YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 37:1-14

ယေဇကျေလအနာဂတ္တိကျမ်း 37:1-14 MSBU

ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​သက်ရောက်​၍ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​ကို​ခေါ်ဆောင်​သွား​ပြီး အရိုး​များ​နှင့်​ပြည့်​သော ချိုင့်ဝှမ်း​တစ်​ခု​အလယ်​တွင် ချထား​၏​။ ထို့နောက် ထာဝရဘုရား​သည် ငါ့​အား ထို​အရိုး​တို့​ပတ်ပတ်လည်​သို့ လျှောက်သွား​စေ​၏​။ ချိုင့်ဝှမ်း​တစ်ပြင်လုံး​တွင် အရိုး​အမြောက်အမြား​ရှိ​၍ အလွန်​ခြောက်သွေ့​နေ​သည်​ကို တွေ့​ရ​၏​။ ကိုယ်တော်​က ငါ့​အား “​အချင်း​လူသား​၊ ဤ​အရိုး​တို့ အသက်ရှင်​နိုင်​မည်လော​”​ဟု မေး​လျှင် ငါ​က “​အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သိ​တော်မူ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။ ထိုအခါ ကိုယ်တော်​က ငါ့​အား ဤ​အရိုး​တို့​ကို ပရောဖက်ပြု​ဟောပြော​လော့​။ “အို အရိုး​ခြောက်​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ဤ​အရိုး​တို့​အား ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​အထဲ​သို့ အသက်လေ​ကို​မှုတ်သွင်း​၍ သင်​တို့​အသက်ရှင်​လာ​လိမ့်မည်​။ အရွတ်​ပေါ်လာ​စေ​မည်​။ အသား​တက်လာ​စေ​မည်​၊ အရေပြား​ဖြင့် ဖုံးအုပ်​စေ​မည်​။ သင်​တို့​အထဲ​သို့ အသက်​လေ​ကို​မှုတ်သွင်း​၍ သင်​တို့​ကို အသက်ရှင်​လာ​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။ ငါ့​ကို မိန့်မှာ​တော်မူ​သည့်​အတိုင်း ငါ​သည် ပရောဖက်ပြု​ဟောပြော​၏​။ ပရောဖက်ပြု​ဟောပြော​နေစဉ် အသံ​တစ်​ခု​ကြား​ရ​၏​။ အရိုး​တို့ လှုပ်ရှား​လာ​ပြီး အရိုး​အရိုး​ချင်း ဆက်မိ​သွား​သည်​ကို ငါ​တွေ့​ရ​၏​။ ငါ​ကြည့်​နေစဉ် အရိုး​တို့​တွင် အရွတ်​များ​၊ အသား​များ တက်လာ​၍ ၎င်း​တို့​အပေါ်​တွင် အရေပြား​ဖုံးလွှမ်း​သွား​သည်​ကို မြင်​လေ​၏​။ သို့သော် ထွက်သက်​ဝင်သက် မ​ရှိ​သေး​။ ထိုအခါ ကိုယ်တော်​က ငါ့​အား “​အချင်း​လူသား​၊ အသက်လေ​အား ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘​အို အသက်​လေ​၊ သေ​သူ​တို့​အသက်ရှင်​လာ​အောင် အရပ်​လေး​မျက်နှာ​မှ​လာ​၍ သူ​တို့​အထဲ​သို့ အသက်လေ​ကို မှုတ်သွင်း​လော့’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။ ငါ​က​လည်း ကိုယ်တော်​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပရောဖက်ပြု​ဟောပြော​ရာ အသက်လေ​သည် သူ​တို့​အထဲ​သို့​ဝင်​၍ သူ​တို့​သည် အသက်ရှင်​လာ​ကာ မတ်တတ်ရပ်​ကြ​လျက် အလွန်​များပြား​သော​စစ်သည်​အလုံးအရင်း ဖြစ်​လေ​၏​။ ဘုရားရှင်​ထာဝရဘုရား​က “​အချင်း​လူသား​၊ ဤ​အရိုး​တို့​သည် အစ္စရေး​အမျိုးအနွယ် တစ်မျိုးနွယ်လုံး​ဖြစ်​၏​။ သူ​တို့​က ‘​ငါ​တို့​၏​အရိုး​သည် ခြောက်သွေ့​လျက်​ရှိ​၏​။ ငါ​တို့​၏​မျှော်လင့်ချက် ကုန်ဆုံး​ပြီ​။ ငါ​တို့​သည် ဖယ်ထုတ်​ခြင်း​ခံရ​လေ​ပြီ​’​ဟု ပြောဆို​တတ်​ကြ​၏​။ သို့ဖြစ်၍ သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က အို ငါ့​လူမျိုး​တော်​၊ ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​၏​သင်္ချိုင်းဂူ​များ​ကို​ဖွင့်​၍ သင်​တို့​အား ထို​သင်္ချိုင်းဂူ​မှ​ထုတ်ယူ​ပြီး အစ္စရေး​ပြည်​သို့ ပို့ဆောင်​မည်​။ အို ငါ့​လူမျိုး​တော်​၊ သင်​တို့​၏​သင်္ချိုင်းဂူ​များ​ကို ငါ​ဖွင့်​၍ သင်​တို့​အား ထို​သင်္ချိုင်းဂူ​များ​မှ ထုတ်ယူ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။ ငါ့​ဝိညာဉ်​ကို သင်​တို့​အထဲ​သို့ သွင်းပေး​မည်​ဖြစ်၍ သင်​တို့​သည် အသက်ရှင်​လိမ့်မည်​။ သင်​တို့​ကို သင်​တို့​၏​နေရင်းပြည်​၌ နေရာချ​ထား​မည်​။ ထိုအခါ ငါ​ထာဝရဘုရား​သည် ပြော​လျှင်​ပြော​သည့်​အတိုင်း ပြု​တတ်​သည်​ကို သင်​တို့​သိ​ရ​ကြ​လိမ့်မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ပရောဖက်ပြု​ဟောပြော​လော့”​ဟု မိန့်ဆို​၏​။