YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 35

35
ဥပုသ်နေ့ဆိုင်ရာပညတ်ချက်များ
1မောရှေ​သည် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ကို​စုရုံး​စေ​၍ သူ​တို့​အား “ထာဝရဘုရား​က 2‘ခြောက်​ရက်​ပတ်လုံး အလုပ်​လုပ်​ရ​မည်​။ သတ္တမ​နေ့​သည် သင်​တို့​အဖို့ သန့်ရှင်း​သော​နေ့​၊ ထာဝရဘုရား​အဖို့ ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်နေ့ ဖြစ်​ရ​မည်​။ ထို​နေ့​၌ အလုပ်​လုပ်​သော​သူ​မည်သူမဆို အသတ်​ခံရ​မည်​။ 3မည်သည့်​အရပ်​၌ သင်​တို့​နေထိုင်​သည်​ဖြစ်စေ ဥပုသ်နေ့​တွင် မီး​မ​မွှေး​ရ​’​ဟူသော သင်​တို့​လိုက်နာ​ရ​မည့် ပညတ်​တို့​ကို မိန့်မှာ​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။
တဲတော်တည်ဆောက်ခြင်း
4တစ်ဖန် မောရှေ​က အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား “​ထာဝရဘုရား​က 5‘​ထာဝရဘုရား​ထံ​တော်​သို့ အလှူပစ္စည်း​များ​ကို သင်​တို့​ယူဆောင်​ခဲ့​ကြ​လော့​။ စေတနာ​စိတ်​ရှိ​သော​သူ​တိုင်း ထာဝရဘုရား​ထံ​တော်​သို့ အလှူပစ္စည်း​အဖြစ် ရွှေ​၊ ငွေ​၊ ကြေးနီ​၊ 6အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​၊ ပိတ်ချောထည်​၊ ဆိတ်မွေး​၊ 7အနီရောင်ဆိုး​ထား​သော​သိုးထီး​သားရေ​၊ တဟာရှ#35:7 သို့မဟုတ် “အကောင်းဆုံး”၊ “လင်းပိုင်ငါး”၊ “ဆိတ်”။ အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။​သားရေ​၊ အကေရှား#35:7 “ထနောင်းမျိုး”။​သစ်သား​၊ 8မီးထွန်း​ရန်​အတွက် ဆီ​၊ ဘိသိက်​ဆီ​နှင့်​အမွှေးနံ့သာပေါင်း​အတွက် အမွှေးနံ့သာ​များ​၊ 9ဧဖုဒ်#35:9 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​နှင့်​ရင်ခံပြား​အတွက် မဟူရာကြောင်ဝင်​ကျောက်​များ​နှင့် စီခြယ်စရာ​ကျောက်​များ​ကို ယူဆောင်​လာ​ကြ​စေ​။
10သင်​တို့​ထဲမှ လက်မှုအတတ်​ကျွမ်းကျင်သူ​အပေါင်း​တို့​သည်​လည်း လာ​၍ ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း 11ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​တဲ​၊ အမိုး​၊ ချိတ်​များ​၊ ဘောင်​များ​၊ ကန့်လန့်ကျင်​များ​၊ တိုင်​များ​နှင့် တိုင်​များ​၏​အောက်ခံအစွပ်​များ​ကို​လည်းကောင်း​၊ 12သေတ္တာ​နှင့် သေတ္တာ​၏​ထမ်းပိုး​များ​ကို​လည်းကောင်း​၊ ကရုဏာ​တော်​ပလ္လင်#35:12 သို့မဟုတ် “အဖုံး”။​နှင့် ၎င်း​ကို​ကာ​ရန် ကန့်လန့်ကာ​ကို​လည်းကောင်း​၊ 13စားပွဲ​၊ စားပွဲ​၏​ထမ်းပိုး​များ​နှင့် တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ ရှေ့​တော်​မုန့်​ကို​လည်းကောင်း​၊ 14မီးထွန်း​ရန်​အတွက် ဆီမီးခုံ​၊ ဆီမီးခုံ​၏​တန်ဆာပလာ​များ​၊ မီးခွက်​များ​နှင့် မီးထွန်း​ရန်​အတွက် ဆီ​ကို​လည်းကောင်း​၊ 15နံ့သာပေါင်း​ရှို့​ရာ​ယဇ်ပလ္လင်​နှင့် ထို​ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​ကို​လည်းကောင်း​၊ ဘိသိက်​ဆီ​နှင့် အမွှေးနံ့သာပေါင်း​ကို​လည်းကောင်း​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အဝင်ဝ​၌ အဝင်ဝ​လိုက်ကာ​ကို​လည်းကောင်း​၊ 16မီးရှို့​ရာ​ယဇ်ပလ္လင်​၊ ထို​ယဇ်ပလ္လင်​အတွက် ကြေးနီ​မီးကျီးခံပြား​၊ ထို​ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​နှင့် တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ အင်တုံ​နှင့် အင်တုံ​၏​ခြေတိုင်​ကို​လည်းကောင်း​၊ 17တဲတော်ဝင်း​၏​အကာ​များ​၊ ထို​အကာ​များ​၏​တိုင်​များ​နှင့် တိုင်​များ​၏​အောက်ခံအစွပ်​များ​ကို​လည်းကောင်း​၊ ဝင်း​အဝင်ဝ​၏​လိုက်ကာ​ကို​လည်းကောင်း​၊ 18ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ငုတ်တိုင်​များ​နှင့် တဲတော်ဝင်း​ငုတ်တိုင်​များ​ကို​လည်းကောင်း​၊ ငုတ်တိုင်​များ​အတွက် ကြိုး​များ​ကို​လည်းကောင်း​၊ 19သန့်ရှင်းရာဌာန​တော်​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​သော​ရက်ထည်​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အာရုန်​အတွက်​သန့်ရှင်း​သော​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်ရွက်​မည့် သူ့​သား​တို့​အတွက် အဝတ်တန်ဆာ​များ​ကို​လည်းကောင်း​လုပ်​ကြ​စေ​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။
20အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည်​လည်း မောရှေ​၏​ရှေ့မှောက်​မှ​ထွက်သွား​ကြ​၍ 21စိတ်အားထက်သန်​သော​သူ​၊ စိတ်စေတနာ​ရှိ​သော​သူ​အပေါင်း​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့် ထို​တဲ​တော်​၏​အမှု​ရှိသမျှ​၌​အသုံးပြု​ရန်​အတွက်​၊ သန့်ရှင်း​သော​အဝတ်တန်ဆာ​အတွက် ထာဝရဘုရား​ထံ​အလှူပစ္စည်း​ကို ယူဆောင်​လာ​ကြ​၏​။ 22စေတနာစိတ်​ရှိ​သော ယောက်ျား​မိန်းမ​အပေါင်း​တို့​သည် ရင်ထိုး​၊ နားကွင်း​၊ လက်စွပ်​၊ ဆွဲကြိုး စသည့်​ရွှေ​တန်ဆာ​အမျိုးမျိုး​တို့​ကို​ယူဆောင်​လာ​ကြ​၏​။ လူ​တိုင်း ထာဝရဘုရား​ထံ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ရွှေ​ကို ချီလွှဲ​ကြ​၏​။ 23အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​၊ ပိတ်ချောထည်​၊ ဆိတ်မွေး​၊ အနီရောင်ဆိုး​ထား​သော​သိုးထီး​သားရေ​နှင့် တဟာရှ#35:23 သို့မဟုတ် “အကောင်းဆုံး”၊ “လင်းပိုင်ငါး”၊ “ဆိတ်”။ အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။​သားရေ​တို့​ရှိ​သော​သူ​တိုင်း ၎င်း​တို့​ကို​ယူဆောင်​လာ​ကြ​၏​။ 24ငွေ​နှင့်​ကြေးနီ​ဟူသော​အလှူပစ္စည်း​တို့​ကို ပေးလှူပူဇော်​နိုင်​သော​သူ​အပေါင်း​တို့​သည် ထို​အလှူပစ္စည်း​တို့​ကို ထာဝရဘုရား​ထံ ယူဆောင်​လာ​ကြ​၏​။ အကေရှား#35:24 “ထနောင်းမျိုး”။​သစ်သား​ရှိ​သော​သူ​အပေါင်း​တို့​သည်​လည်း ဆောင်ရွက်စရာ​အလုပ်​အမျိုးမျိုး​တို့​အတွက် ယူဆောင်​လာ​ကြ​၏​။ 25လက်မှုအတတ်​ကျွမ်းကျင်​သော​မိန်းမ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​လက်​ဖြင့်​ဗိုင်းငင်​ပြီးလျှင် အပြာရောင်​၊ ခရမ်းရောင်​၊ အနီရောင်​ချည်ခင်​တို့​ကို​လည်းကောင်း​၊ ပိတ်ချောထည်​ကို​လည်းကောင်း ယူဆောင်​လာ​ကြ​၏​။ 26စိတ်အားထက်သန်​သော​မိန်းမ​အပေါင်း​တို့​သည် ဆိတ်မွေး​ကို​ကျွမ်းကျင်​စွာ​ငင်​ကြ​၏​။ 27ခေါင်းဆောင်​ဖြစ်​သော​သူ​တို့​သည်​လည်း ဧဖုဒ်#35:27 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​နှင့်​ရင်ခံပြား​အတွက် မဟူရာကြောင်ဝင်​ကျောက်​များ​နှင့်​စီခြယ်စရာ​ကျောက်​များ​ကို​လည်းကောင်း​၊ 28မီးထွန်း​ရန်​အတွက်​၊ ဘိသိက်​ဆီ​နှင့် အမွှေးနံ့သာပေါင်း​ဖော်စပ်​ရန်​အတွက် အမွှေးနံ့သာ​နှင့်​ဆီ​ကို​လည်းကောင်း ယူဆောင်​လာ​ကြ​၏​။ 29မောရှေ​အားဖြင့် ထာဝရဘုရား​မိန့်မှာ​တော်မူ​သော လုပ်ဆောင်​ရ​မည့်​အလုပ်​အမျိုးမျိုး​အတွက် စိတ်စေတနာ​ရှိ​သော အစ္စရေး​အမျိုးသား​ယောက်ျား​မိန်းမ​အပေါင်း​တို့​သည် ထာဝရဘုရား​ထံ စေတနာ​အလျောက်​လှူ​သော​အလှူပစ္စည်း​ကို ယူဆောင်​လာ​ကြ​၏​။
ဗေဇလေလနှင့်အဟောလျဘ
30တစ်ဖန် မောရှေ​က အစ္စရေး​အမျိုးသား​တို့​အား “​ကြည့်​လော့​။ ထာဝရဘုရား​သည် ယုဒ​အမျိုးအနွယ်​မှ ဟုရ​၏​မြေး​၊ ဥရိ​၏​သား​ဗေဇလေလ​ကို အမည်​နှင့်တကွ​ခေါ်​တော်မူ​၏​။ 31သူ့​ကို ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဉာဏ်ပညာ​နှင့်​ပြည့်ဝ​စေ​၍ တီထွင်နိုင်စွမ်း​၊ သိမြင်နိုင်စွမ်း​ရှိ​စေ​၏​။ လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို တတ်မြောက်​စေ​၏​။ 32ထို့ကြောင့် သူ​သည် ရွှေ​၊ ငွေ​၊ ကြေးနီ​သွန်းလုပ်​ရာ​တွင်​လည်း အနုပညာလက်ရာ​မြောက်​စွာ သွန်းလုပ်​နိုင်​၏​။ 33ကျောက်​ကို​ထုဆစ်ပုံဖော်​ခြင်း​၊ သစ်သား​ကို​ထွင်းထုပုံဖော်​ခြင်း​စသော လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို​လည်း တတ်မြောက်​၏​။ 34ဗေဇလေလ​နှင့် ဒန်​အမျိုးအနွယ်​မှ အဟိသမတ်​၏​သား​အဟောလျဘ​တို့​အား သင်ကြား​ပေး​နိုင်​သည့်​စွမ်းရည်​ကို ပေး​တော်မူ​၏​။ 35သူ​တို့​အား ဉာဏ်ပညာ​နှင့်​ပြည့်ဝ​စေ​တော်မူ​သဖြင့် သူ​တို့​သည် လက်မှုအတတ်ပညာ​၊ ပုံဖော်ဖန်တီး​ခြင်း​အတတ်ပညာ​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်ချည် တို့​ဖြင့် ပိတ်ချောထည်​ပေါ်တွင် ပန်းထိုး​ခြင်း​အတတ်ပညာ​၊ အထည်​ရက်လုပ်​ခြင်း​အတတ်ပညာ​စသော အတတ်ပညာ​အမျိုးမျိုး​ကို တတ်ကျွမ်း​၏​။ သူ​တို့​သည် လက်မှုအတတ်ပညာ​အမျိုးမျိုး​လုပ်​တတ်​သော​သူ​၊ ပုံဖော်ဖန်တီး​တတ်​သော​သူ​ဖြစ်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 35: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။