ထွက်မြောက်ရာကျမ်း 40
40
တဲတော်တည်ခြင်း
1တစ်ဖန် ထာဝရဘုရားက မောရှေအား 2“ပထမလ၏ပထမနေ့၌ သင်သည် တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်ကိုတည်၍ 3ကိန်းဝပ်တော်မူရာဌာနထဲ၌ သက်သေခံချက်သေတ္တာတော်ကို ထားပြီးလျှင် ထိုသေတ္တာတော်ကို ကန့်လန့်ကာဖြင့် ကာရမည်။ 4စားပွဲကိုလည်းသွင်း၍ နေရာတကျ ခင်းကျင်းရမည်။ ဆီမီးခုံကိုလည်းသွင်း၍ မီးခွက်များကို ပြင်ဆင်ရမည်။ 5နံ့သာပေါင်းရွှေယဇ်ပလ္လင်ကို သက်သေခံချက်သေတ္တာတော်၏ရှေ့၌ထားရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အဝင်ဝ၌ လိုက်ကာတပ်ရမည်။ 6တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ မီးရှို့ရာယဇ်ပလ္လင်ကို ထားရမည်။ 7တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်အကြား၌ အင်တုံကိုထား၍ ရေကိုထည့်ရမည်။ 8တဲတော်ပတ်ပတ်လည်ကို ဝင်းကာ၍ ဝင်းအဝင်ဝကို လိုက်ကာတပ်ရမည်။
9ဘိသိက်ဆီကိုယူပြီး ကိန်းဝပ်တော်မူရာတဲတော်နှင့် ၎င်း၌ရှိသောအရာအားလုံးတို့ကို ဘိသိက်သွန်း၍ ကိန်းဝပ်တော်မူရာတဲတော်နှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့ကို သန့်ရှင်းစေရမည်။ ထိုအခါ ကိန်းဝပ်တော်မူရာတဲတော်သည် သန့်ရှင်းလိမ့်မည်။ 10မီးရှို့ရာယဇ်ပလ္လင်နှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့ကိုလည်း ဘိသိက်သွန်း၍ ယဇ်ပလ္လင်ကိုသန့်ရှင်းစေရမည်။ ထိုအခါ အထူးသန့်ရှင်းသောယဇ်ပလ္လင် ဖြစ်လိမ့်မည်။ 11အင်တုံနှင့်အင်တုံ၏ခြေတိုင်ကို ဘိသိက်သွန်း၍ သန့်ရှင်းစေရမည်။
12အာရုန်နှင့်သူ၏သားတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ ခေါ်လာ၍ သူတို့ကို ရေဖြင့်ဆေးကြောပြီးလျှင် 13အာရုန်ကို သန့်ရှင်းသောအဝတ်တန်ဆာ ဝတ်ဆင်ပေးရမည်။ သူသည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌ အမှုတော်ကိုဆောင်ရွက်ရန် သူ့ကိုဘိသိက်ပေး၍ သန့်ရှင်းစေရမည်။ 14သူ၏သားတို့ကိုလည်း ခေါ်လာ၍ သူတို့အား အတွင်းသင်တိုင်းကို ဝတ်ဆင်ပေးရမည်။ 15သူတို့သည် ငါ့ထံ၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ရန် သူတို့၏ဖခင်ကို ဘိသိက်ပေးသကဲ့သို့ သူတို့ကို ဘိသိက်ပေးရမည်။ ထိုသို့ ဘိသိက်ပေးခြင်းသည် သူတို့၏မျိုးဆက်အစဉ်အဆက် ယဇ်ပုရောဟိတ်အရိုက်အရာကို အစဉ်အမြဲဆက်ခံစေရန်ဖြစ်၏”ဟု မိန့်တော်မူ၏။
16မောရှေသည် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း တစ်သဝေမတိမ်း ပြုလေ၏။ 17ဒုတိယနှစ်၊ ပထမလ၏ပထမနေ့၌ ကိန်းဝပ်တော်မူရာတဲတော်ကိုတည်၏။ 18မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ကိန်းဝပ်တော်မူရာတဲတော်ကိုတည်ရာတွင် အောက်ခံအစွပ်များကိုနေရာချ၏။ ဘောင်များကိုထောင်၏။ ကန့်လန့်ကျင်များကိုလျှို၏။ တိုင်များကိုထူ၏။ 19ကိန်းဝပ်တော်မူရာတဲတော်အပေါ်တွင် တဲတော်ကိုဖြန့်မိုး၍ ထိုအပေါ်တွင် တဲတော်အမိုးကို ထပ်မိုး၏။
20မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သက်သေခံချက်ကိုယူ၍ သေတ္တာထဲထည့်၏။ သေတ္တာကွင်း၌ ထမ်းပိုးများကိုလျှို၍ သေတ္တာပေါ်၌ ကရုဏာတော်ပလ္လင်#40:20 သို့မဟုတ် “အဖုံး”။ကိုတင်၏။ 21သေတ္တာကို ကိန်းဝပ်တော်မူရာတဲတော်ထဲသို့ ယူဆောင်လာပြီး သက်သေခံချက်သေတ္တာတော်ကိုကာရန် ကန့်လန့်ကာတပ်၏။
22မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း စားပွဲကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကိန်းဝပ်တော်မူရာတဲတော်၏မြောက်ဘက်ခြမ်း ကန့်လန့်ကာအပြင်ဘက်တွင် ထား၍ 23ထာဝရဘုရားရှေ့တော်၊ စားပွဲပေါ်၌ မုန့်ကို နေရာတကျခင်းကျင်း၏။ 24မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဆီမီးခုံကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကိန်းဝပ်တော်မူရာတဲတော်၏တောင်ဘက်ခြမ်း စားပွဲနှင့်မျက်နှာချင်းဆိုင်ထား၍ 25ထာဝရဘုရားရှေ့တော်၌ မီးခွက်များကို ထွန်းထား၏။
26မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ရွှေယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကန့်လန့်ကာရှေ့၌ထား၍ 27ယဇ်ပလ္လင်ပေါ်၌ အမွှေးနံ့သာပေါင်းကိုရှို့၏။ 28မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ကိန်းဝပ်တော်မူရာတဲတော်၏အဝင်ဝ၌ လိုက်ကာကိုတပ်၏။ 29မီးရှို့ရာယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ထား၍ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ပူဇော်၏။
30မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အင်တုံကို တွေ့ဆုံစည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်ကြား၌ထား၍ ဆေးကြောရန်ရေကို အင်တုံထဲ၌ ထည့်ထား၏။ 31မောရှေနှင့်တကွ အာရုန်နှင့်သူ၏သားတို့သည် ထိုအင်တုံ၌ မိမိတို့၏ခြေလက်ကို ဆေးကြောရ၏။ 32သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ၌ဖြစ်စေ၊ ယဇ်ပလ္လင်သို့ချဉ်းကပ်သောအခါ၌ဖြစ်စေ ထိုအင်တုံ၌ မိမိတို့ခြေလက်ကိုဆေးကြောကြ၏။
33ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ပတ်ပတ်လည်ကို ဝင်းကာ၍ ဝင်းအဝင်ဝကို လိုက်ကာတပ်၏။ ဤသို့ဖြင့် မောရှေသည် အလုပ်ကို ပြီးစီးစေ၏။
ဘုရားသခင်၏ဘုန်းအသရေတော်
34ထိုအခါ မိုးတိမ်သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုဖုံးလွှမ်း၍ ကိန်းဝပ်တော်မူရာတဲတော်သည် ထာဝရဘုရား၏ဘုန်းအသရေတော်ဖြင့်ပြည့်လေ၏။ 35မိုးတိမ်သည် တွေ့ဆုံစည်းဝေးရာတဲတော်ပေါ်၌တည်နေ၍ ကိန်းဝပ်တော်မူရာတဲတော်သည် ထာဝရဘုရား၏ဘုန်းအသရေတော်ဖြင့်ပြည့်လျက်ရှိသောကြောင့် မောရှေသည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ မဝင်နိုင်ပေ။
36အစ္စရေးအမျိုးသားတို့သည် သူတို့၏ခရီးလမ်းတစ်လျှောက်လုံးတွင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်မှ မိုးတိမ်ကွာသောအခါ ခရီးပြုကြ၏။ 37မိုးတိမ်မကွာလျှင် ကွာသောနေ့အထိ သူတို့သည် ခရီးမပြုဘဲနေကြ၏။ 38ခရီးလမ်းတစ်လျှောက်လုံးတွင် ထာဝရဘုရား၏မိုးတိမ်သည် နေ့အချိန်တွင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ရှိ၍ ညအချိန်တွင် မိုးတိမ်ထဲ၌ မီးလင်းနေသည်ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်ရ၏။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာကျမ်း 40: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative