YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 9

9
ပဉ္စမဘေးဒဏ်-တိရစ္ဆာန်များသေခြင်းဘေး
1ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ ဟေဗြဲ​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​ငါ​၏​လူမျိုး​တော်​သည် ငါ့​အား​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့​။ 2သူ​တို့​ကို​မ​လွှတ်​ဘဲ သင်​ငြင်းဆန်​နေ​မည်​၊ ဆက်၍​ချုပ်ကိုင်​ထား​မည်​ဆိုလျှင် 3ထာဝရဘုရား​လက်​တော်​သည် လယ်​၌​ရှိ​သည့် မြင်း​များ​၊ မြည်း​များ​၊ ကုလားအုတ်​များ​၊ နွား​များ​၊ သိုးဆိတ်​များ စသည့် သင်​တို့​၏​တိရစ္ဆာန်​များ​အပေါ် အလွန်​ဆိုးရွား​သော​ကပ်ရောဂါ​ဘေး ကျရောက်​စေ​မည်​။ 4သို့သော် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​၏​တိရစ္ဆာန်​များ​နှင့် အီဂျစ်​လူမျိုး​တို့​၏​တိရစ္ဆာန်​များ​ကို သီးသန့်ခွဲ​ထား​သဖြင့် အစ္စရေး​အမျိုးသား​တို့​ပိုင်​သော​တိရစ္ဆာန်​တစ်ကောင်မျှ​မ​သေ​ရ​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု သူ့​အား ဆင့်ဆို​ရ​မည်​။ 5ထာဝရဘုရား​သည် အချိန်​ကို​သတ်မှတ်​တော်မူ​၍ “ငါ​ထာဝရဘုရား​သည် ထို​အမှု​ကို မနက်ဖြန် ဤ​ပြည်​ထဲ၌ ပြု​တော်မူ​မည်”​ဟု မိန့်​တော်မူ​၏​။ 6နောက်တစ်နေ့​၌ ထာဝရဘုရား​သည် ထို​အမှု​ကို​ပြု​တော်မူ​သဖြင့် အီဂျစ်​လူမျိုး​တို့​၏​တိရစ္ဆာန်​ရှိသမျှ​တို့​သည် သေ​ကြ​ကုန်​၏​။ သို့ရာတွင် အစ္စရေး​အမျိုးသား​တို့​၏​တိရစ္ဆာန် တစ်​ကောင်​မျှ​မ​သေ​။ 7ထိုအခါ ဖာရော​မင်းကြီး​သည် လူ​ကို​စေလွှတ်​ရာ အစ္စရေး​လူမျိုး​တို့​၏​တိရစ္ဆာန်​တစ်​ကောင်​မျှ​မ​သေ​ကြောင်း သိရှိ​၏​။ သို့သော်လည်း ဖာရော​မင်းကြီး​သည် စိတ်နှလုံး​ခိုင်မာ​လျက် အစ္စရေး​လူမျိုး​တို့​ကို မ​လွှတ်​ဘဲ​နေ​လေ​၏​။
ဆဋ္ဌမဘေးဒဏ်-အနာစိမ်းဘေး
8တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား “​သင်​တို့​သည် မီးပြင်းဖို​မှ​ကျပ်ခိုး​ကို သင်​တို့​၏​လက်ခုပ်​နှင့်​အပြည့်​ယူ​လော့​။ ထို့နောက် မောရှေ​သည် ဖာရော​မင်းကြီး​၏​မျက်မှောက်​၌ ၎င်း​ကို မိုးကောင်းကင်​သို့​ကြဲဖြန့်​လော့​။ 9ထို​ကျပ်ခိုး​သည် အမှုန့်​ဖြစ်သွား​၍ အီဂျစ်​ပြည်​တစ်ပြည်လုံး​လွှမ်းသွား​ပြီး အီဂျစ်​ပြည်​တစ်ပြည်လုံး​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​၌ ပြည်​တည်​သော​အနာစိမ်း​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 10ထို့ကြောင့် သူ​တို့​သည် မီးပြင်းဖို​မှ​ကျပ်ခိုး​ကို​ယူ​ပြီး ဖာရော​မင်းကြီး​၏​ရှေ့​၌​ရပ်​လေ​၏​။ မောရှေ​သည်​လည်း ၎င်း​ကို မိုးကောင်းကင်​သို့​ကြဲဖြန့်​လေ​ရာ လူ​နှင့်​တိရစ္ဆာန်​တို့​၌ ပြည်​တည်​သော​အနာစိမ်း​ဖြစ်​လေ​၏​။ 11နတ်ဝိဇ္ဇာဆရာ​များ​နှင့် အီဂျစ်​လူမျိုး​အားလုံး​တို့​၌ အနာစိမ်း​ပေါက်​သဖြင့် နတ်ဝိဇ္ဇာဆရာ​တို့​သည် အနာစိမ်း​ကြောင့် မောရှေ​၏​ရှေ့​၌ မ​ရပ်​နိုင်​ကြ​ပေ​။ 12ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။
သတ္တမဘေးဒဏ်-မိုးသီးဘေး
13တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​နံနက်​စောစောထ​၍ ဖာရော​မင်းကြီး​၏​ရှေ့​၌​ရပ်​လော့​။ သင်​သည် ဖာရော​မင်းကြီး​အား ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ငါ​၏​လူမျိုး​တော်​သည် ငါ့​အား​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့​။ 14သို့မဟုတ်လျှင် ဤ​တစ်ကြိမ်​တွင် ငါ​သည် ဘေးဒဏ်​အမျိုးမျိုး​ကို သင်​မှစ၍ သင်​၏​အမှုထမ်း​များ​၊ သင်​၏​ပြည်သူပြည်သား​များ​အပေါ်​သို့ ကျရောက်​စေ​မည်​။ ဤသို့ဖြင့် မြေ​တစ်ပြင်လုံး​၌ ငါ​ကဲ့သို့သော​ဘုရား​မ​ရှိ​ကြောင်း သင်​သိမြင်​လိမ့်မည်​။ 15ယခု ငါ​၏​လက်​ကို​ဆန့်​လျက် သင်​နှင့်​သင်​၏​လူ​တို့​အား ကပ်ရောဂါ​ဘေး​ဖြင့် ငါ​ဒဏ်ခတ်​မည်​။ သင်​သည် မြေကြီး​ပေါ်မှ ပယ်ဖျက်​ခြင်း​ခံရ​လိမ့်မည်​။ 16အကယ်စင်စစ် သင့်​အား ငါ​၏​တန်ခိုး​ကို​ပြသ​ရန်​နှင့် မြေ​တစ်ပြင်လုံး​၌ ငါ​၏​နာမ​ကို ကြေညာ​ရန် ငါ​သည် သင့်​ကို တည်​နေ​စေ​ခြင်း​ဖြစ်​၏​။#ရော 9:17။ 17သင်​သည် ငါ​၏​လူမျိုး​တော်​ကို​မ​လွှတ်​ဘဲ သူ​တို့​အပေါ် ထောင်လွှား​စော်ကား​လျက်​ရှိ​သေး​၏​။ 18အီဂျစ်​ပြည်​တည်​ချိန်​မှစ၍ ယခု​တိုင်အောင် မ​ဖြစ်​ခဲ့​ဖူး​သော မိုးသီး​သည်းထန်​စွာ​ရွာကျ​ခြင်း​ကို မနက်ဖြန် ဤ​အချိန်​တွင် ငါ​ဖြစ်​စေ​မည်​။ 19ထို့ကြောင့် သင်​၏​တိရစ္ဆာန်​များ​နှင့် လယ်​ထဲ​ရှိ​သင်​ပိုင်​သော​အရာ​အားလုံး​တို့​ကို လုံခြုံ​ရာ​သို့​သိမ်းဆည်း​ရန် ယခုပင်​အမိန့်ပေး​လော့​။ အိမ်​သို့​မ​ခေါ်ဆောင်​လာ​သည့် လယ်​၌​ရှိသမျှ​သော​လူ​နှင့်​တိရစ္ဆာန်​တို့​အပေါ်​သို့ မိုးသီး​ကျ​၍ သေ​ကြ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ကြောင်း ဆင့်ဆို​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 20ဖာရော​မင်းကြီး​၏​အမှုထမ်း​များ​ထဲမှ ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် မိမိ​တို့​၏​ကျွန်​များ​နှင့် မိမိ​တို့​၏​တိရစ္ဆာန်​များ​ကို အိမ်​ထဲသို့ အမြန်​ဝင်​စေ​ကြ​၏​။ 21ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို ဂရုမစိုက်​သော​သူ​တို့​မူကား မိမိ​တို့​၏​ကျွန်​များ​နှင့်​တိရစ္ဆာန်​များ​ကို လယ်​ထဲ၌​ပင် ထား​ကြ​၏​။
22ထာဝရဘုရား​က မောရှေ​အား “​အီဂျစ်​ပြည်​၌​ရှိ​သော လူ​၊ တိရစ္ဆာန်​နှင့် လယ်​ထဲမှ​အပင်​ရှိသမျှ​တို့​မှစ၍ အီဂျစ်​ပြည်​တစ်ပြည်လုံး​အပေါ် မိုးသီး​ကျ​စေရန် သင်​၏​လက်​ကို မိုးကောင်းကင်​သို့​ဆန့်​လော့​”​ဟု မိန့်​တော်မူ​၏​။ 23ထိုအခါ မောရှေ​သည် မိမိ​၏​တောင်ဝှေး​ကို မိုးကောင်းကင်​သို့​ဆန့်​လိုက်​သော် ထာဝရဘုရား​သည် မိုးချုန်းသံ​များ​နှင့်​မိုးသီး​ကို လွှတ်​တော်မူ​၏​။ မီး​သည်​လည်း မြေ​ပေါ်သို့​ကျလာ​၏​။ ထာဝရဘုရား​သည် အီဂျစ်​ပြည်​အပေါ်​သို့ မိုးသီး​ကို ရွာကျ​စေ​တော်မူ​၏​။ 24အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ မိုးသီး​သည်းထန်​စွာ​ရွာကျ​၍ မိုးသီး​ကြားမှ​မီးလျှံ​များ​ထွက်​နေ​သည့်​အဖြစ်​မျိုး အီဂျစ်​ပြည်​တည်​ချိန်​မှစ၍ တစ်ခါ​မျှ မ​ဖြစ်​ဖူး​ချေ​။ 25အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင် လယ်ပြင်​၌​ရှိသမျှ​သော လူ​မှစ၍ တိရစ္ဆာန်​တိုင်အောင် မိုးသီး​ထိ​လေ​၏​။ လယ်​ထဲ၌​ရှိသမျှ​အပင်​တို့​ကို​လည်း မိုးသီး​ထိ​၍ လယ်​ထဲ၌​ရှိ​သော​အပင်​အားလုံး ပျက်စီး​လေ​၏​။ 26သို့ရာတွင် အစ္စရေး​အမျိုးသား​တို့​နေထိုင်​ရာ ဂေါရှင်​အရပ်​၌ မိုးသီး​မ​ကျ​ပေ​။
27ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​ကို​ဆင့်ခေါ်​ပြီးလျှင် “​ဤ​တစ်ကြိမ်​ကား ငါ​ပြစ်မှား​မိ​ပြီ​။ ထာဝရဘုရား​သာလျှင် ဖြောင့်မတ်​တော်မူ​၏​။ ငါ​နှင့်​ငါ့​လူ​တို့​မူကား ဆိုးယုတ်​သော​သူ​များ​ဖြစ်​ကြ​ပါ​၏​။ 28ဘုရားသခင်​ထံမှ မိုးချုန်းသံ​များ​နှင့်​မိုးသီး​ကျ​ခြင်း​မှာ တော်လောက်​ပါ​ပြီ​။ ထာဝရဘုရား​ထံ​ဆုတောင်း​ပေး​ပါ​လော့​။ သင်​တို့​ကို ဆက်၍​မ​နေ​စေ​ဘဲ သင်​တို့​ကို ငါ​လွှတ်ပေး​မည်​”​ဟု ဆို​လေ​၏​။
29မောရှေ​က​လည်း “​အကျွန်ုပ်​သည် မြို့​ထဲမှ​ထွက်​သည်​နှင့် ထာဝရဘုရား​ထံသို့ အကျွန်ုပ်​၏​လက်​ကို​ဖြန့်​ပါ​မည်​။ ထာဝရဘုရား​သည် မြေကြီး​ကို​ပိုင်​တော်မူ​ကြောင်း အရှင်​သိ​စေရန် မိုးချုန်းသံ​များ​ရပ်​၍ မိုးသီး​လည်း ကျ​တော့​မည်​မ​ဟုတ်​။ 30သို့သော် အရှင်​နှင့်​အရှင့်​အမှုထမ်း​တို့​သည် ထာဝရအရှင်​ဘုရားသခင်​ကို ကြောက်ရွံ့​ခြင်း​မ​ရှိ​သေး​ကြောင်း အကျွန်ုပ်​သိ​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။
31(​မုယောပင်​သည် အနှံ​ထွက်​လျက်​၊ ဗီသွာပင်​များ​သည်​လည်း ဖူးပွင့်​လျက်​ရှိ​၏​။ မုယောပင်​နှင့်​ဗီသွာပင်​များ​ကို မိုးသီး​ထိ​၏​။ 32ဂျုံ​နှင့်​ပန်းဂျုံ​တို့​မူကား ကောက်နှောင်း​ဖြစ်၍ ၎င်း​တို့​ကို မိုးသီး​မ​ထိ​။​)
33မောရှေ​သည် ဖာရော​မင်းကြီး​ထံ​မှ မြို့ပြင်​သို့​ထွက်သွား​၍ သူ​၏​လက်​ကို ထာဝရဘုရား​ထံသို့​ဖြန့်​လျှင် မိုးချုန်းသံ​များ​နှင့်​မိုးသီး​ကျ​ခြင်း​ရပ်​သွား​၍ မြေ​ပေါ်သို့ မိုး​မ​ရွာ​တော့​ပေ​။ 34ဖာရော​မင်းကြီး​သည် ထိုသို့​မိုး​မ​ရွာ​၊ မိုးသီး​နှင့် မိုးချုန်းသံ​များ​လည်း​ရပ်စဲ​သွား​သည်​ကို သိမြင်​လျှင် တစ်ဖန်​ပြစ်မှား​၍ သူ​နှင့်​သူ​၏​အမှုထမ်း​တို့​သည် စိတ်နှလုံး​ခိုင်မာ​လျက်​ရှိ​၏​။ 35ထိုသို့ မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် မာကျော​လျက် အစ္စရေး​အမျိုးသား​တို့​ကို မ​လွှတ်​ဘဲ​နေ​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။