါ​၏​ပြည်​တော်​ကို တိုက်ခိုက်​ရန် သင့်​ကို ငါ​စစ်ချီ​စေ​၍ ငါ​သန့်ရှင်း​ကြောင်း​ကို သင့်​အားဖြင့် လူမျိုးတကာ​တို့​ရှေ့​တွင် ထင်ရှား​စေ​သောအခါ သူ​တို့​သည် ငါ့​ကို​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
17ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် သင့်​ကို ငါ​စစ်ချီ​လာ​စေ​မည့်​အကြောင်း ရှေး​နှစ်ပေါင်း​များစွာ ပရောဖက်ပြု​ဟောပြော​ခဲ့​သော ငါ့​အစေအပါး အစ္စရေး​လူမျိုး​တို့​၏​ပရောဖက်​များ​အားဖြင့် သင့်​ကို​ရည်မှတ်​၍ ရှေးယခင်​ကပင် ငါ​မိန့်ဆို​ခဲ့​သည်​မ​ဟုတ်​လော’​ဟု မိန့်​တော်မူ​၏​။ 18ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​ပြည်​သို့ ဂေါဂ​မင်းကြီး​ချီတက်​လာ​သော​နေ့​သည် ငါ့​အမျက်မီး​တောက်လောင်​သော​နေ့​ဖြစ်​မည်​။ 19စိတ်အားကြီး​လျက်​၊ အမျက်​မီး​တောက်လောင်​လျက် ငါ​မိန့်ဆို​ပြီ​။ ထို​နေ့​၌ အစ္စရေး​ပြည်​တွင် ငလျင်​ပြင်းစွာ​လှုပ်ခတ်​လိမ့်မည်​။ 20ပင်လယ်​ငါး​များ​၊ မိုးကောင်းကင်​ငှက်​များ​၊ တောရိုင်းတိရစ္ဆာန်​များ​၊ မြေ​ပေါ်မှာ​တွားသွားသောသတ္တဝါ​များ​အပါအဝင် ကမ္ဘာမြေ​ပေါ်​ရှိ​လူသား​အားလုံး​တို့​သည် ငါ့​မျက်မှောက်​တွင် တုန်လှုပ်​ကြ​လိမ့်မည်​။ တောင်​များ​လည်း ပြိုကျ​လိမ့်မည်​။ ချောက်ကမ်းပါး​များ​လည်း လဲပြိုကျ​လိမ့်မည်​။ မြို့ရိုး​လည်း မြေ​တိုင်အောင် လဲပြိုကျ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ 21ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​၏​တောင်​ရှိသမျှ​တို့​မှ ဓား​ကို​ဆင့်ခေါ်​၍ ဂေါဂ​မင်းကြီး​ကို တိုက်ခိုက်​မည်​။ လူ​တို့​သည် တစ်ဦး​ကို​တစ်ဦး ဓား​ဖြင့်​ခုတ်သတ်​ကြ​လိမ့်မည်​။ 22ငါ​သည် သူ့​ကို ကပ်ရောဂါ​ဘေး​၊ သေဘေး​ဖြင့် စီရင်​မည်​။ သူ​နှင့်​သူ့​စစ်သည်​များ​အပါအဝင် သူ​၌​ပါလာ​သော​လူ​အမြောက်အမြား​တို့​အပေါ် ရေလွှမ်းမိုး​စေ​မည်​၊ မိုးသီး​နှင့်တကွ မီး​နှင့်​ကန့် ရွာကျ​စေ​မည်​။ 23လူမျိုး​တကာ​တို့​ရှေ့​တွင် ငါ​သည် ကြီးမြတ်​သော​ဘုရား​၊ သန့်ရှင်း​သော​ဘုရား​ဖြစ်ကြောင်း ထင်ရှားပြ​သောအခါ​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 38: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ