ထွက်မြောက်ရာကျမ်း 7
7
1ထာဝရဘုရားကလည်း မောရှေအား “ကြည့်ရှုလော့။ သင့်ကို ဖာရောမင်းကြီး၏ဘုရားကဲ့သို့ ငါဖြစ်စေပြီ။ သင်၏အစ်ကိုအာရုန်သည် သင်၏ပရောဖက်ဖြစ်မည်။ 2သင့်အား ငါမိန့်မှာသောအရာအားလုံးကို သင်ပြောရမည်။ ဖာရောမင်းကြီးသည် အစ္စရေးအမျိုးသားတို့ကို သူ၏ပြည်မှလွှတ်မည့်အကြောင်း သင်၏အစ်ကိုအာရုန်သည် သူ့အားလျှောက်ရမည်။ 3ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေ၍ အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်အမှုများကို အများအပြားပြမည်။ 4သို့သော် ဖာရောမင်းကြီးသည် သင်တို့စကားကို နားထောင်လိမ့်မည်မဟုတ်။ အီဂျစ်ပြည်အပေါ် ငါ့လက်ကိုတင်၍ ကြီးလေးသောအပြစ်ဒဏ်ပေးခြင်းဖြင့် ငါ့လူစုဖြစ်သော ငါ့လူမျိုးတော် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ငါထုတ်ဆောင်မည်။ 5အီဂျစ်ပြည်အပေါ် ငါ၏လက်ကိုဆန့်၍ အစ္စရေးအမျိုးသားတို့ကို ထိုပြည်ထဲမှ ထုတ်ဆောင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
6မောရှေနှင့်အာရုန်သည် သူတို့အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း တစ်သဝေမတိမ်းပြုကြ၏။ 7ဖာရောမင်းကြီးထံသွား၍ လျှောက်တင်ကြစဉ်က မောရှေသည် အသက်ရှစ်ဆယ်၊ အာရုန်သည် အသက်ရှစ်ဆယ့်သုံးနှစ် ရှိပြီဖြစ်၏။ 8တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား 9“သင်တို့အား ဖာရောမင်းကြီးက ‘သင်တို့ကိုယ်တိုင် အံ့ဩဖွယ်အမှုများကိုပြုလော့’ဟု ဆိုလျှင် မောရှေက အာရုန်အား ‘သင်၏တောင်ဝှေးကိုယူ၍ ဖာရောမင်းကြီး၏ရှေ့၌ပစ်ချလော့’ဟု ပြောရမည်။ တောင်ဝှေးသည် မြွေနဂါးဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။ 10မောရှေနှင့်အာရုန်သည်လည်း ဖာရောမင်းကြီးထံဝင်၍ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်းပြုကြ၏။ အာရုန်သည် သူ၏တောင်ဝှေးကို ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့ရှေ့၌ ပစ်ချသော် တောင်ဝှေးသည် မြွေနဂါးဖြစ်သွား၏။ 11ထိုအခါ ဖာရောမင်းကြီးသည် ပညာရှိများနှင့်မှော်ဆရာများကိုခေါ်၍ ထိုအီဂျစ်နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏နတ်ဝိဇ္ဇာအတတ်များဖြင့် ထိုနည်းတူပြုကြ၏။ 12သူတို့သည် အသီးသီးမိမိတို့၏တောင်ဝှေးကို ပစ်ချကြသောအခါ မြွေနဂါးများဖြစ်သွား၏။ သို့ရာတွင် အာရုန်၏တောင်ဝှေးသည် သူတို့၏တောင်ဝှေးများကိုမျိုလေ၏။ 13သို့သော် ထာဝရဘုရားမိန့်ဆိုတော်မူသည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျော၍ မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
ပထမဘေးဒဏ်-မြစ်ရေက သွေးအဖြစ်ပြောင်းသွားခြင်း
14ထာဝရဘုရားက မောရှေအား “ဖာရောမင်းကြီး၏စိတ်နှလုံးသည် ခိုင်မာ၍ အစ္စရေးလူမျိုးတို့ကို လွှတ်ရန်ငြင်းဆန်၏။ 15နံနက်အချိန်၌ ဖာရောမင်းကြီးသည် ရေဆိပ်သို့သွားမည်ဖြစ်၍ သူနှင့်တွေ့ဆုံရန် နိုင်းမြစ်ကမ်းနား၌ သွားစောင့်နေလော့။ မြွေအဖြစ်သို့ပြောင်းလဲခဲ့သောတောင်ဝှေးကိုလည်း သင့်လက်ထဲ၌ ယူဆောင်သွားရမည်။ 16သင်သည် ဖာရောမင်းကြီးအား ‘ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ငါ၏လူမျိုးတော်သည် တောကန္တာရ၌ ငါ့အားဝတ်ပြုရန် သူတို့ကိုလွှတ်လော့’ဟု ဆင့်ဆိုရန် အကျွန်ုပ်ကို အရှင့်ထံသို့စေလွှတ်တော်မူ၏။ သို့သော် အရှင်မင်းကြီးသည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည်တကား။ 17ထို့ကြောင့် ‘ထာဝရဘုရားက ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ဤအမှုအားဖြင့် သင်သိရလိမ့်မည် ဟုမိန့်တော်မူပြီ။ ဤအမှုဟူမူကား အကျွန်ုပ်သည် နိုင်းမြစ်ရေကို အကျွန်ုပ်လက်၌ရှိသောတောင်ဝှေးဖြင့် ရိုက်သောအခါ သွေးအဖြစ်သို့ပြောင်းသွားမည်။ 18နိုင်းမြစ်ထဲ၌ရှိသောငါးတို့သည် သေကြလိမ့်မည်။ နိုင်းမြစ်သည် အပုပ်နံ့ထွက်သဖြင့် အီဂျစ်လူမျိုးတို့သည် နိုင်းမြစ်ရေကို သောက်သုံးနိုင်မည်မဟုတ်’ဟူ၍ ပြောကြားလော့”ဟု မိန့်တော်မူ၏။
19တစ်ဖန် ထာဝရဘုရားက “သင်သည် အာရုန်အား ‘သင်၏တောင်ဝှေးကိုယူ၍ မြစ်များ၊ ချောင်းများ၊ ရေအိုင်များ၊ ရေလှောင်ကန်များစသည့် အီဂျစ်ပြည်ရှိရေရှိသမျှအပေါ်သို့ သင်၏လက်ကိုဆန့်လော့။ ထိုအခါ ရေသည် သွေးဖြစ်သွားလိမ့်မည်။ အီဂျစ်ပြည်တစ်ပြည်လုံးတွင် သစ်သားခွက်များနှင့်ကျောက်ခွက်များထဲ၌ပါမကျန် သွေးဖြစ်လိမ့်မည်’ဟူ၍ ပြောလော့”ဟု မောရှေအား မိန့်တော်မူ၏။
20မောရှေနှင့်အာရုန်သည်လည်း ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်းပြုကြ၏။ အာရုန်သည် ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့ရှေ့မှောက်၌ တောင်ဝှေးကိုမြှောက်၍ နိုင်းမြစ်ရေကို ရိုက်လေသော် နိုင်းမြစ်ရေအားလုံး သွေးအဖြစ်သို့ပြောင်းသွားလေ၏။ 21နိုင်းမြစ်ထဲ၌ရှိသောငါးတို့သည် သေကြသဖြင့် နိုင်းမြစ်သည် အပုပ်နံ့ထွက်လေ၏။ ထို့ကြောင့် အီဂျစ်လူမျိုးတို့သည် နိုင်းမြစ်ထဲမှရေကိုမသောက်သုံးနိုင်ကြ။ အီဂျစ်ပြည်တစ်ပြည်လုံး သွေးနှင့်ပြည့်လေ၏။
22အီဂျစ်နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များအားဖြင့် ထိုနည်းတူပြုကြ၏။ ထို့ကြောင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျောလျက် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။ 23ဖာရောမင်းကြီးသည် မိမိနန်းတော်သို့လှည့်ပြန်သွားကာ ဤအမှုကိုလည်း နှလုံးမသွင်းဘဲနေ၏။ 24အီဂျစ်လူမျိုးအပေါင်းတို့သည် နိုင်းမြစ်ရေကိုမသောက်သုံးနိုင်ကြသဖြင့် သောက်သုံးရေရရှိရန် နိုင်းမြစ်တစ်လျှောက် တွင်းတူးကြ၏။ 25ထာဝရဘုရားသည် နိုင်းမြစ်ကိုဒဏ်ခတ်သည်မှာ ခုနစ်ရက်ကြာလေ၏။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာကျမ်း 7: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative