YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 4:10-23

ထွက်မြောက်ရာကျမ်း 4:10-23 MSBU

မောရှေ​က ထာဝရဘုရား​အား “​အို အကျွန်ုပ်​၏​ဘုရားရှင်​၊ အကျွန်ုပ်​သည် ယခင်က​ဖြစ်စေ​၊ မနေ့က​ဖြစ်စေ​၊ ကိုယ်တော်​၏​အစေအပါး​အား ကိုယ်တော်​မိန့်ဆို​တော်မူ​သော​အချိန်​၌ပင်​ဖြစ်စေ စကားပြော​ကောင်း​သူ​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် နှုတ်​လေး​လျှာ​လေး​သော​သူ​လည်း ဖြစ်​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။ ထာဝရဘုရား​က မောရှေ​အား “​လူ​၏​နှုတ်​ကို မည်သူ​ဖန်ဆင်း​သနည်း​။ ဆွံ့အ​သော​သူ​၊ နားမကြား​သော​သူ​၊ မျက်စိမြင်​သော​သူ​၊ မျက်စိမမြင်​သော​သူ​တို့​ကို မည်သူ​ဖန်ဆင်း​သနည်း​။ ငါ​ထာဝရဘုရား​ပင် မ​ဟုတ်​လော​။ ယခု သွား​လော့​။ ငါ​သည် သင့်​နှုတ်​နှင့်အတူ​ရှိ​မည်​။ သင်​ပြောဆို​ရ​မည့်​အရာ​ကို သင့်​အား ငါ​သွန်သင်​မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​က “​အို အကျွန်ုပ်​၏​ဘုရားရှင်​၊ အခြား​တစ်ယောက်​ကို စေလွှတ်​တော်မူ​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။ ထိုအခါ ထာဝရဘုရား​သည် မောရှေ​ကို အမျက်ထွက်​၍ “​လေဝိ​အမျိုး​အာရုန်​သည် သင်​၏​အစ်ကို​မ​ဟုတ်​လော​။ သူ​သည် နှုတ်ရေး​ကျွမ်းကျင်​သည်​ကို ငါ​သိ​၏​။ သူ​သည် သင့်​ကို​ကြိုဆို​ရန် ထွက်လာ​ပြီ​။ သင်​နှင့်​တွေ့​သောအခါ သူ​သည် စိတ်​ထဲ၌ ဝမ်းမြောက်​လိမ့်မည်​။ သင်​သည် သူ​နှင့်​စကားပြော​၍ သူ့​နှုတ်​ထဲသို့ စကား​များ​ကို​ထည့်​ရ​မည်​။ သင်​၏​နှုတ်​နှင့်​လည်းကောင်း​၊ သူ​၏​နှုတ်​နှင့်​လည်းကောင်း ငါ​အတူ​ရှိ​မည်​။ သင်​တို့​ပြု​ရ​မည့်​အရာ​ကို သင်​တို့​အား ငါ​သွန်သင်​မည်​။ သူ​သည် သင့်​ကိုယ်စား လူ​တို့​အား စကားပြော​မည်​။ သူ​သည် သင်​၏​နှုတ်​ကဲ့သို့​ဖြစ်​၍ သင်​သည် သူ​၏​ဘုရား​ကဲ့သို့​ဖြစ်​မည်​။ သင်​သည် နိမိတ်လက္ခဏာ​များ​ကို​ပြ​ရန် ဤ​တောင်ဝှေး​ကို သင့်​လက်​၌​ယူဆောင်​သွား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ထို့နောက် မောရှေ​သည် မိမိ​ယောက္ခမ​ယေသရော​ထံသို့​ပြန်လာ​ပြီး “​အကျွန်ုပ်​သည် အီဂျစ်​ပြည်​၌​ရှိ​သော အကျွန်ုပ်​၏​အမျိုးသားချင်း​တို့ အသက်ရှင်​သေး​သလော​ဟု ကြည့်ရှု​ရန် သူ​တို့​ထံ ပြန်​သွား​ခွင့်​ပြု​ပါ​”​ဟု ဆို​၏​။ ယေသရော​က​လည်း မောရှေ​အား “​ငြိမ်းချမ်း​စွာ​သွား​လော့​”​ဟု ဆို​လေ​၏​။ ထာဝရဘုရား​က “​အီဂျစ်​ပြည်​သို့​ပြန်သွား​လော့​။ အကြောင်းမူကား သင်​၏​အသက်​ကို​ရန်ရှာ​သော​သူ​အပေါင်း​တို့​သည် သေလွန်​ကြ​ပြီ​”​ဟု မောရှေ​အား မိဒျန်​ပြည်​၌ မိန့်​တော်မူ​၏​။ ထို့ကြောင့် မောရှေ​သည် မိမိ​မယား​နှင့်​သား​တို့​ကို​ခေါ်​၍ မြည်း​ပေါ်​တင်​ပြီးလျှင် အီဂျစ်​ပြည်​သို့​ပြန်သွား​လေ​၏​။ မောရှေ​သည် မိမိ​၏​လက်​ထဲ၌ ဘုရားသခင်​၏​တောင်ဝှေး​တော်​ကို ကိုင်ဆောင်​သွား​၏​။ ထာဝရဘုရား​က မောရှေ​အား “​သင်​သည် အီဂျစ်​ပြည်​သို့​ပြန်​ရောက်​သောအခါ သင်​၌ ငါ​အပ်ပေး​သော အံ့ဩဖွယ်အမှု​အလုံးစုံ​တို့​ကို ဖာရော​မင်းကြီး​ရှေ့​၌​ပြု​လော့​။ သို့ရာတွင် ငါ​သည် သူ​၏​စိတ်နှလုံး​ကို မာကျော​စေ​မည်​ဖြစ်၍ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို မ​လွှတ်​ဘဲ​နေ​လိမ့်မည်​။ ထိုအခါ သင်​သည် ဖာရော​မင်းကြီး​အား ‘​ထာဝရဘုရား​က အစ္စရေး​လူမျိုး​သည် ငါ့​သား​၊ ငါ​၏​သားဦး​ဖြစ်​၏​။ ငါ့​ကို​ဝတ်ပြု​ရန် ငါ့​သား​ကို​လွှတ်​လော့​ဟု သင့်​အား ငါ​မိန့်ဆို​၏​။ သူ့​ကို​မ​လွှတ်​ဘဲ သင်​ငြင်းဆန်​နေ​မည်​ဆိုလျှင် သင့်​သား​၊ သင်​၏​သားဦး​ကို ငါ​ကွပ်မျက်​မည်​ဟု မိန့်​တော်မူ​ပြီ​’​ဟူ၍ ဆင့်ဆို​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။